နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မလေးရှားနိုင်ငံသို့ တရားမဝင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို နေရပ်ပြန်ပို့ရန် စီစဉ်

ရန်ကုန် သြဂုတ် ၂၉

မလေးရှားနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို နေရပ်ပြန်နိုင်ရန် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ကွာလာလမ်ပူရှိ မြန်မာသံရုံးတို့ပူးပေါင်းကာ စတင်စီစဉ်ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသံအမတ်ကြီးနှင့် ကောင်စစ်တာဝန်ခံအရာရှိများက မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှတာဝန်ရှိသူများနှင့် တွေဆုံဆွေးနွေးညှိနှိုင်းကာမလေးရှားနိုင်ငံတွင် တရားမဝင်ရောက်ရှိ နေသော မြန်မာနိုင်ငံသားများထဲမှ ကိုယ်ဝန်ဆောင်များနှင့် ကျန်းမာရေးမကောင်းသူများ အပါအဝင် စုစုပေါင်း လူဦးရေ ၁၃၀ ကျော်ကို ပထမဆုံးအကြိမ်အဖြစ် နေရပ်ပြန်ပို့နိုင်စေရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ မြန်မာနိုင်ငံသားများနှင့် ပတ်သက်သော အချက်အလက်များကို မြန်မာသံရုံးမှနေ၍ မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနသို့ ပေးပို့ထားပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းမှုအရ မြန်မာနိုင်ငံသားများ ပေးဆောင်ရမည့်ဒဏ်ကြေး ကို အနည်းဆုံးပမာဏသတ်မှတ်ပေးသွားမည်ဖြစ်ပြီး Special Pass အတွက်ကိုမူလူတစ်ဦးလျှင် မလေးရှား ရင်းဂစ်ငွေ ၁၀ဝ မဖြစ်မနေ ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် အသက် ၁၈ နှစ်အောက် လူငယ်များကို ဒဏ် ကြေးကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ခန့်မှန်းခြေမြန်မာရွှေ့ပြောင်းလုပ်သား ၅ သိန်းခွဲခန့်မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြပြီး ယခုအခါ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော COVID-19 ကပ်ရောဂါကြောင့် မလေးရှားနိုင်ငံတွင်လည်း ကန့်သတ်ချက်များ ချမှတ်ထားသည့်အပြင် စက်ရုံ၊အလုပ်ရုံများ လုပ်ငန်းပုံမှန် ပြန်မလည်ပတ်နိုင်သေးသည့် အတွက်မြန်မာလုပ်သား အနေနှင့် အလုပ်အကိုင်နှင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေကြကြောင်း သိရသည်။      
 
ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