နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငှက်ပျောသီးနှင့် ကျန်းမာရေးအဖြာဖြာ

ဩဂုတ်  ၃၀


၁၂ ရာသီပတ်လုံးဖောဖောသီသီရရှိနိုင်သော အသီးအမျိုးအစားများထဲတွင် Musa မျိုးရင်းဝင် ငှက်ပျောသီး တစ်ခုလည်းအပါအဝင်ဖြစ်သည်။ ငှက်ပျောသီး၏အားသာချက်မှာ အခြားသောသစ်သီးများနှင့်ယှဉ်ကြည့်ပါ လျှင် ကရိကထမများဘဲ၊ အလွယ်တကူအခွံနွှာ၍ စားသုံးနိုင်ပြီး၊ ရေခဲသေတ္တာထဲတွင် အထူးတလည်သိမ်းဆည်းထားစရန်မလိုအပ်ပါ။ အချို့နိုင်ငံများတွင် ငှက်ပျောပင်များကို အစားအစာအာဟာရအတွက်သာမက၊ အထည်အလိပ်အမျှင်ကုန်ကြမ်းရရှိရန်အတွက်ပါ စိုက်ပျိုးလျက်ရှိကြသည်။ ရာဇဝင်သမိုင်းကြောင်းကိုလေ့လာကြည့်ရာ၌ ငှက်ပျောပင်များသည် ပစိဖိတ်နှင့်အရှေ့တောင်အာရှနိုင်ငံများတွင် စတင်ပေါက်ရောက် ခဲ့သော်လည်း၊ ၄င်းတို့သည် အစေ့များလွန်း၍ စားသုံးရန်မသင့် ငှက်ပျောရိုင်းများသာဖြစ်သည်။ 2000 B.C မှသာ မလေးရှားနိုင်ငံတွင် စား၍ရသည့် ငှက်ပျောသီးမျိုးများ စတင်ပေါက်ရောက်ခဲ့ကြသည်။ 327 B.C ၀န်းကျင်လောက်တွင် Alexander ဆိုသူသည် အိန္ဒိယမှငှက်ပျောသီးများကို အနောက်ဘက်ကမ္ဘာသို့ ကုန်သွယ်ဖောက်ကားခဲ့ရာမှစ၍ ငှက်ပျောသီးကို ကမ္ဘာသုံးသီးနှံ အစားအစာအဖြစ် စားသုံးလာခဲ့ကြသည်။

မြန်မာပြည်တွင် နံ့သာပု၊၀က်မလွတ်၊ဌက်ပျောချဉ်၊ သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်ငှက်ပျော၊ ဆင်အန်၊   ရွှေငှက်ပျောသီးစသည်ဖြင့်ရှိကြပြီး၊ မည်သည့်ငှက်ပျောသီးမျိုးမဆို ကျန်းမာရေးအာဟာရအတွက် စားသုံး ပေးသင့်၏။ “ငှက်ပျောသီးတစ်နေ့တစ်လုံးစား ဒေါက်တာတွေနဲ့ဝေးဝေးသွား” ဟူသော ဆိုရိုးစကားရှိပါသည်။      ကျန်းမာရေးအတွက် ငှက်ပျောသီးမှည့်ကို အနည်းဆုံးတစ်ပတ်မှာ နှစ်လုံး၊ သုံးလုံးစားပေးသင့်သည်။ အထူးသဖြင့် ကလေးအရွယ် ၅ နှစ်ကနေ ၂၅ နှစ် အထိ ငှက်ပျောသီးမှည့်ပုံမှန်စားသူနှင့် မစားသူများတွင်  ကျန်းမာရေးအများကြီး ကွာဟလျက်ရှိသည်။ အသက် ၁၀ နှစ်မှ ၂၄ နှစ်အကြား ယောကျ်ားလေးများ ငှက်ပျောသီးမှည့် ပုံမှန်စားပေးခြင်းဖြင့် ကျားအင်္ဂါဖွံ့ ဖြိုးပြီး မျိုးအောင်စေနိုင်သည်။ ငှက်ပျောသီးနှင့်ပန်းသီးတို့ကို ကျန်းမာရေးရှုထောင့်မှ နှိုင်းယှဉ်ကြည့်ရာတွင် ငှက်ပျောသီးထဲတွင်ပါရှိသော ကစီဓာတ်က၂ဆ၊ ဗိုက်တာမင် A နှင့်သံဓာတ်က၅ဆ၊ဖော့စဖရက်က၃ဆပိုများသဖြင့် ငှက်ပျောသီးကအားသာချက်ပိုမိုသည်။

