လန်ဒန်၊ ဩဂုတ် ၃၀
အာဖဂန်နစ္စတန်နိုင်ငံတွင် ရန်သူ့ကျည်ဆန်များကြားမှ ပြေးလွှားလှုပ်ရှားပြီး အယ်လ်ကေးဒါးအဖွဲ့နှင့် တိုက်ခိုက်နေသည့် ဗြိတိန်စစ်သည်များကို အသက်ကယ်ပေးခဲ့သည့် စစ်ခွေးတစ်ကောင်ကို Victoria Cross ဆုတံဆိပ်နှင့် ညီမျှသည့် ဂုဏ်ပြုဆုချီးမြှင့်တော့မည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
ဘယ်လ်ဂျီယံမာလီနွိုက်စ်ခွေးမျိုးစိတ်ဖြစ်သည့် ကူနိုမှာ ပြီးခဲ့သည့်နှစ်က အာဖဂန်နစ္စတန်နိုင်ငံရှိ အယ်လ်ကေးဒါးများကို ပစ်မှတ်ထားသည့် ညအချိန် စီးနင်းတိုက်ခိုက်မှုများတွင် အထူးလှေတပ်ဖွဲ့(SBS)ကို ပံ့ပိုးကူညီပေးရန် ယင်း၏ထိန်းကျောင်းသူနှင့်အတူ စေလွှတ်ခံခဲ့ရသည်။ စီးနင်းတိုက်ခိုက်မှုတွင် လက်နက်ကိုင် တစ်ဦးက လက်ပစ်ဗုံး၊ စက်သေနတ်အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် အထူးတပ်ဖွဲ့များ ရှေ့သို့ ချီတက်နိုင်ခဲ့ခြင်းမရှိပေ။ ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေကို အဆုံးသတ်ရန် ကူနိုကို စေလွှတ်ခဲ့သည်။
ညကြည့်မျက်မှန် တပ်ဆင်ထားသည့် ကူနိုမှာ တဖွဲဖွဲ ကျနေသည့် ကျည်ဆန်များကြားမှ ပြေးသွားပြီး သေနတ်သမားကို ခုန်အုပ်တိုက်ခိုက်ခဲ့သည်။ ကူနိုက အလှည့်အပြောင်းဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း ကြောင့် အထူးတပ်ဖွဲ့အနေဖြင့် အဆိုပါစစ်ဆင်ရေး အောင်မြင်ခဲ့သည်။ သို့သော် ကူနိုမှာ သေနတ်သမားနှင့် တိုက်ခိုက်စဉ် ခြေထောက်နှစ်ဖက်လုံး သေနတ်ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်ခဲ့ခြင်းကြောင့် အရေးပေါ်အသက်ကယ် ခွဲစိတ်မှုအများအပြား လုပ်ခဲ့ရပြီး နောက်ထပ်ကုသမှုများလုပ်ရန်အတွက် ဗြိတိန်နိုင်ငံသို့ ပြန်လာခဲ့သည်။
အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ရောဂါပိုး ကူးစက်မှု ဖြစ်စေနိုင်ခြင်းကြောင့် တိရစ္ဆာန်ကုဆရာဝန်များက ကူနို၏ ခြေထောက်တစ်စိတ်တစ်ပိုင်းကို ဖြတ်ပစ်ခဲ့ရသည်။ ခြေထောက်တစ်စိတ်တစ်ပိုင်း ဆုံးရှုံးခဲ့သည့် ကူနိုမှာ ဗြိတိန်နိုင်ငံ၏ စစ်ခွေးများအနက် ပထမဆုံးအနေဖြင့် အထူးဖန်တီးထားသည့် ခြေတုဝတ်ဆင်ခဲ့ရသည်။ အသက် ၄ နှစ်အရွယ်ရှိသည့် ကူနိုမှာ လက်ရှိအချိန်တွင် တာဝန်မှ အနားယူခဲ့ပြီဖြစ်ပြီး လာမည့်နိုဝင်ဘာလတွင် အွန်လိုင်းမှကျင်းပမည့် ဆုပေးပွဲအခမ်းအနားတွင် တိရစ္ဆာန်ပရဟိတအဖွဲ့ PDSA မှ ပေးအပ်မည့် ဒစ်ကင်းဆု (Dickin Medal) ရရှိမည်ဖြစ်သည်။
KNT