ငါးသိုင်းချောင်း စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၌ ငဝန်မြစ်ရေသည် ၁၁၆၉ စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်သဖြင့် ငါးသိုင်းချောင်း နှင့်သာပေါင်းမြို့နယ်ဒေသများမှ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြရန် ထုတ်ပြန်ထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ် ၃၁ ရက် ထုတ်ပြန်သတင်းများအရသိရသည်။ ယခုအခါ ငဝန်မြစ်ရေသည် ဩဂုတ် ၃၁ ရက်၊ ညနေ ၃ နာရီခွဲအချိန် တိုင်းထွာချက်များအရ စင်တီမီတာ ၁၁၆၉ သို့ရောက်ရှိနေပြီဖြစ်သည်။
အဆိုပါမြစ်ကမ်းခြေဒေသများတွင်တည်ရှိနေသည့် ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၁၆၀ စင်တီ မီတာဖြစ်သည်။ ထို့ကြောင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ၉ စင်တီမီတာ အထိ ကျော်လွန်ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါငဝန်မြစ်ရေသည် နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ် အောက်သို့ ပြန်လည်ကျဆင်းလာနိုင်သည်ဟုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ပေးထားသည်။ သာပေါင်းမြို့တွင်မူ အဆိုပါငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ်အောက်တွင် နှစ်လက်မခန့်အထိ ရောက်ရှိနေပြီဖြစ်သည်။ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိလာနိုင်ကြောင်းဖြင့်လည်း ထုတ်ပြန်ပေးထားသည်။ ထိုကြောင့် အဆိုပါမြို့နယ်ဒေသများ၏ မြစ်ကမ်းအနီးဒေသများနှင့် မြေနိမ့်ပိုင်းနေရာဒေသများတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိသည်။
ရွှေဒုံသစ္စာ