ရန်ကုန် ဩဂုတ် ၃၀
ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ အရေအတွက် တိုးမြင့်လာနေချိန်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၈ သန်းတန်ဖိုးရှိ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) စုစုပေါင်းတန်ချိန် ၈၂ တန် ရန်ကုန်မြို့သို့ ယခုပတ်တွင် ရောက်ရှိလာနေပြီဖြစ်ကြောင်း Unicef Myanmar မှ ဩဂုတ် ၂၉ ရက် မွန်းလွဲပိုင်းက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို ယူနီဆက်က World Food Programme ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက် သုံးကြိမ်ခွဲ၍ ပို့ဆောင်ခဲ့ပြီး အမေ ရိကန်ဒေါ်လာ ၂၂၄၂၈၄ တန်ဖိုးရှိ PPE ဝတ်စုံများမှာ ထိုင်းနိုင်ငံ (မြဝတီမြို့မှတစ်ဆင့်) နှင့် တရုတ်နိုင်ငံ (မူဆယ်မြို့မှတစ်ဆင့်) တို့မှ ကုန်းလမ်းပို့ဆောင်မှုဖြင့် မြန်မာနိုင်ငံသို့ သယ်ဆောင်လာနေပြီဖြစ်ကာ ရောဂါပိုးတွေ့အတည်ပြုလူနာများ မြင့်တက်လာနေသည့် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများနှင့် တုံ့ပြန်ကာကွယ်တားဆီးရေးအတွက် ဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့များထံ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့်