တူရကီနိုင်ငံတွင် စမ်းသပ်ချက်များအရ၊ ချောကလက်ကဲ့သို့ပင် ငှက်ပျောသီးထဲတွင် norepinephrine နှင့် serotonin ပါရှိသည့်အတွက် စိတ်ကိုသက်တောင့်သက်သာ ဖြစ်စေကြောင်း၊ ဗိုက်တာမင် B ဓာတ်ပါရှိသည့်အတွက်ကြောင့် နဗ်ကြောအဖွဲ့အစည်းများကို ဖြေလျှော့ပေးကာစိတ်ကိုငြိမ် စေကြောင်း၊     နှစ်ခြိုက်စွာအိပ်ပျော်စေကြောင်း၊ သဘာဝစိတ်အင်အားကို မြှင့်တင်နိုင်သောသတ္တုဓာတ် (Tryptophan) အစွမ်းကြောင့် စိတ်ကိုသက်သာကောင်းမွန်လာစေပြီး ပျော်ရွှင်လာအောင်လုပ်ပေးကြောင်း၊ Sucros, fructose နှင့် glucose ဟူသော သကြားဓာတ်(၃)မျိုးတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် ငှက်ပျောသီးကိုမျောက်သတ္တဝါ များ စားလေ့ရှိသောကြောင့် အမြဲတမ်းပေါ့ပါးတက်ကြွကြောင်းစသည်ဖြင့် ဆေးပညာမှတ်တမ်းများတွင် ဖော်ပြထားသည်။

အင်္ဂလန်နိုင်ငံရှိ Twickenham (Middlesex) school တွင် စာသင်နှစ်တစ်နှစ်ပတ်လုံး ကျောင်းသား/ကျောင်းသူအယောက် ၂၀၀ ကို  နံနက်နှင့် နေ့လယ်စာအဟာရအဖြစ် ပိုတက်စီယမ်ကြွယ်ဝသော ငှက်ပျောသီး ကို ကျွေးမွေးစားသုံးစေခဲ့ရာ၊ အာရုံကြောအဖွဲ့အစည်းနှင့်သက်ဆိုင်သော ဆဲလ်များကိုကောင်းစွာ တည်ဆောက်စေ၍ အောက်စီဂျင်ကို ဦးနှောက်သို့ပို့ပေးခြင်းကြောင့် ညဏ်ပွင့်လန်းကာ၊ မှတ်ဉာဏ်စွမ်းအားတိုးတက်မြင့်မားလာသဖြင့်  အောင်ချက်ရာခိုင်နှုန်းသိသိသာသာကောင်းခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

ငှက်ပျောသီးနှင့် သစ်တော်သီးတို့ကိုတွဲစားပေးခြင်းဖြင့် သွေးအတွင်း သကြားပါ၀င်နှုန်းကို ပုံမှန် လည်ပတ်စေနိုင်သည်။

ငှက်ပျောသီးဖျော်ရည်ကို နာနတ်သီး၊ နွားနို့တို့ဖြင့် တွဲသောက်ပါက ၀မ်းချုပ်ခြင်းကို တားဆီးပေးသည့့်အပြင် ဗီတာမင်နှင့်  အာဟာရဓာတ်များကြွယ်ဝစွာပါ၀င်သည့်အတွက် အသားအရေ အလှအပကိုကောင်းစွာ ပံ့ပိုးပေးသည်။

ထမင်းစားပြီးတိုင်း ငှက်ပျောသီးကို အချိုပွဲအဖြစ်စားပေးခြင်းသည် ပျို့အန်ခြင်းကို တားဆီးပေးနိုင် သည်။

ထမင်းစားရင်း ငါးအရိုးစူးသောအခါများတွင် ငှက်ပျောသီးကို မဝါးဘဲမျိုချပေးပါက၊ ထိုငှက်ပျောသီး နှင့်အတူ အရိုးပါသွားစေနိုင်သည်။

ဗီတာမင် B6၊ ဗီတာမင် B12၊ ထို့ပြင် ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ပါ၀င်သဖြင့် ဆေးလိပ်သောက်၍ နီကိုတင်းကြောင့် ခန္ဓာကိုယ်တွင်းဇီဝဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ ငှက်ပျောသီးသည် ဆေးလိပ်သောက်ချင်စိတ်ကို ပြေလျော့စေသည့်အတွက်ကြောင့် ဆေးလိပ်ဖြတ်လိုသူများကို အထောက်    အကူပြုစေသည်။

