နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆင်စခန်းများ ယာယီပိတ်ထားသော်လည်း ဆင်များအတွက် အစာရေစာများ ကျွေးမွေးလှူဒါန်းလိုပါက သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေး

ရန်ကုန်၊  ဩဂုတ်  ၃၁


ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းတွင် ဆင်စခန်းများကို ယာယီပိတ်ထားသော်လည်း ဆင်များအတွက် အစာရေစာများ လာရောက် ကျွေးမွေးလှူဒါန်းလိုပါက သက်ဆိုင်ရာ ဆင်စခန်းများမှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းရှိ ဆင်စခန်းများကို ယာယီပိတ်ထားသည်မှာ ကာလကြာမြင့်လာပြီး ခရီးသွားဧည့်သည်များ မလာရောက်နိုင်ခြင်းကြောင့် ဆင်စခန်းများမှ ဆင်များအတွက် အစာရေစာများ လိုအပ်လာကြောင်း သိရသည်။

ထိုသို့ ဆင်စခန်းများမှ ဆင်များအတွက် အစာရေစာများလိုအပ်လာမှုကို ဖြည့်ဆည်းပေးနိုင်စေရန် ယခုအခါ အလှူရှင်များအား ဖိတ်ခေါ်ထားပြီး လက်ရှိတွင် ဆင်စခန်းများအား ယာယီပိတ်ထားသော်လည်း အလှူရှင်များအနေဖြင့် လာရောက်ကျွေးမွေးလှူဒါန်းနိုင်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် ဆင်စခန်းပေါင်း ၂၀ ခန့်ရှိပြီး ယခုအခါ အဆိုပါဆင်စခန်းများမှ ဆင်များအား နီးစပ်ရာတောများထဲတွင် သဘာဝအတိုင်း လွှတ်ကျောင်းရင်း အစာကျွေးခြင်း၊ ဖြည့်စွက်စာများ အဖြစ် ဆန်ကွဲနှင့်ဖွဲများ ကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အလှူရှင်များအနေနှင့်လည်း ကြံ၊ ပြောင်း၊ ဖရဲသီးနှင့် အခြားအသီးအနှံများ လာရောက်ကျွေးမွေး လှူဒါန်းနိုင်သလို အလှူငွေများလည်း လှူဒါန်းနိုင်ကြောင်း သိရသည်။

ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ်ထိန်းချုပ်နိုင်မှု အခြေအနေအပေါ် မူတည်ကာ နိုင်ငံတစ်ဝန်းရှိ ဆင်စခန်းများအား ပြန်လည်ဖွင့်လှစ်သွားရန် စီစဉ်ထားပြီး ထိုသို့ ပြန်လည်ဖွင့်လှစ်ပါက ပြည်သူများသိရှိနိုင်စေရန် သက်ဆိုင်ရာမှ ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ 


ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