ဩဂုတ် ၃၀
ယခုအခါ ကိုဗစ်( COVID-19)ကပ်ရောဂါ ကမ္ဘာနဲ့အဝန်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာကာ၊ ဒုတိယလှိုင်း ဝင်ရောက်ကာလ လို့ သတ်မှတ်ထားကြတယ်။ စိတ်ပညာရှင်တို့နဲ့ ကျန်းမာရေးပညာရှင်တို့ အဆိုအရ ကိုဗစ်(Covid-19)ကြောင့် လူတစ်ဦးဟာ မိမိနဲ့မိသားစုကြောက်ရွံ့ထိတ်လန့်မှုများ၊ အအိပ်မမှန်ခြင်း၊ အိမ်မပျော် ခြင်း၊ အာရုံစိုက်လို့မရခြင်း၊ အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးဝါးများ ပိုမိုမှီဝဲလာခြင်းတို့ဖြစ်နိုင်တယ်ဆိုတယ်။
စိတ်ဖိစီးမှုနဲ့ စပ်လျဉ်းလို့ ပိုမိုခံစားရတဲ့ အုပ်စုများမှာ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများ၊ ကလေးသူငယ်များကို ကိုဗစ်ရောဂါပြုစုကုသမှုပေးနေတဲ့ ဆရာဝန်၊ သူနာပြုများ၊ ယခင်စိတ်ပြဿနာရှိသူများ၊ မူးယစ်ဆေး၊ စိတ်ကြွဆေးပြားနဲ့ အရက်စွဲသူများဖြစ်ကြတယ်။
စိတ်ဖိစီးမှုကို ကျော်လွှားစေတဲ့နည်းလမ်းများမှာ ကွန်ပျူတာ၊ အင်တာနက်၊ ဖေ့ဘွတ်ထဲမှ သတင်းတစ်ခုခု ကို အစဉ်မပြတ်ကြည့်ရှုသူမှာ စိတ်ဖိစီးမှုရရှိနိုင်တယ်။ တီဗီကြည့်ခြင်း၊ စာဖတ်ခြင်း၊ လူမှုကွန်ရက်(Social Media)ကို ကြာမြင့်စွာ သုံးစွဲခြင်း၊ အချိန်ပိုများနေခြင်းတို့ကို သင့်တော်တဲ့ အချိန်ပိုင်းခြားခြင်းနဲ့သာ ဆောင်ရွက် စေသင့်တယ်။
စိတ်ကိုတည်ငြိမ်အောင်ထားခြင်း အပိုင်းမှာ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားနားထောင်ခြင်း၊ ဘာသာရေးလိုက်စားခြင်းက တည်ငြိမ်မှုရစေတယ်။ အအိပ်အစားမှန်သင့်တယ်။ လူတိုင်းနေ့စဉ်နာရီဝက်မှ တစ်နာရီ အားကစားတစ်မျိုး ဥပမာ- လမ်းလျှောက်၊ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။ အရက်၊ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေး၊ ဆေးလိပ်ရှောင်သင့်ပါတယ်။ ဝါသနာပါတဲ့ စာရေး၊ စာဖတ်လုပ်သင့်ပါတယ်။ မိတ်ဆွေများနဲ့ ဆက်သွယ်ခြင်း၊ လူမှုကွန်ရက်မှ မျှဝေခြင်းများပြုလုပ်သင့်ပါတယ်။
ကလေးငယ်စိတ်ပညာပိုင်းမှာ- ကိုဗစ်ရောဂါ(Covid-19)အကြောင်းရှင်းပြသင့်တယ်။ ကြိုတင်ကာကွယ် နိုင်တဲ့ နည်းလမ်း၊ ကူးစက်နိုင်တဲ့နည်းလမ်းများ သိထားသင့်တယ်။ ကလေးငယ်တွေမရှင်းလို့ ပြန်မေးရင် စိတ်ရှည်စွာ ဖြေကြားသင့်ပါတယ်။ ကလေးများကျောင်းမတက်ရ၊ လျှောက်မလည်ရတဲ့အခါ နှစ်သိမ့်အားပေးခြင်း၊ စိတ်ဖိစီးမှု ဖြေဖျောက်တဲ့နည်းလမ်းများမှာ ဥပမာ-သီချင်းနားထောင်ခြင်း၊ တီဗီကြည့်ခြင်းပြုသင့်တယ်။ လူမှုမီဒီယာ(Social Media)ကို အလွန်အကျွံသုံးခြင်း၊ လွဲမှားစွာ အဓိပ္ပါယ်ကောက်ယူစေခြင်းရှောင်သင့်တယ်။ အချိန်ကို အကျိုးရှိအောင် အင်္ဂလိပ်စာနဲ့ ကွန်ပျူတာလေ့ကျင့်ခြင်းကို အိမ်တွေမှာ လုပ်ပေးနိုင်တယ်။ မိဘဆိုတာ ကလေးတွေရဲ့ စံပြပဲဖြစ်တယ်။
