ဩဂုတ် ၃၁
အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့သည့် Western & Southern Open အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ်က ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဂျိုကိုဗစ်သည် ဒဏ်ရာကြောင့် ယင်းပြိုင်ပွဲ အမျိုးသားနှစ်ယောက်တွဲပွဲစဉ်မှ နုတ်ထွက်ခဲ့ပြီး အချိန်ကာလ တစ်ခုအထိ အနားယူရမည်ဟု ပြောကြားခဲ့သော်လည်း တစ်ဦးချင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် ဗိုလ်လုပွဲစဉ်တွင် မိုင်လိုရာအိုနစ်နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၆၊ ၆-၄၊ ၆-၃) ရလဒ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
ဂျိုကိုဗစ်က “ချန်ပီယံဖြစ်ခဲ့ပေမယ့် ကျွန်တော့်အတွက် ခက်ခဲတဲ့ပွဲစဉ်ပါ။ ကြံ့ခိုင်မှုပိုင်းလည်း ရာနှုန်းပြည့် မကောင်းသေးတဲ့အတွက် ရုန်းကန်ခဲ့ရပါတယ်။ အဓိက ကတော့ ကြံ့ခိုင်မှုမပြည့်ဝတဲ့အတွက် စိတ်သွားတိုင်း ကိုယ်မပါခဲ့ပါဘူး။ နောက်ပြီး မိုင်လိုရာအိုနစ်နဲ့ ကစားတိုင်း အမြဲတမ်းအခက်တွေ့ခဲ့ရပါတယ်။ ပထမပွဲငယ်မှာ ဘာမှတုံ့ပြန်နိုင်ခြင်းမရှိခဲ့ပါဘူး။ အမှားတွေလည်း များခဲ့ပါတယ်။ ခက်ခဲစွာကစားခဲ့ပြီး အနိုင်ရရှိခဲ့လို့ ဝမ်းသာဂုဏ်ယူမိပါတယ်”ဟု ပြောကြားခဲ့သည်။
(သူရိန်)