နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆုံဆို့နာရောဂါ ကပ်အသွင်မဖြစ်ပွားစေရေး

ဩဂုတ်   ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဆုံဆို့နာရောဂါကပ်အသွင်ဖြစ်ပွားနေပြီးလူနာ ၄၅ ဦးတွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများမှာ သြဂုတ် ၁၅ ရက်က ဖော်ပြထားပါတယ်။ ယင်းရောဂါဖြစ်ပွားသောလူနာများကို တာချီလိတ်၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းဖြတ်နှင့် မိုင်းတုံမြို့နယ်များတွင် တွေ့ရှိခဲ့ပြီး သေဆုံးသူ ခြောက်ဦးရှိခဲ့ ပါတယ်။

“ဒီရောဂါဟာကူးစက်တာလည်း မြန်တယ်။ သေဆုံးတာလည်းရှိတယ်ဆိုတော့ အချိန်မီကာကွယ်ထိန်းချုပ်ဖို့ လိုပါတယ်။ ရောဂါဖြစ်ပွားတဲ့ သူတွေဟာအချိန်မီ ကျန်းမာရေးဌာနကို ပြသဖို့လိုပါတယ်။ ကျန်းမာရေးဌာနအနေနဲ့ ကလည်းတုံ့ပြန် ဆောင်ရွက်မှုတွေ ချက်ချင်းဆောင်ရွက်ဖို့လိုပါတယ်။ အခုဖြစ်ပွားပုံကို ကြည့်တဲ့အခါမှာ ဆုံဆို့ နာရောဂါဟာအသက် ရှစ်နှစ်မှ ၁၀ နှစ်ဝန်းကျင်ကလေးများတွင် အဖြစ်များပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ယင်းဒေသရှိ ကျန်းမာရေးဌာနမှူး ဦးဆောင်၍ သြဂုတ်လ ၄ ရက်မှ စတင်ကာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကိုကွင်းဆင်းဆောင်ရွက်နေပြီ   ဖြစ်ကြောင်း သိရပါတယ်။
၂၀၁၉ ခုနှစ်ကလည်း ဆုံဆို့နာရောဂါ သံသယလူနာတစ်ဦး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွင် တွေ့ရှိခဲ့ပြီး၊  ယင်းလူနာသေဆုံးခဲ့ကြောင်းသတင်းများအရ လေ့လာသိရပါတယ်။

ဆုံဆို့နာရောဂါဆိုသည်မှာ

ဆုံဆို့နာရောဂါ (Diphtheria) ဆိုသည်မှာ Corynebacterium Diphtheriae ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားလေ့ရှိပြီး ယင်းပိုးမှထုတ်လွှတ်လိုက်သော အဆိပ်(Exotoxin)ဟာ လူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် တစ်သျှူးများကို အန္တရာယ်ဖြစ်စေပြီး၊ အထူးသဖြင့် လည်ချောင်းနှင့် နှာခေါင်းအမြှေးပါးများကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ (တနည်းဆိုသော်) Corynebacterium Diphtheriae ဗက်တီးရီးယားပိုးကူးစက်ခံထားရသူ နှာချေ၊ ချောင်းဆိုးရာမှ တစ်ဆင့် ထွက်လာသော ရောဂါပိုးပါဝင်သည့် အစက်အမှုန်များ (Droplets) အသက်ရှူ လမ်းကြောင်းအတွင်း တိုက်ရိုက်ဝင်ရောက်ခြင်းဖြင့် အများဆုံးကူးစက်နိုင်ပြီး၊ ရောဂါပိုးရှိသူ၏အနာများ (Sores or Ulcers) ကိုထိတွေ့ရာမှ တစ်ဆင့်လည်းကူးစက်နိုင်ပါတယ်။ ဆုံဆို့နာရောဂါကာကွယ်ဆေးထိုးနှံထားခြင်း  မရှိသော အသက် ၁၅ နှစ်အောက် ကလေးများတွင် ပိုမိုဖြစ်ပွားနိုင်ပါတယ်။

