ရန်ကုန် ဩဂုတ် ၃၁
ရာသီဥတုပြောင်းလဲမှုနှင့် ရေအသုံးချမှု စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်သည့် ဒုတိယအကြိမ် အကြိုညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၃၁ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးမောင်မောင်စိုးက အဖွင့်အမှာစကားပြောကြားရာ၌ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်သည် နောင်အနာဂတ်တွင် ရေချိုရှားပါး လာမည်ဖြစ်သည့်အတွက် မည်သို့ခွဲဝေအသုံးချသွားမည်ကို ဆောင်ရွက်သွားရန်ပင်ဖြစ်ကြောင်း၊ ရေတွင် ရေရရှိမှုနှင့် ဖြန့်ဝေမှုဟူ၍ အပိုင်းများရှိပြီး ရေလိုအပ်မှုတွင် မြေအောက်ရေ၊ မြစ်၊ ချောင်း၊ အင်းအိုင်နှင့် ရေစုကန် များမှ ရေကို မည်သည့်အတိုင်းအတာအထိ အသုံးပြုသွားနိုင်မည်ကို လေ့လာသိရှိသွားနိုင်ရန် လိုအပ်သည့်အပြင် မည်သည့်အတိုင်းအတာအထိ အသုံးပြုသွားနိုင်မည်ကို သိရှိနိုင်ရန်လိုကြောင်း၊ ထို့အပြင် ရေရရှိရန်အတွက် မည်သို့ဆောင်ရွက်မည်ကို သိရှိနိုင်ရန်လိုအပ်သည့်အပြင် ဖြန့်ဝေမှုတွင်လည်း စီမံခန့်ခွဲမှုဖြင့် လုပ်ဆောင်သွား နိုင်ရန်လိုကြောင်း၊ ယခုအခါ လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ပြီး ရန်ကုန်မြို့၏ အနာဂတ်အတွက် ဆောင်ရွက်ထားခြင်းဖြစ်သည့်အတွက် လုပ်ငန်းဌာနများအားလုံးက ဝိုင်းဝန်းပံ့ပိုးသွားရန်လိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက အစည်းအဝေး ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် စိုက်ပျိုးရေးတက္ကသိုလ် (ရေဆင်း) ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့တို့မှ ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းများ အလိုက် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့်ဖြစ်စဉ်နှင့် သက်ရောက်မှုများကို ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း-ကျော်စိုး၊ ဓာတ်ပုံ-ရွှေဝင်း