နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး (ပခုက္ကူ) မှ ကိုဗစ်ကာလအတွင်း ယာဉ်မောင်းလိုင်စင်အမျိုးအစား ငါးမျိုးအတွက် လိုင်စင်စောင်ရေပေါင်း ၄၃၀ ကျော် ထုတ်ပေးနိုင်ခဲ့

ပခုက္ကူ    ဩဂုတ်     ၃၀


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး၊ ပခုက္ကူမြို့၏ လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ မတ်လပိုင်းတွင် ယာယီရပ်နားထားခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးသင်တန်း၊  ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းလုပ်ငန်းများကို ဩဂုတ် ၄ ရက်တွင် ပြန်လည်ဖွင့်လှစ်ကာလုပ်ငန်းများပြန်လည်ဆောင်ရွက်ကြကြောင်း၊ ထိုသို့ပြန်လည်ဖွင့်လှစ်ပြီး  ယာဉ်မောင်း လိုင်စင်ဖြေဆိုခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်ကြရာ သင်တန်းသား ၄၄၀ ဦးမှ   ယာဉ်မောင်းလိုင်စင် အမျိုးအစားငါးမျိုးအတွက် လိုင်စင်စောင်ရေ ၄၃၀ ကျော် ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။

“ကျွန်မတို့ ခရိုင်ရုံး၊ ပခုက္ကူအနေဖြင့် ယာဉ်မောင်းစစ်ဆေးခြင်းလုပ်ငန်း၊ ယာဉ်မောင်းဖြေဆိုခြင်းလုပ်ငန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်နှင့် အခြား ဝန်ဆောင်မှုလုပ်ငန်းများကို မတ် ၃၀ ရက်မှစတင်ပြီး  ခေတ္တရပ်ဆိုင်းထားခဲ့ကြောင်း၊ ရုံးချုပ်၏ညွှန်ကြားချက်အရ ယာဉ်မှတ်ပုံတင်လုပ်ငန်း၊ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း လုပ်ငန်းတွေအားလုံးကို ဇွန်လ ၈ ရက်တွင် ပြန်လည်လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် ကိုဗစ်ကာလ ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်၊ သက်တမ်းတိုးခြင်းလုပ်ငန်းဖြေလျှော့ပေးရေး အစီအစဉ်အရ ရုံးစတင်ဖွင့်သည် နေ့မှ စတင်ကာ ၂၀၂၀ ပြည့်နှစ်၊ မတ်၊ ဧပြီလတို့တွင် သက်တမ်းကုန်ဆုံးသည့် ကား၊ ဆိုင်ကယ်များကို ဇူလိုင်လကုန်အထိ၊ မေလတွင် သက်တမ်းကုန်သည့် ကား၊ဆိုင်ကယ်များကို ဩဂုတ်လကုန်အထိ၊ ဇွန်လတွင် သက်တမ်းကုန်သည့် ကား၊ ဆိုင်ကယ်များကို စက်တင်ဘာလကုန်အထိ လာရောက်သက်တမ်းတိုးရန်နှင့် အချိန်မီသက်တမ်းတိုး ဆောင်ရွက်ခြင်းမပြုသူများအနေဖြင့် ဒဏ်ကြေးငွေလျှော့ပေါ့ခွင့်ရရှိမည် မဟုတ်ကြောင်း တို့ကို ဗီနိုင်းနှင့် လူမှုကွန်ရက်တို့တွင် ကြေညာပေးခဲ့ကြောင်း၊ ပခုက္ကူခရိုင်ရုံးအနေဖြင့် ကိုဗစ်ကာလမတိုင်မီ သက်တမ်းတိုးဆောင်ရွက်ပေးသည့် မော်တော်ကားအစီးရေမှာ တစ်နေ့လျှင်ပျမ်းမျှအစီးရေ ၄၀ ကျော်ခန့် နှင့်မော်တော်ဆိုင်ကယ်မှာ တစ်နေ့ပျမ်းမျှအစီးရေ ၁၀၀ ခန့်လာရောက်ဆောင်ရွက်ကြကြောင်း၊ ကိုဗစ်ကာလ ရုံးပြန်ဖွင့်တဲ့အချိန်တွင်  တစ်နေ့လျှင် မော်တော်ကားအစီးရေ ၇၀ ခန့်နှင့်  မော်တော်ဆိုင်ကယ်ကို တစ်နေ့လျှင် အစီးရေ ၂၅၀ခန့်အထိ ပြုလုပ်ပေးရကြောင်း၊ ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းလုပ်ငန်းများကိုလည်း ကိုဗစ် မတိုင်မီအချိန်တွင် တစ်နေ့လျှင် ပျမ်းမျှအစောင်ရေ ၃၀ စောင်ခန့်နှင့် ယခုရုံးပြန်ဖွင့်ပြီးချိန်တွင် တစ်နေ့ကို ၄၈ စောင်ခန့်ထုတ်ပေးရကြောင်း၊ ဩဂုတ် ၄ ရက်တွင် ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းလုပ်ငန်းများပြန်လည် ဖွင့်လှစ်သောကြောင့် ကိုဗစ်ကာလအတွင်း ယာဉ်မောင်းလိုင်စင် လာရောက်ဖြေဆိုကြသူများမှ (က-၁) လိုင်စင် ၇ စောင်၊ (က)လိုင်စင် ၁၄၈ စောင်၊ (ခ)ယာဉ်မောင်း လိုင်စင် ၁၅၆ စောင်၊ (ဃ)ယာဉ်မောင်းလိုင်စင် တစ်စောင်၊ (င) ယာဉ်မောင်းလိုင်စင်  ၄၅ စောင်၊ (စပါယ်ယာ)လိုင်စင် ၇၆ စောင်တို့ကို ထုတ်ပေးနိုင်ခဲ့ကြောင်း” ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်း၏  ပြောပြချက်အရ သိရသည်။

အဆိုပါ လုပ်ငန်းများ လာရောက်ဆောင်ရွက်သည့်ပြည်သူများအတွက် လုပ်ငန်းစဉ်များအလိုက် လိုအပ်မည့် စာရွက်စာတမ်းအချက်အလက်များကို ဗီနိုင်းဖြင့်ကြော်ငြာထားရှိခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ရုံးဝင်ပေါက်များတွင် လက်ဆေးကန်၊ အမှိုက်ပုံးများပြုလုပ်ထားရှိခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေအကွာရှိစေရန် အကွက်များဖော်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဧည့်စာရင်းသွင်းခြင်း၊ Mask တပ်ဆင်ခြင်းများ ပြုလုပ်ပြီးမှသာ ရုံးထဲသို့ ဝင်ရောက်စေခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆလိုင်းကိုကီး






အခြားဆက်စပ်သတင်းများ