နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါခေါင်ပြုမြဲ စာရေးတံပွဲ

ဩဂုတ်  ၃၁


"ဝါဆိုဝါခေါင် ရေဖောင်ဖောင်" ဆိုစကားနှင့်အညီ ဝါခေါင်လသည် မိုးဖြိုင်ဖြိုင်ကျသောလဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များတွင် ကမ်းလုံးပြည့်မျှ ရေတိုးသောအချိန်ဖြစ်သည်။ လယ်ယာလုပ်ငန်းခွင်၌ ကောက်စိုက် ကြပြီဖြစ်သည်။ လယ်မြေအနှံ့တွင် စိမ်းသန့်သော ကောက်ပင်ပျိုများကို စိုစိုလန်းလန်း မြင်တွေ့နိုင်သည်။ မြန်မာ့မြေတွင် မြေကမ္ဗလာခင်းလေပြီ။

ဝါခေါင်လ၌ စာရေးတံအလှူပွဲပြုလုပ်ကြသည်။ စာရေးတံအလှူဆိုသည်မှာ တုတ်တံတွင် စာရေးထားပြီး ယင်းကို မဲချသည်။ ကျရာစာရေးတံကိုရယူ၍ စာရေးတံတွင်  အပြည့်ရေးသားထားသည့် ရဟန်းတော်အား လှူရသောအလှူဖြစ်သည်။ အလှူမှာ ဆွမ်း၊ ယာဂု စသည်တို့ကို ကပ်လှူရခြင်းဖြစ်သည်။

မြန်မာတို့သည် စာရေးတံပွဲကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။ ဓမ္မာရုံတွင် လူအများစုဝေး၍ မဲနှိုက်ကြသည်။ မိမိတို့ကြည်ညိုသည့် ရဟန်းတော်ကို မဲပေါက်စေဟု မျှော်မှန်းကာ မဲနှိုက်သည်။ မျှော်မှန်းသလိုဖြစ်လျှင် ပျော်ရသည်။ လွဲချော်သွားလျှင်လည်း ရယ်မောပျော်ရွှင်စွာနှင့် မဲကျရာ ရဟန်းသံဃာကို ပင့်ဆောင်ကာ ဆွမ်းကပ်လှူကြသည်။

စာရေးတံဆွမ်းအလှူနှင့်စပ်လျဉ်း၍ ဦးပုည၏ "သူအိုမကြီးဝတ္ထု"ကို သတိရစရာဖြစ်သည်။ ဝတ္ထုတွင် သူဆင်းရဲအဘွားအိုသည် ရှင်သာရိပုတ္တရာကို မဲကျသည်။ သာဝတ္ထိပြည်ရှိ သူဌေးသူကြွယ်များက ရှင်သာရိပုတ္တရာ ကိုယ်တော်ကို သူတို့အားပေးပါ။ အဘွားအိုအတွက် ရွှေလိုချင်ရင် ရွှေ၊  ငွေလိုချင် ငွေ ကျေနပ်အောင်ပေးပါမည် ဟု ပြောကြသည်။ ထိုအခါ အဘွားအိုက စိတ်ကြီးဝင်လျက် ရွှေမလို၊ ငွေမလို၊ ဘယ်သူဌေးကိုမျှလည်း ဂရုမစိုက်၊ ရှင်သာရိပုတ္တရာကိုယ်တော်ကို မိမိကိုယ်တိုင်သာ လုပ်ကျွေးပြုစုမည်ဟု ရန်တွေ့သံနှင့် ပြန်လည်ပြောဆိုခဲ့သည်။

"အဘွားအိုဇာတာ ရှစ်ဆယ်ကျော်မှ ကံပေါ်၍ လာမင့်ကို ပဇာနုန်နဲ့ ဘယ်သူ့ကိုငဲ့ရမည်။ မငဲ့ပါဘူး။ အနာထပိဏ်သော မောင်ပိဏ်သော၊ ဝိသာခါသော၊ မယ်ခါသော၊ နောဇာနာမိတို့ မသိပါဘူး။ မဏိဓန မြပုလဲစင် ကျောက်မျက်ရှင်တို့သည် ငါ့သခင်စက်တော်အောက်က မြူလောက်မျှကြေးမထိုက်၊ တို့မကြိုက်၊ တို့မလို၊ ငါ့သခင် ဖုန်းမိုကို၊ ကြည်ညိုစွာ ငါလုပ်ကျွေးမည်။ မပေးဘူး မယောင်နှင့်"ဟူသော ရန်တွေ့သံသည် စာရေးတံအလှူပွဲ၏ စိတ်ထက်သန်ပုံကို ထင်ဟပ်နေပေသည်။ ထို့ကြောင့် အလှူသည် ပျော်စရာကောင်းသည်နှင့်အမျှ သဒ္ဓါတရား ထက်သန်သလောက် အကျိုးကျေးဇူးလည်း ပိုမိုကြီးမြတ်ပေသည်။

"ရာသီ သိန်ငယ်

နေမိန္ဓရ၊ ဝါခေါင်လမို့

တောင်မျာ့ထွက်စွန်၊ သရဝဏ်လဲ

ရောင်ဝှန်တေဇာ၊ ပန်းခတ္တာနှင့်

ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့

လှူစာရေးတံ၊ သဘင်စုံခံဆဲမို့"ဟု မဟာအတုလမင်းကြီး၏ လွမ်းချင်းတွင် ထည့်သွင်းစပ်ဆိုထားသည်ကို တွေ့ရသည်။ 