ဆုံဆို့နာရောဂါရာဇဝင်

ဆုံဆို့နာရောဂါကိုဘီစီ(၅)ရာစုတွင် ဟစ်ပိုကရေးတီး(Hippocrates) ကစတင်တွေ့ရှိခဲ့ပြီး ဂရိဘာသာ စကားဖြင့် လည်ချောင်းအတွင်းသားရေပြားတွေ့ရှိခြင်း(Leather Hide)ဟု စတင်ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဆုံဆို့နာရောဂါကာကွယ်ဆေးကို ၁၉၂ဝ ပြည့်နှစ်တွင် စတင်စမ်းသပ်ထုတ်လုပ်ခဲ့ပြီး ယင်းဆုံဆို့နာကာကွယ် ဆေးမထိုးနှံမီကာလဖြစ်သော ၁၉၂၁ အတွင်း အမေရိကန်ပြည်ထောင်စုတွင် ဆုံဆို့နာဖြစ်ပွားသူ ၂၀၆ဝဝဝ နှင့်သေဆုံးသူ ၁၅၅၂ဝ ဖြစ်ပွားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအနေဖြင့် ၂ဝဝဝ ပြည့်နှစ်တွင် ဆုံဆို့နာရောဂါဖြစ်ပွားသူ ၁၁၆၂၅ ဦးရှိခဲ့ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများကိုထိထိရောက်ရောက် ဆောင်ရွက်ခဲ့နိုင်၍ ၂၀၁၄ ခုနှစ်ရောက် သောအခါမှာတော့ တစ်ကမ္ဘာလုံးတွင် ရောဂါဖြစ်ပွားသူရ ၂၃၁ ဦးအထိ ကျဆင်းလာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာမှုမှတ်တမ်းများအရဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကာကွယ်ဆေးများ ပုံမှန် ထိုးထားပြီးဖြစ်သောကြောင့် ဆုံဆို့နာရောဂါဖြစ်ပွားမှုနည်းပါးကြောင်း၊ ကာကွယ်ဆေး အသုံးပြုမှုနှုန်း နည်းပါးသည့်  ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆုံဆို့နာဖြစ်ပွားမှုပိုများကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၅ နှစ်အောက် ကလေးများနှင့် အသက် ၆၀ နှင့်  အထက်လူကြီးများဆုံဆို့နာဖြစ်ပွားနိုင်သည့်အန္တရာယ်ပိုများ ကြောင်း သိရပါတယ်။

ဆုံဆို့နာနှင့်မြန်မာပြည်
ထူးခြားဖြစ်စဉ်အဖြစ် ၂၀၁၆ ခုနှစ်၊ မေလတွင် မင်္ဂလာဒုံမြို့နယ် ရတနာမာန်အောင်သီလရှင် စာသင်တိုက် တွင် သီလရှင်တစ်ပါး ဆုံဆို့နာရောဂါကြောင့် ကွယ်လွန်ခဲ့ပြီး၊ ဇွန်လအတွင်း၌လည်း ရွှေပြည်သာမြို့နယ်၊ (၅၇)ရပ်ကွက်ရှိ မြိုင်သီလရှင်စာသင်တိုက်တွင် ဆုံဆို့နာဖြစ်ပွားသူ ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒါ့ပြင် မင်္ဂလာဒုံမြို့နယ်၊ တိလောကရပ်ကွက်နေအသက် ၇ နှစ်အရွယ်မိန်းကလေးတစ်ဦးဆုံဆို့နာရောဂါဖြစ်ပွားနေကြောင်းကို ဇူလိုင် ၂၂ ရက်တွင် စတင်တွေ့ရှိခဲ့ပြီးနောက်၊ ကူးစက်ပြန့်ပွားခြင်းမရှိစေရန် ဇူလိုင် ၂၃ ရက်၊ နံနက်ပိုင်းတွင် ရပ်ကွက် အတွင်းနေထိုင်သူများကိုအပြင်သွားလာခွင့်ကန့်သတ်လိုက်ပြီး ဇူလိုင် ၂၃ ရက်၊ ညနေပိုင်းမှာတော့ ကန့်သတ် မှုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ သို့သော် လိုအပ်ချက်အရရောဂါ စတင်ဖြစ်ပွားသည့်အိမ်အပါအဝင်အနီးရှိ အိမ် ခြောက်လုံးကိုဆက်လက်စောင့်ကြပ်ခဲ့ပြီး ၄င်းရပ်ကွက်အတွင်းရှိ ကလေးငယ်များကို ဆုံဆို့နာကာကွယ်ဆေးတိုက်ကျွေးခဲ့ကြောင်း၊ အဆိုပါ တိလောကရပ်ကွက်တွင်ထို ၂၀၁၆ ခုနှစ်ကာလတွင် လူဦးရေစုစုပေါင်း ၂၂၂၇ ဦး နေထိုင်လျက်ရှိကာ ရောဂါဖြစ်ပွားရခြင်းမှာ မွေးစမှအသက် တစ်နှစ်အတွင်း ထိုးနှံထားရမည့် ဆုံဆို့နာကာကွယ်ဆေးကိုမထိုးမိခြင်းကြောင့်ဖြစ်ကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က ကျန်းမာရေးနှင့် ဝန်ကြီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးရှိ အသက် ၁၅ နှစ် အောက်ကလေးများအား ဆုံဆို့နာရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် စာရင်းကောက်ယူခဲ့ပြီး၊ အဆိုပါ လုပ်ငန်းစဉ်တွင်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပရဟိတကျောင်းများမှ အသက် ၁၅ နှစ်အောက် ကလေးငယ်များကိုလည်း ဆုံဆို့နာရောဂါကာကွယ်ဆေးကို ထိုးနှံခဲ့ပါတယ်။

