ပုသိမ် ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီ စသည့် ကမ်းခြေများအပါအဝင် တိုင်းအတွင်း ဘာသာရေးပွဲများနှင့် လူစုလူဝေးဖြစ်စေမည့် KTV စသည်တို့ကို ဖွင့်လှစ်ခွင့်ပြုမည် မဟုတ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် Covid-19 ကူးစက်ရောဂါကို ထိန်းချုပ်ရန်အတွက် လူစုလူဝေးဖြစ်ပွားနိုင်သည့် ဘာသာရေး ပွဲတော်၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ၊ ကာရာအိုကေဆိုင်၊ စင်တင်ဖျော်ဖြေရေးဆိုင်များကို ဆက်လက်ပိတ်ထားမည်ဖြစ်ပြီး ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီစသည့် ကမ်းခြေများကိုလည်း ခရီးသွားဧည့်သည်ဝင်ရောက်မှု ဆက်လက် ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
“ကူးစက်ရောဂါ Covid-19 ကို ထိန်းချုပ်ဖို့ လိုအပ်နေသေးတဲ့အတွက် လိုအပ်တာထက်ပိုနေပါတယ်။ လက်ရှိ ပြည်တွင်း ကူးစက်မှုတွေရှိလာတယ်။ ဒါ့ကြောင့် လူစုလူဝေးဖြစ်စေမယ့်နေရာတွေကို ဆက်ပိတ်ရတာဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး (ဒါမှမဟုတ်)ပြည်နယ်တွေက Stay At Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ အမြဲနေထိုင်ခဲ့သူဖြစ်စေ ယာယီနေထိုင်ခဲ့သူဖြစ်စေ တိုင်းအတွင်း ဝင်ရောက် လာရင် မည်သူမဆို အသွားအလာ ကန့်သတ်သွားမှာ ဖြစ်ပါတယ် ’’ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
လက်ရှိတွင် Covid-19 ရောဂါသည် ပြည်တွင်း ကူးစက်မှုအထိပါ ရှိလာခြင်းကြောင့် အဆိုပါရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် တိုင်းအတွင်း လူစုလူဝေး ဖြစ်စေနိုင်မည့် အရာများကို နောက်ထပ် အမိန့်ညွှန့်ကြား ချက် တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ ဆက်လက်ပိတ်ထားရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရောဂါ ဖြစ်ပွားရာနေရာမှ လာရောက်သူများကို Community Based Facility Quarantine ၂၁ ရက် အသွားအလာ ကန့်သတ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဧရာဝတီတိုင်းအတွင်း လာရောက်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးထံမှ ခရီးသွား ထောက်ခံချက်ယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။
မေဘယ်လ်အောင်