ခြင်ကိုက်၍ ယားယံခြင်း၊ အဖုအပိန့်ထွက်ခြင်းနှင့်ရောင်ရမ်းခြင်းများကို ငှက်ပျောသီးအခွံနှင့် ပွတ်ပေးပါက၊ ယူပစ်သလို သက်သာပျောက်ကင်းစေသည်။ 

အလတ်စားအရွယ်ရှိသော ငှက်ပျောသီးတစ်လုံးထဲတွင်  ပိုတက်စီယမ်ဓာတ် အနည်းဆုံး ၄၂၀ မီလီဂရမ်ပါရှိပြီး၊ ဆားဓာတ်ပါ၀င်မှု  အလွန်နည်းပါးသောကြောင့် ခန္ဓာကိုယ်ထဲရှိဆဲလ်များနှင့် သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေပြီး၊ သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေသဖြင့်သွေးတိုးနှင့် လေဖြတ်ခြင်းတို့ကို ကောင်းစွာကာကွယ်ပေးနိုင်ကြောင်း၊ ငှက်ပျောသီးကို ပုံမှန်စားသုံးခြင်းကြောင့် လေဖြတ် သေဆုံးခြင်းကို ၄၀% လျော့ပါးစေကြောင်း နယူးအင်္ဂလန်ဆေးပညာဂျာနယ်တွင် အကြံပြုထားသည်။

အစာကိုအလွယ်တကူခြေဖျက်စေနိုင်ပြီး၊ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားစေသည့်အတွက် ကလေးငယ် များနှင့် အလွန်လိုက်ဖက်သောသစ်သီးဖြစ်သည်။ ငှက်ပျောသီးနှင့်ဓာတ်မတည့်သော ကလေးသည်လည်း မရှိသလောက် အလွန်ရှားသည်။

ငှက်ပျောသီးကို ပုံမှန်စားပေးခြင်းဖြင့်ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်တတ်သည့်ဖျားနာခြင်းများကိုမဖြစ်ပေါ်စေနိုင်ပါ။

သံဓာတ်မြင့်မားစွာပါရှိခြင်းကြောင့်  သွေးထဲတွင် ဟေမိုဂလိုဘင်ထုတ်လုပ်ခြင်းကို နှိုးဆော်ပေး သည့်အတွက် ခန္ဓာကိုယ်အတွက် သံဓာတ်လိုအပ်မှုကိုဖြည့်တင်းပေးပြီး၊ သွေးအားနည်းရောဂါဖြစ်ခြင်းကိုကောင်းစွာကုသပေးနိုင်သည်။ ထို့ပြင် သွေးကိုအလျင်အမြန်ခဲစေသော အစွမ်းသတ္တိရှိခြင်းကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာပြတ်ရှခြင်းများအတွက် ငှက်ပျောသီးက သွေးထွက်မလွန်အောင် သွေးထိန်းပေးနိုင်သည်။

သွေးထဲရှိသကြားပမာဏကို ထိန်းပေးနိုင်သောကြောင့်၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ ထမင်းစားပြီးတိုင်း ငှက်ပျောသီးကိုပုံမှန်စားပေးခြင်းဖြင့် ကိုယ်အပူချိန်ကိုပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ် အတွက်လိုအပ်သော ဂလူးကို့စ်ပမာဏကို ပြန်လည်ဖြည့်တင်းပေးခြင်းစသည်ဖြင့် ကောင်းကျိုးများအပြင်၊ နံက်အိပ်ယာထ မူးဝေအော့အန်ခြင်းများကိုလည်း မဖြစ်လာစေနိုင်ပါ။ အအေးစာဖြစ်သည့်အလျောက်၊ မွေးဖွား လာသောကလေးငယ်များ အပူကင်းစေရန်အတွက် ထိုင်းနိုင်ငံတွင် ရိုးရာကုထုံးအဖြစ် မိခင်လောင်းများကို ငှက်ပျောသီးကျွေးလေ့ရှိသည်။

ဗီတာမင်နှင့်သတ္တုဓာတ်တို့ကြွယ်ဝသော ငှက်ပျောသီးကိုစားပေးခြင်းဖြင့် ခွန်အားဗလတိုးပွား စေသည်ကိုယုံမှားသံသယဖြစ်ဖွယ်မရှိပါ။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီးနောက် မောပန်းနွမ်းနယ် ခြင်းအတွက်လည်း ငှက်ပျောသီးက အမြန်ဆုံးအားပြန်ပြည့်စေ၏။

ငှက်ပျောသီးတွင်ပါရှိသော အမျှင်ဓာတ်က ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးပါသည်။

သံဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် hemoglobin စွမ်းဆောင်မှုကို ကောင်းကျိုးပြုပေးသဖြင့်၊ ငှက်ပျောသီးစာပေးခြင်းဖြင့် ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေသည်။ progesterone ဟိုမုန်းကိုမြှင့်တင်ပေးနိုင်သော ငှက်ပျောဖူးကို ဒိန်ခဲဖြင့်ကြော်စားခြင်းဖြင့် ရာသီလာစဉ်နာကျဉ်ခြင်းများနှင့် သွေးအဆင်းလွန်ခြင်းကို မဖြစ်ပေါ်စေနိုင်ပါ။

အရက်နာကျခြင်းအတွက် ဌက်ပျောသီး(၂)လုံးကို ဒိန်ချဉ်၊ ပျားရည်အနည်းငယ်တို့ဖြင့် ရောဖျော် သောက်ပေးခြင်းဖြင့် အစာအိမ်နာခြင်းနှင့် မူးဝေခြင်းတို့မရှိစေတော့ဘဲ၊ ခန္ဓာကိုယ်အတွက်ဗိုက်တာမင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။

အစာခြေဖျက်လွယ်သော pectin ဓာတ်ပါရှိခြင်းကြောင့်အစာအိမ်အတွင်းနံရံနှင့် အူများကို ကျန်းမာစေကာ၊အက်ဆစ်  အချဉ်ပေါက်ခြင်းလည်းမဖြစ်စေပါ။ ထို့ပြင် ဌက်ပျောသီးထဲရှိ ဓာတ်ပေါင်းစု များသည် probiotic ဗက်တီးရီးယားတို့ကို အာဟာရပြုပေးသည့်အတွက် အစာခြေစနစ်ကို တိုးတက် ကောင်းမွန်စေသည်။

နေအိမ်တွင် နှင်းဆီပန်းပင်စိုက်ပျိုးပါက၊ အပင်သန်စွမ်း၍ အပွင့်ကြီးကြီးပွင့်စေနိုင်ရန်အတွက် အပင်၏အောက်ခြေအမြစ်တွင် ငှက်ပျောခွံမြှပ်နှံကာ၊ မြေသြဇာအဖြစ်ကောင်းစွာအသုံးချနိုင်သည်။

အပူလောင်ပါက ငှက်ပျောသီးအနှစ်ကို အုံပေးပြီးအပေါ်မှ အဝတ်ပါးပါးအုပ်ထားခြင်းဖြင့် အပူလောင်ခြင်းနှင့်ရောင်ကိုင်းခြင်းတို့မှ သက်သာစေသည်။ ငှက်ပျောသီးသည် အေအေးစာဖြစ်သည့်အတွက်    ကိုယ်တွင်းအပူဓာတ်များသူများ စားသုံးပေးသင့်သည်။

ကြွက်တက်ခြင်းနှင့်ကြွက်သားများ တောင့်တင်းခြင်းအတွက် ဌက်ပျောသီးကပြေလျှော့ပေးနိုင် သည်။

၀မ်းကိုက်ရောဂါအတွက်၊ ငှက်ပျောသီးမှည့်မှည့်ကို ဆားအနည်းငယ်ဖြင့် သမအောင်ခြေ၍ စားသုံး ပေးသင့်သည်။

ငှက်ပျောသီးထဲတွင် ပရိုတင်းနှင့်ဆားပါ၀င်မှုအလွန်နည်းပါးပြီး၊ ကစီဓာတ်အမြောက်အမြား ပါ၀င်သောကြောင့် ကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ ကျောက်ကပ်ကို ကျန်းမာစေပြီး၊ ကင်ဆာ ဖြစ်နိုင်မှုအလာအလာအလွန်နည်းပါး၏။

ငှက်ပျောပင်အူတိုင်ကို ကျောက်ဖရုံသီးဖြင့် ဖျော်ရည်လုပ်သောက်ပါက ကျောက်ကပ်၊  ဆီးအိမ်၊ နှင့် အမျိုးသားများဆီးကျိတ်(သုက်ရည်ဂလင်း)တို့တွင် ကျောက်တည်ခြင်းမှ ကာကွယ်ပေးသည်။

ငှက်ပျောသီးထဲတွင် ပိုတက်စီယမ်နှင့်ဆိုဒီယမ်တို့ ဟန်ချက်ညီညီအချိုးကျနစွာ ပေါင်းစပ်              ဖွဲ့စည်းထားသောကြောင့် နှလုံးကျန်းမာရေးကို များစွာအထောက်အကူပြုသည်။

