ရန်ကုန် ဩဂုတ် ၃၁
တည်ဆဲဥပဒေအရ ဖမ်းဆီးရမိခဲ့သည့် အကောက်ခွန်မဲ့ပစ္စည်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ စျေးပြိုင် လေလံစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်သတင်းများအရ သိရသည်။
အဆိုပါ စျေးပြိုင်လေလံစနစ်ဖြင်ရောင်းချပေးသွားမည့်ပစ္စည်းများမှာ အကောက်ခွန်ဦးစီးဌာနက တည်ဆဲအကောက်ခွန်ဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားသည့် လက်ကိုင်ဖုန်းမျိုးမျိုး၊ စက်မှုကုန်ကြမ်း (ဘေထုပ်)၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့်လျှပ်စစ်ပစ္စည်းများဖြစ်သည်။
အဆိုပါပစ္စည်းများကို ပုဂ္ဂလိကသို့စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပေးသွားမည်ဖြစ်သဖြင့်မည်သူမဆိုလာရောက်ယှဉ်ပြိုင်ဝယ်ယူနိုင်သည်ဟုဆိုသည်။ အဆိုပါပစ္စည်းများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးဌာနခွဲ၊ အကောက်ခွန်(ကုန်လှောင်ရုံ)၊ အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ကွန်ကရစ်ကမ်းနားလမ်း ရန်ကုန်တိုင်းဒေသကြီးတွင် စျေးပြိုင်စနစ် ဖြင့် လေလံတင်ရောင်းချပေးသွားမည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါပစ္စည်းများကို ဝယ်ယူလိုသူများအနေဖြင့်လေလံစည်းကမ်းချက်များနှင့်လေလံပစ္စည်းစာရင်းများကို စက်တင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိတစ်စုံလျှင်ငွေကျပ်ငါးထောင်ကျပ်နှုန်းဖြင့်ဝယ်ယူတင်သွင်းနိုင်မည်ဖြစ်သည်။ လေလံပုံစံဝယ်ယူပြီးသူများကို အဆိုပါ စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပေးမည့်ပစ္စည်းများကို စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း နံနက် ၁၀ နာရီမှညနေ(၄)နာရီအထိ(၂)ရက်ပြသပေးသွားမည် ဖြစ်သည်။ အသေးစိတ်အချက်အလက်သိရှိလိုသူများသည်ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးဌာနခွဲ၊ အကောက်ခွန်(ကုန်လှောင်ရုံ)အလုံမြို့နယ်၊ စောရန်ပိုင်အနောက် ရပ်ကွက်၊ ကွန်ကရစ်ကမ်းနားလမ်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်းဝ၉-၅၀၆၄၃၅၆နှင့်ဝ၉-၄၅၆၉၈၈၄၄၈သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေဆက်သွယ်စုံစမ်းနိုင်သည်ဟုဆိုသည်။
အကောက်ခွန်ဦးစီးဋ္ဌာနအနေနှင့်သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောက်ခွန်မဲ့ပစ္စည်း များအားရေဆိပ်၊ လေဆိပ်နှင့်အခြားသောသတ်မှတ်နေရာများတွင် စစ်ဆေးဆောင်ရွက်လျှက်ရှိရာ ယခုဩဂုတ်လအတွင်း၊ ဩဂုတ် ၇ ရက်နေ့က လားရှိုးဘက်မှမန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ဟီးနိုး(၁၂)ဘီးမော်တော်ယာဉ်အားပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်းနှင့်X-Ray စက်ဖြတ်သန်းမည့် နေရာတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ရာ အကောက်ခွန်ပေး ဆောင်ထားခြင်း မရှိသည့်ကာလ တန်ဖိုးငွေကျပ် (၂၃၀၄ဒသမ၆၆)သိန်းတန်ဖိုးရှိစမတ်လက်ကိုင်ဖုန်းအမျိုး အစား ၁၀ မျိုးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရွှေဒုံသစ္စာ