စိတ်ပိုင်းဆိုင်ရာ ပိုမိုအန္တရာယ်ရှိတဲ့ အုပ်စုများအကြံပြုချက်များ ပေးသင့်ပါတယ်။ ပိုမိုအန္တရာယ်ရှိတဲ့ အုပ်စုမှာ (၁) သက်ကြီးရွယ်အိုများ၊ (၂) စိတ်ဓာတ်ကျသူများ၊ (၃) ဆီးချိုရောဂါကြောင့် စိတ်ဓာတ်ကျသူများ၊ (၄)နာတာရှည် ရောဂါကြောင့် စိတ်ဓာတ်ကျသူများဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာများ ရင်ဆိုင်ကြရပါတယ်။
စိတ်ဓာတ်မခိုင်မာသူတို့ဟာ (Covid-19)ရောဂါလွယ်လွယ်ရနိုင်တယ်လို့ ခံစားနေကြရတယ်။ (Covid-19 )ကြောင့် ကျန်းမာရေးဝန်ဆောင်မှုစင်တာများ ပိတ်သိမ်းတာကြုံရနိုင်တယ်။ အထီးကျန်တယ်လို့ ခံစားရပါတယ်။ တစ်ပါးသူရဲ့ အကူအညီစောင့်ရှောက်မှုကို ယူနေရလို့ ကိုယ့်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့ ခံစားရတယ်။
မူလကတည်းက စိတ်ပိုင်းဆိုင်ရာပြဿနာရှိခြင်း၊ ဆင်းရဲတဲ့ အိမ်ထောင်စုမှာ (Covid-19)ဖြစ်ရင် တစ်ပူပေါ် နှစ်ပူဆင့်နိုင်တယ်။ (Covid-19)မဖြစ်ခင်ကတည်းက ခွဲခြားဆက်ဆံခြင်းခံရလို့ စိတ်ဒဏ်ရာရရှိနေချိန် (Covid-19)ဖြစ်လာခြင်းမရှိနိုင်ကြောင်း ဖုန်းမကြာခဏဆက်ကာ အားပေးသင့်တယ်။ အီးမေး (E-mail)မှန်မှန်ပို့သင့်တယ်။ သင်ခန်းစာများ (Text Message) မှန်မှန်ပို့သင့်တယ်။ သောက်သုံးနေကျ ဆေးဝါးများ လုံလုံလောက်လောက်မရှိစေခြင်းက ပူပင်သောကရစေနိုင်ပါတယ်။
အောက်စီဂျင်ရှူနေသူများ၊ ကျောက်ကပ်ဆေးခြင်းလုပ်နေသူများဖြစ်ပါက ပုံမှန်ကျန်းမာရေးဝန်ဆောင်မှု မပြတ်သွားအောင်စီစဉ်ထားသင့်ပါတယ်။ အောက်စီဂျင်ကုန်ပါက ပြန်ဖြည့်ပေးတဲ့ လူမှုအဖွဲ့နဲ့ ဆက်သွယ်ရမယ်။ ပိုမိုအန္တရာယ်ရှိတဲ့အုပ်စုကို စောင့်ရှောက်တဲ့ ကျန်းမာရေးဆိုင်ရာပုဂ္ဂိုလ်နဲ့ ပရဟိတသမားများ လိုက်နာသင့်တာ က အဆိုပါ ရောဂါအခံရှိသူများနဲ့ အဆက်အသွယ်မပြတ်သင့်ပါဘူး။ ရောဂါအခံရှိသူ(Risk Group)ရဲ့ မိသားစု ဝင်များနဲ့ အဆက်အသွယ်မဖြတ်သင့်ပါဘူး။ (Covid-19)ကာလမှာ စိတ်ပိုင်းဆိုင်ရာပြဿနာပေါ်ပေါက် တတ်ပါတယ်။ နေအိမ်မှာ ကာလရှည်ကြာနေထိုင်ရတာဖြစ်လို့ တရုတ်နိုင်ငံမှာ နေအိမ်မှာနေ(Saty Home)ကာလမှာ လင်မယားကွာရှင်းမှု ပိုများလာခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ နေအိမ်မှာနေ(Stay Home)ကာလမှာ အရက်စွဲသူများလာတယ်။
ကျန်းမာရေးအခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ရုတ်တရက်ဆိုးဝါးလာပါက အဆင့်မြင့်ဆေးကုသရေး စင်တာ(Specialist Hospital)ကို လွှဲပြောင်းကုသစေသင့်ပါတယ်။