ဝါခေါင်လသည် သိန်ရာသီဖြစ်သည်။ သိန်ရာသီသည် ပါဠိလို သီတာရာသီဖြစ်၍ ကောင်းကင်တွင် ကြယ် အချို့ကို ခြင်္သေ့ရုပ်အသွင်ဖြင့် တွေ့မြင်နိုင်သည်။ ထို့ကြောင့် သီဟရာသီ၊ သိန်ရာသီဟု ခေါ်ခြင်းဖြစ်သည်။ ထို့ပြင် တောင်တို့၏ အထွတ်အဖျားဖြစ်သော နေမိန္ဓရတောင်တွင် သရဝဏ်နက္ခတ် ထွန်းလင်းသည်။ ဝါခေါင်၏ ရာသီပန်းအဖြစ် ခတ္တာပန်းများပွင့်ကြသည်။

ဝါခေါင်လသည် မိုးများသောလဖြစ်၍ မြန်မာ့ကျေးလက်ဒေသရှုမျှော်ခင်းသည် တစ်မျိုးတစ်ဖုံ လွမ်းစရာ ကောင်းသည်။ "သပြေကသီး၊ ရေကကြီး၊ ထန်းသီးကကြွေ၊ မိုးကစွေ" ဆိုသည့်အတိုင်း ရေများပြည့်လျှံ၍ လယ်မြေတစ်ခွင်၌လည်း ရေပြင်အတိဖြစ်နေသည်။ တစိမ့်စိမ့်နှင့်စွေနေသောမိုးကြောင့် အအေးဓာတ်က ဝင်ရောက်လာသည်။ နွေမှာ မြူငွေ့ဖြင့် ရီဝေအုပ်ဆိုင်း၍ လွမ်းစရာကောင်းသလို မိုးမှာ မိုးစက်ဖြင့် မှုန်မှိုင်း၍ လွမ်းစရာကောင်းပြန်သည်။

သဘာဝပတ်ဝန်းကျင်အခြေအနေသည် လူ့စိတ်ကို အမျိုးမျိုးပြုပြင်သည်။ ရုပ်ကိုလည်း ပြုပြင်သည်။ စိတ်ကိုလည်း ပြုပြင်သည်။ ရုပ်ပတ်ဝန်းကျင်၏ အခြေအနေကိုလိုက်၍ လူသည် ကြည်နူးတတ်၊ လွမ်းတတ်သည်။ ယင်းသည် လူ၏အဆင့်မြင့်သော ခံစားတတ်မှုသဘောပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျေးလက်မှ ကောက်စိုက်သမလေးများမှာမူ လွမ်းဆွေးနေရန် အချိန်မရ။ ကောက်စိုက် လုပ်ငန်းခွင် ဝင်နေကြရသည်။ မိုးထဲရေထဲတွင် တစ်နေကုန် တစ်နေခန်း ပင်ပန်းကြီးစွာ လုပ်ကိုင်နေရသည်။ သို့သော် သူတို့သည်ပင် ပန်းသည်ဟု မညည်းမညူ။ အိမ်အပြန်တွင် ပျော်ရွှင်စွာပင် ပန်းပန်၍ ပြန်လာကြသည်။ အဖိုးတန်ပန်းများမဟုတ်ပါ။ တောသဘာဝ ရာသီအလိုက်ပွင့်တတ်သည့် ခတ္တာပန်းကလေးများသာဖြစ်ပါသည်။ ခတ္တာပန်းကို နှစ်ဆင့်ထပ်၍ ပန်ထားသည်။ ယင်းပုံသွင်ကို စာဆိုဦးကြီးက သူ၏ "ယဉ်ပေ့တောသူ" လွမ်းချင်းတွင် အောက်ပါအတိုင်း ဖွဲ့သည်။

"လေပြည်ငယ် သုတ်ပါလို့

ရွှေဘုတ်ကယ် အိုးအီ

အုံ့မှိုင်းငယ်ရီ

နေမီအောင် တခိုလှမ်းခဲ့ရ

ကောက်ငန်းက သူပြန်ပုံမှာ

ခတ္တာငုံပန်းနှစ်ဆင့်ငယ်နှင့်

လှမ်းဝင့်လို့ရွာကိုဝင်

အမြင်ဆန်းပါဘိတယ်လေး"

အလုပ်လုပ်သော ကောက်စိုက်သမလေး၏ အလှကို ရေးဖွဲ့ထားခြင်းဖြစ်သည်။

"လှမ်းဝင့်လို့ ရွာကိုဝင် အမြင်ဆန်းပါဘိတယ်လေး"ဟူ၍ ရိုးစင်းသော  ကောက်စိုက်သမတစ်ဦး၏အသွင်ကို အဆန်းတကြယ်ဖြစ်အောင် မြင်ပြထားသည်။

မှန်သည်။ ကြင်တတ်မှရသည်ဆိုသကဲ့သို့ မြင်တတ်မှလှသည်။ ဝါခေါင်၏ အလှသည် ဘာသာရေးရှုထောင့် မှကြည့်လျှင် စာရေးတံအလှူပွဲဖြင့် လှပနေသည်။ ထို့အတူပင် လူမှုလုပ်ငန်းခွင်ဘက်မှကြည့်ပြန်လျှင် ကောက်ပင်စိမ်းလဲ့ ယိမ်းနွဲ့နွဲ့တို့ကြားမှ "ခတ္တာငုံ ပန်းနှစ်ဆင့်နှင့်" တင့်တယ်သော ကောက်စိုက်သမလေးတို့ ကြောင့် တစ်မျိုးလှနေပြန်တော့သည်။

လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအလှနှင့် ပြည်စုံသော "ဝါခေါင်လ" ပါတကား . . . . . ။


မောင်လွမ်းရည်(ရွှေတောင်)






အခြားဆက်စပ်သတင်းများ