ရောဂါဖြစ်စဉ်အဆင့်ဆင့်နှင့် ရောဂါလက္ခဏာများ
-    ဆုံဆို့နာရောဂါဟာလူတစ်ဦးမှ တစ်ဦးနီးကပ်စွာထိတွေ့မှုဖြင့် လည်းကောင်း၊ အသက်ရှူလမ်းကြောင်း မှလည်းကောင်းကူးစက်တတ်ပြီး ရောဂါလက္ခဏာမပြခင် ရောဂါပျိုးရက်မှာ ၂ ရက် မှ ၅ ရက် ဖြစ်ပါတယ်။
-    ဆုံဆို့နာရောဂါအခြေအနေဖြင့်ကူးစက်ပြီးပါကလည်ချောင်းထဲတွင် ပိုးများပွားလာခြင်း၊ အစွမ်း ထက်သော အဆိပ်အတောက်များထွက်စေကာလည်ချောင်းနာခြင်း၊ စားချင်သောက်ချင်စိတ်မရှိခြင်း၊ အဖျား အနည်းငယ်ရှိခြင်းနှင့် အစာမျိုရန်ခက်ခဲခြင်းများ ဖြစ်ပေါ်လာပါတယ်။
-    နောက် ၂ ရက်၊ ၃ ရက်အတွင်းအာခေါင်၊ အာသီး၊ လည်ချောင်း (သို့မဟုတ်) အသံအိုးပေါ်မှာ ဖြူပြာရောင် (သို့မဟုတ်) အညိုရောင်အမြှေးပါးကလေးတွေဖြစ်လာပြီး တစ်ခါတစ်ရံသွေးယိုစီးတတ်ပါတယ်။ သွေးယိုစီးပြီနောက်မှာတော့ အမြှေးပါးဟာအစိမ်းပုပ်ရောင် (သို့မဟုတ်) အနက်ရောင်သို့ပြောင်းသွားပါတယ် (၄င်းအခြေအနေတွင် လူနာအနေဖြင့်  ရောဂါသက်သာလာပြီဖြစ်ပါတယ်)

-    ဆုံဆို့နာရောဂါ၏ အထင်ရှားဆုံးလက္ခဏာမှာလည်ချောင်းနှင့် လျှာခင်တို့တွင် ထူထဲသော မီးခိုးရောင်အကွက်များဖြစ်ပေါ်တတ်ပြီး၊ အခြားလက္ခဏာများမှာအဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ လည်ပင်း ဂလင်းများရောင်ရမ်းခြင်း၊ အသံအကျယ်ကြီးချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း၊ အသားအရည်အနည်းငယ် ပြာနှမ်းခြင်းနှင့် မသက်မသာဖြစ်ခြင်း တို့ပါဝင်ပါတယ်။