ကိုဗစ်ကာလမှာ ကျူ(Q-Quarantine)ဝင်ခြင်း၊ ထွက်ခြင်းတို့ရှိစမြဲဖြစ်တယ်။ ကျူ(Quarantine)ဝင်သူများ စိတ်ဓာတ်ကျစရာမလိုပါဘူး။ ၁၄ ရက် (သို့) ၂၁ ရက် တစ်ယောက်တည်းနေထိုင်တတ်သွားတယ်။ မိသားစုနဲ့ ဖုန်း(သို့)ဖေ့ဘွတ်ကတစ်ဆင့် အဆက်အသွယ်မပြတ်ယူနိုင်တယ်။ စားသောက်ချင်တဲ့ အစားအစာမှာစားနိုင် တယ်။ ကြည့်ချင်တဲ့ မီဒီယာ ရုပ်သံလိုင်းကြည့်နိုင်တယ်။ ဂိမ်းဆော့ကစားနိုင်တယ်။ နေ့စဉ် နာရီဝက်မှ တစ်နာရီ လေ့ကျင့်ခန်း အိမ်တွင် လေ့ကျင့်ခန်းရယူသင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အားပေးကူညီသင့်တယ်။ မိတ်ဆွေဖွဲ့သင့်တယ်။ တရားရှုမှတ်ခြင်း၊ တရားထိုင်ခြင်း၊ ပြုလုပ်နိုင်ပါတယ်။
ကျူ(Quarantine)မှ ထွက်လာသူတွေဆိုရင်- ဝမ်းနည်းဝမ်းသာခံစားမှု(Mixed Emotion)ဖြစ်နေနိုင်တယ်။ ကိုယ်နဲ့မိသားစုရဲ့ပူပင်သောက စောင့်ကြည့်ခံရလို့ စိတ်ဖိစီးမှု၊ မိတ်သင်္ဂဟများက ရှောင်ဖယ်ရှောင်ဖယ်လုပ်လို့ ဝမ်းနည်း၊ ဒေါသစိတ်ပျက်ခံစားချက်များ၊ ကျူ(Quarantine)ကာလအတွင်း အလုပ်အကိုင်မလုပ်ရလို့ ဝင်ငွေ မရှိဘဲ စိတ်ပျက်ရမှုများ၊ မိသားစုသောကများ ခံစားရနိုင်ပါတယ်။ ကျူ(Quarantine)မှ ထွက်လာသူများစိတ်ဖိစီးမှု ဖြစ်ရင် စောင့်ရှောက်ဖို့ တာဝန်ရှိသူများကို ညွှန်ကြားထားတယ်။
တာဝန်ရှိသူများ(Reporters)တို့ဟာ ကျူ(Q-Quarantine)ထွက်လာသူရဲ့ မိသားစုဝင်များနဲ့ အိမ်နီးချင်းများကို ဒုတိယအဆင့် ထိခိုက်ခြင်းကြောင့် စိတ်ဖိစီးမှု (Secondary Traumatic Stress) အကြောင်းရှင်းပြထားသင့်တယ်။ ကျူ(Quarantine)ကာလမှာ စိတ်ဖိစီးမှုဟာ ပထမအဆင့်ကို ခံစားရပြီးဖြစ်တယ်။ Quarantine က ထွက်လာပြီး ရပ်/ရွာထဲပြန်လာရင် မိသားစုနဲ့ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံလာပါက ထပ်မံကာစိတ်ဖိစီးမှုခံရ(Secondary Tramotic Stress)ဖြစ်နိုင်လို့ အထီးကျန်မခံစားရအောင် ဝိုင်းဝန်းကာ ပြန်လည်ကုစားတဲ့ အစီအစဉ်ရေးဆွဲပေး သင့်တယ်။ လူမှုအဖွဲ့အစည်းနဲ့ မျက်ခြည်မပြတ်သင့်ပါဘူး။
ဒုတိယအဆင့်စိတ်ထိခိုက်ခြင်းကြောင့် စိတ်ဖိစီးမှု (Secondary Traumatic Stress) ဖြစ်လာရင် ကာယကံရှင် အတွက်သာမက မိသားစု ရပ်/ရွာ၊ နိုင်ငံအတွက်ပါ လုပ်အားဆုံးရှုံးမှုဖြစ်နိုင်ကြောင်း ပတ်ဝန်းကျင်ရှိ ပြည်သူကိုပါ သဘောပေါက်အောင်ရှင်းပြထားဖို့လိုပါတယ်။ (Covid-19)ကပ်ရောဂါကူးစက်ခံရမှာ ကြောက်ရွံ့လို့အဆက် အသွယ်ဖြတ်တောက်ခြင်းဖြစ်လို့ ရောဂါကို သိပ်ကြောက်တတ်သူများ၊ အထီးကျန်ဆန်ခြင်း၊ (Lonlinoss)ခံစားရ နိုင်လို့ လိုတာထက်ပိုပြီး မကြောက်ရွံ့သင့်ပါဘူး။ မိသားစုဆရာဝန်နဲ့ အကြံဉာဏ်ခံယူသင့်ပါတယ်။ ။
ဒေါက်တာလွင်သန့်