ငှက်ပျောသီးထဲတွင် electrolytes အမြောက်အမြားပါရှိခြင်းကြောင့်၊ ခန္ဓာကိုယ်ထဲတွင်ရေဓာတ်ဆုံးရှုံးခြင်းကို ကြိုတင်ကာကွယ်ထားနိုင်သည်။

ပိုတက်စီယမ်ပါရှိသည့်အတွက် အရိုးကိုအားကောင်းစေသည်။

အမျိုးသမီးများသည် ငှက်ပျောသီးကို တစ်ပတ်လျှင် ၄ ကြိမ်မှ ၆ ကြိမ်အထိ မှန်မှန်စားပေးပါက၊ ကျောက်ကပ်ကင်ဆာဖြစ်နိုင်မှုအလားအလာ ၅၀ ရာခိုင်နှုန်း ကျဆင်းစေနိုင်ကြောင်း  the Internal Journal of Cancer (ခေါ်) ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။

ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုသော သွေးဖြူဥဂလင်းထုပ်လုပ်ပေးနိုင်သည်။

ငှက်ပျောသီးကို တစ်လုံးတည်းသာစားသုံးရုံဖြင့် အဆာပြေတင်းတိမ်ရောင့်ရဲနိုင်သောကြောင့်    ကိုယ်အလေးချိန်လျော့ချလိုသူများအတွက် ငှက်ပျောသီးက အားထားလောက်ပါပေသည်။

ငှက်ပျောသီးတွင် သကြားဓာတ်ပါရှိသောကြောင့် အချိုအရသာကို အာသာပြင်းပြစားလိုသောအခါ များမှာ ငှက်ပျောသီးကိုအစားထိုးစားပေးခြင်းဖြင့် ကျန်းမာရေးအတွက်သင့်တော်သည်။

အီဂျစ်နှင့် ရောမနိုင်ငံများတွင် ရှေးယခင်ကတည်းက ငှက်ပျောသီးကို ရိုးရာအလှအပ ကုထုံးများတွင် အသုံးပြုလာခဲ့ကြသည်။ ငှက်ပျောသီးထဲတွင် အမိုင်နိုအက်ဆစ်ပါရှိခြင်းကြောင့် အသား အရေနှင့်ဆံကေသာလှပမှုတို့အတွက် များစွာကောင်းကျိုးပြုသည်။

ငှက်ပျောခွံကို ကြွက်နို့ပေါ်တင်ပြီး အပေါ်မှပလာစတာ (သို့မဟုတ်)ပတ်တီးဖြင့် စည်း နှောင် ဖုံးပေးပြီး ကြွက်နို့သတ်ပေးနိုင်သည်။ ငှက်ပျောခွံဖြင့် သွားတိုက်ပေးခြင်းဖြင့် ဝါသောသွားများကို သိသိ သာသာဖြူစင်လာစေသည်။

မှတ်ချက်။ 

(က) ငှက်ပျောသီစားခြင်းကြောင့် ဝမ်းမလျှောစေပါ။ (ခ)ဆီးချိုရောဂါသည်များ လျှော့စားသင့်ပြီး၊ ငှက်ပျောသီးကို grapefruit သီးဖြင့် တွဲဖက်၍စားသင့်သည်။ (ဂ) အချို့ကလေးငယ်များသည်၊ မွေးရာပါ         ငှက်ပျောသီးနှင့်ဓာတ်မတည့်ရောဂါပါလာတတ်၍ ဖြေဆေးအဖြစ် ကြက်သွန်ဖြူကျွေးပေးနိုင်သည်။ (ဃ) မမှည့် သေးသော ငှက်ပျောသီးကို ပြုတ်၍ဖြစ်စေ၊ မီးဖုတ်၍ဖြစ်စေ တစ်ပတ်နှစ်ခါထက် ပိုမစားသင့်ပေ။

အချုပ်အားဖြင့်ဆိုသော် ငှက်ပျောသီးသည် စျေးကြီးသော အစားအစာမဟုတ်ပါ။ ပျိုမေတို့တကိုယ်ရည် လှပစေရုံသာမက၊ အာရောဂျံပရမံလာဘံဖြစ်စေသည့်အတွက် မိမိတို့လက်တစ်ကမ်းမှာရှိသော ငှက်ပျောသီးကို နံနက်စာအာဟာရ၊နေ့လယ်နေ့ခင်း အဆာပြေနှင့်အိပ်မောကျစေရန်အတွက် ညအိပ်ရာ ဝင်ခါနီးဆေးဝါးဓာတ်စာအဖြစ် အရသာရှိရှိမှီဝဲသုံးစွဲသင့်ပါကြောင်း။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