စဉ့်ကိုင် ဩဂုတ် ၃၁
စဉ့်ကိုင်မြို့နယ်၊ ဘဲလင်းကျေးရွာတွင်ဒေသခံမိသားစုများအနေနှင့် မြန်မာ့ရိုးရာကြာချည်ထုတ်လုပ်ခြင်းလုပ်ငန်းကို ရှေးယခင်ကတည်းက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်နေကြခြင်းဖြစ်သည်။ အဆိုပါကြာချည်ထုတ်လုပ်သည့်လုပ်ငန်းသည် မိသားစုအားလုံးအတွက် အိုးမကွာ၊ အိမ်မကွာလုပ်ကိုင်ဆောင်ရွက်နိုင်သည့်အပြင် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေတွက်ခြေကိုက်မှုရှိနေသဖြင့်ကြာချည်ထုတ်လုပ်ခြင်း၊ ကြာရိုးများခူးဆွတ်ခြင်း၊ ကြာရိုးအဝယ်ဒိုင်လုပ်ငန်းလုပ်ကိုင်ခြင်းစသည့်လုပ်ငန်းများကို ရှေးယခင်ကတည်းကပင် ယခုကာလအထိတစ်ရွာလုံးလိုလို လုပ်ကိုင်ဆောင်ရွက်နေကြခြင်းဖြစ်သည်။
အမျိုးသမီးများက နေအိမ်တွင် အိမ်မှုကိစ္စလုပ်ငန်းများကို လုပ်ကိုင်ရင်း အိုးမကွာ၊ အိမ်မကွာဖြင့်လုပ်ကိုင်ဆောင် ရွက်နိုင်သဖြင့် ကျေးရွာအတွင်းရှိ အိမ်ရှင်မတိုင်းလိုလို လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါ မြန်မာ့ရိုးရာကြာချဉ်ထုတ်လုပ်ရန် ကြာရိုးများကိုလည်း ရွာဦးထိပ်ရှိကြာကန်(စွန်ရဲအင်း)အတွင်းမှရရှိနေသဖြင့် အမျိုးသားများက ကြာရိုးခူးဆွတ်ရင်း ငါးပုစွန်ဖမ်းယူသည့်လုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်ကာ နေ့စဉ် လုပ်အားခဝင်ငွေများ ရရှိနေကြသည်။
ထို့အပြင် ငွေကြေးအင်အားရှိသူများကလည်း ကြာရိုးအဝယ် ဒိုင်များဖွင့်လှစ်ကာ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်ဆောင်ရွက်ကြသည်။ ဒေသတွင်း ဈေးကွက်များ တွင် ကြာချည်တစ်ကျပ်သားလျှင် ငွေကျပ် ၂၅၀ဝ မှ ၂၇၀ဝ ကျပ်အထိ ပေါက်ဈေးရှိနေသည်။ အိမ်ရှင်မ တစ်ဦးလျှင် တစ်နေ့ကြာချည်သုံးကျပ်သားအထိ ထုတ်လုပ်နိုင်ပြီး မိသားစုအလိုက်လုပ်ကိုင်နေသူများမှာ တစ်နေ့လျှင် ကြာချည် ၈ ကျပ်သားအထိ ထုတ်လုပ်နိုင်ကြသည်။ ထို့ကြောင့် အမျိုးသမီးတစ်ဦးလျှင် တစ်နေ့ ငွေကျပ် ရှစ်ထောင်၊ မိသားစုတစ်စုလျှင် ငွေကျပ်နှစ်သောင်းကျော် လုပ်အားခဝင်ငွေရရှိကာ အဆင်ပြေတွက်ခြေ ကိုက်နေကြသည်။ ရွာဦးထိပ်ရှိ ကြာကန်(စွန်ရဲအင်း)မှ နွေရာသီတွင် ကြာရိုးထွက်ရှိမှု လျော့နည်းလာပြီး တစ်နှစ်ပတ်လုံး ဆွတ်ခူးရရှိနေသဖြင့် တစ်နှစ်ပတ်လုံးလုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။
ကိုသစ္စာလှိုင်