နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယ-မြန်မာနယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၅ သန်း လွှဲပြောင်းပေးအပ်

ရန်ကုန်၊ ဩဂုတ် ၂၈

အိန္ဒိယ-မြန်မာနယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တတိယနှစ်စီမံကိန်းများအတွက် အိန္ဒိယက မြန်မာ အစိုးရသို့ အမေရိကန်ဒေါ်လာ ၅ သန်းတန် ချက်လက်မှတ်တစ်စောင်ကို ဩဂုတ် ၂၈ ရက်က လွှဲပြောင်းပေးအပ် ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ သိရသည်။
၂၀၁၂ ခုနှစ်၊ မေလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၏ ခရီးစဉ်တွင် အိန္ဒိယ-  မြန်မာနယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU)ကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံသည် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့တွင် အခြေခံအဆောက်အဦများနှင့် သက်မွေးဝမ်းကြောင်းမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ၅ သန်းထောက်ပံ့ပေးခြင်းဖြစ်သည်။

တတိယနှစ်စီမံကိန်းများအရ ချင်းပြည်နယ်တွင် လမ်း၊ တံတား ၉ စင်းနှင့် ကျောင်း ၅ ကျောင်း တည်ဆောက် ခဲ့သည်။ ယင်းစီမံကိန်းများကို အကျိုးခံစားရမည့် ကျေးရွာ ၈၂ ရွာ ပါဝင်သည့် မြို့နယ် ၉ မြို့နယ်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း ကျေးရွာပေါင်း ၈၀ ပါဝင်သည့် မြို့နယ် ၃ မြို့နယ် အတွင်း လမ်း၊ တံတား ၁၄ စင်း၊ ကျောင်း ၆ ကျောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဌာန ၁ ခု ဆောက်လုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