နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မကျူးလွန်သည့်ပြစ်မှုအတွက် ထောင်ထဲတွင် ၄၄ နှစ် နေခဲ့ရသည့် လူမည်းအမျိုးသား ပြန်လည်လွတ်မြောက်လာ

ဝါရှင်တန်     ဩဂုတ်    ၂၉

ကျူးလွန်ခဲ့ခြင်းမရှိသည့် ပြစ်မှုအတွက် ထောင်ထဲတွင် ၄၄ နှစ်သာ နေခဲ့ရသည့် လူမည်းအမျိုးသားတစ်ဦးမှာ ပြီးခဲ့သည့်ကြာသပတေးနေ့တွင် မြောက်ပိုင်းကာရိုလိုင်းနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ရွန်နီလောင်းသည် ၁၉၇၆ ခုနှစ်က လူဖြူအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု၊ နေအိမ်ဖောက်ထွင်းမှုတို့ဖြင့် အပြစ်ရှိသည်ဟု လူဖြူသီးသန့်ပါဝင်သည့် ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသူဖြစ်သည်။ သို့သော် မြောက်ပိုင်းကာရိုလိုင်းနားပြည်နယ် အစိုးရအဖွဲ့က ရွန်နီလောင်း၏ စီရင်ချက်ကို ပယ်ဖျက်ပေးရန် ပြည်ထောင်စုတရားရုံးသို့ လျှောက်ထားခဲ့ရာ ပြီးခဲ့သည့်ကြာသပတေးနေ့တွင် စီရင်ချက်ကို ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။ ရွန်နီလောင်းမှာ လက်ရှိအချိန်တွင် အသက် ၆၄ နှစ်ရှိနေပြီဖြစ်သည်။

အခင်းဖြစ်ပွားရာနေရာမှ သုတ်ပိုးနမူနာနှင့် လက်ဗွေရာများမှာ ရွန်နီလောင်းနှင့် တူညီခြင်းမရှိသော်လည်း အဆိုပါသက်သေအထောက်အထားများကို ဥပဒေစိုးမိုးရေးအဖွဲ့က ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့သည်ဟု အမေရိကန်နိုင်ငံ ၄ ခရိုင်အယူခံတရားရုံး၏ တရားသူကြီး စတီဖန်နီသက်ကာက ပြောသည်။ ၁၉၇၆ ခုနှစ် ဧပြီလ ၂၅ ရက်တွင် လူတစ်ဦးက မြောက်ပိုင်းကာရိုလိုင်းနားပြည်နယ်ရှိ အသက် ၅၄ နှစ်အရွယ် လူဖြူအမျိုးသမီး၏ နေအိမ်သို့ ဝင်ရောက်လာပြီး ယင်းကို အဓမ္မပြုကျင့်ခဲ့သည်။ ရက်သတ္တနှစ်ပတ်အကြာတွင် ရဲအရာရှိများက လူဖြူအမျိုးသမီးကို တရားရုံးသို့ ဆင့်ခေါ်ခဲ့ပြီး အခြားနေအိမ် ဖောက်ထွင်းမှုများဖြင့် တရားရုံးရောက်နေသူများအနက် ယင်းကို ကျူးလွန်ခဲ့သူနှင့် ပုံစံတူသူကို ရွေးချယ်ပေးရန် ပြောခဲ့ရာ လူဖြူအမျိုးသမီးက ရွန်နီလောင်းနှင့်တူသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုတရားရုံးက ရွန်နီလောင်းအပေါ် စီရင်ချက်ကို ပယ်ဖျက်ပေးခဲ့သော်လည်း ယင်းအနေဖြင့် အပြစ်ကင်းစင်ခြင်း ရှိ၊ မရှိဆိုသည့်အချက်ကို ဆုံးဖြတ်ပေးခဲ့ခြင်းမရှိဘဲ အောက်တရားရုံးက ဆုံးဖြတ်ရမည့်ကိစ္စဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။   

KNT






အခြားဆက်စပ်သတင်းများ