ရန်ကုန်၊ ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၁) ရပ်ကွက် ပရဟိတနာရေးကူညီမှု အသင်းသို့ ကျန်းမာရေးအထောက်အကူပြု အရေးပေါ်လူနာတင်ယာဉ်လှူဒါန်းခြင်းကို ဩဂုတ် ၃၀ ရက်၊ နံနက် ၁၀ နာရီက အဆိုပါအသင်းရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ပရဟိတနာရေးကူညီမှုအသင်းသို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၉ ရပ်ကွက်၊ ဒဂုံလမ်းနေ (ဦးအုံးကြိုင်)+ ဒေါ်သန်းဌေးမိသားစုမှ ငွေကျပ် ၈၁ သိန်းတန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြု အရေးပေါ်လူနာတင် ယာဉ်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
“ကျန်းမာရေးကိစ္စဖြစ်ခဲ့လို့ရှိရင် ဆေးရုံကိုအမြန်ဆုံးရောက်ပြီးကုသမှုခံယူနိုင်အောင် ယခုလိုအရေးပေါ် လူနာတင်ယဉ်ကို လှူဒါန်းရခြင်းဖြစ်ပါတယ်။ ကျန်းမာရေးအထောက်အကူပြုပေါ့။ အဲဒီကိစ္စတွေအတွက် လှူဒါန်းရတာပါ။ ဒီလိုလှူဒါန်းရခြင်းကလည်း ကျွန်မရဲ့အပြင်းပြဆုံးဆန္ဒပါ” ဟု အလှူရှင် ဒေါ်သန်းဌေးမှ ပီတိစကား ပြောကြားခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၁) ရပ်ကွက်၊ ပရဟိတနာရေးကူညီမှုအသင်းမှ အရေးပေါ်လူနာတင်ယာဉ် (အခမဲ့)လိုအပ်ပါက ဖုန်း(၀၉၄၂၀၂၃၁၃၇၁၊ ၀၉၄၂၅၀၂၁၈၅၈) သို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။
ကိုဘုန်း