-    ရောဂါအခြေအနေပိုဆိုးလာပါကအသက်ရှူရခက်ခဲခြင်း (သို့မဟုတ်) အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်း၊ လည်ပင်းရောင်ကိုင်းလာခြင်း (Bull Neck Appearance) နှင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ ခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း၊ စကားပြောမပီသခြင်းနှင့် ကိုယ်လက်အေးစက်ခြင်း၊ ချွေးပြန်ခြင်း၊ ရက်သတ္တ နှစ်ပတ်မှ ခြောက်ပတ်အကြာတွင် နှလုံးခုန်နှုန်းမူမမှန်ဖြစ်ပွားတတ်ပြီး နှလုံးရောဂါ (Cardiomyopathy) ရရှိသွားနိုင်ကာ အချို့သော ဆုံဆို့နာရောဂါဖြစ်ပွားသူများအနေဖြင့် နှလုံးကြွက်သားများနှင့် နှလုံးအဆို့များရောင် ပြီးမသေဆုံးခဲ့လျှင်တောင် နှစ်ပေါင်များစွာကြာမြင့်သည့်အခါ နာတာရှည်နှလုံးရောဂါဖြစ်ပွားနိုင်ပါတယ်။

-    အာရုံကြောထိခိုက်ပျက်စီးပါက အကြောသေခြင်းကိုလည်းနောက်ဆက်တွဲဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။

ဆုံဆို့နာရောဂါအတွက် အကောင်းဆုံးအစားအစာများ
-    သင်္ဘောသီးအစိမ်းနုနုကို ဆားနှင့်တို့စားပါက ဆုံဆို့နာပျောက်စေပါတယ်။
-    ကြက်စွန်ဖြူ ၂ မွှာ၊ ၃ မွှာကို ကြိတ်ချေ၍ ခံတွင်းထဲတွင် လိမ်းပါ၊ မျိုချပါ။
-    ကြက်ဆူပင် အရွက်၊ ဒန့်သလွန်ပင် အရွက်နှင့် ကြက်သွန်ဖြူတို့ကို ကြိတ်ချေ၍ ရလာသော အနှစ်ကို ရေနွေးနွေးထဲထည့်၍ အချိန်ကြာကြာငုံထားပေးပါ။ ယင်းအရည်ဖြင့် ပလုပ်(အာလုပ်) ကျင်းပါ။
-    ရေအေးထည့်ထားသောခွက်ထဲသို့ အိမ်သုံးဆားကိုခပ်ထည့်၍ ယင်းဆားရည်ကို ငုံထားပေးပါ။ ယင်း အရည်ဖြင့် ပလုပ် (အာလုပ်) ကျင်းပါ။ (ရေခဲရေမဟုတ်ပါ)

သတိပြုစရာဆုံဆို့နာ
အချုပ်အနေဖြင့် အကြံပြုရပါလျှင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဆုံဆို့နာရောဂါကို ပဋိဇီဝ ဆေးများ၊ ကာကွယ်ဆေးများဖြင့် ကာကွယ်ပေးလျက်ရှိနေပါတယ်။ ဆုံဆို့နာရောဂါအပါအဝင် ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီနှင့် ဦးနှောက်အမြှေးရောင်ရောဂါတို့ကို ကာကွယ်နိုင်သည့် ငါးမျိုးစပ် ကာကွယ်ဆေး (Pentavalent Vaccine) ကို ကလေးအသက် နှစ်လ၊ လေးလနှင့် ခြောက်လ အရွယ်တွင် အခမဲ့ထိုးနှံပေးနေပါတယ်။ ထို့ကြောင့် မိမိရင်သွေးငယ်အား မပျက်မကွက်ထိုးနှံပေးရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ် ၁၄ ရက်က ထပ်မံတိုက်တွန်းထားပါတယ်။

ဆုံဆို့နာရောဂါဟာအသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီး အသက်ရှူရခက်ခဲ့သဖြင့် အသက်သေဆုံး နိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မပျက်မကွက်ထိုးနှံ သွားကြရန် အထူးအရေးကြီး ပါကြောင်းနှင့် ဆုံဆို့နာရောဂါ ဖြစ်ပွားသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်၍ ကုသမှုခံ ယူသင့်ပါကြောင်း စာရေးသူမှ ထပ်ဆင့်အကြံပြု တိုက်တွန်းလိုက်ရပါတယ်။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