နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာချမ်းသာဖို့ ကြိုတင်ကာကွယ်စို့

ဩဂုတ်     ၂၈


"ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်"ဟု အင်္ဂလိပ်စကားပုံတစ်ခုက ဆိုသည်။ ဤစကားပုံ ၏ မှန်ကန်မှုအား ယနေ့ကမ္ဘာသူ၊ ကမ္ဘာသားများ ခံစားနေရသော ကိုဗစ်-၁၉ ကပ်ရောဂါက သက်သေပြနေသည်။ ကြိုတင်ကာကွယ်မှုကို အစိုးရဌာနဆိုင်ရာများနှင့် ပြည်သူများက အလေးအနက်ထားပြီး တက်တက်ကြွကြွနှင့် တက်ညီလက်ညီဝိုင်းဝန်းဆောင်ရွက်ကြသဖြင့် မြန်မာနိုင်ငံရှိ လူဦးရေ ၅၄ သန်းကျော်သည် အချို့နိုင်ငံများထက် သေဆုံးမှုနှင့် ရောဂါကူးစက်ပြန့်ပွားမှုတွင် နည်းခဲ့ရသည်။ ပြည်သူအများစုသည် ကပ်ရောဂါ၏ နှိပ်စက်မှုမှ လွတ်ကင်းကာ ကျန်းမာချမ်းသာခွင့်ရရှိခဲ့သည်။

သို့သော် မြန်မာလူထုတစ်ရပ်လုံးအား မသိမသာဒုက္ခပေးနေသော ရောဂါများလည်း ရှိကြပေသည်။ ဤသည် တို့ကား မကူးစက်တတ်သော ရောဂါများ ဖြစ်ကြပေသည်။ ဤရောဂါများကလည်း လူထုထဲတွင် ပျံ့နှံ့ဖြစ်ပေါ် လျက်ရှိသည်။ အချို့လူတို့မှာ မိမိတွင် ဤရောဂါရှိနေမှန်းပင်မသိကြပါ။ မနေနိုင်မထိုင်နိုင်အောင် ရောဂါခံစားရ၍ ဆေးရုံ၊ ဆေးခန်းရောက်သည့်အခါမှ မိမိတွင် ရောဂါရှိနေကြောင်း သိရှိရသည်။

ရောဂါစွဲကပ်ပြီးသောအခါ လုံးဝပျောက်ကင်းအောင်ကုသ၍ မရတော့ သက်သာစေရန်သာ ဆေးစားရပေ တော့သည်။ မည်မျှကြာသနည်းဟူမူ ဤရောဂါကြောင့် ကွယ်လွန်ရသည်အထိ ဆေးစားရသည်။ ထို့ကြောင့် ဆေးဖိုးဝါးခသည် ကျပ်ငွေသိန်းပေါင်းများစွာ ကုန်ကျရသည်။ ဆေးဖိုးအကုန်မခံနိုင်သူများသည် စောစီးစွာ သေဆုံးကြရသည်။

ဤရောဂါမှာကား သွေးတိုး၊ နှလုံး၊ လေငန်းနှင့် ဆီးချိုရောဂါများဖြစ်ကြပေသည်။ ဤရောဂါကြီးများသည် မဖြစ်မီ ကြိုတင်ကာကွယ်၍ရသော ရောဂါကြီးများဖြစ်ကြသည်။ သို့သော် အချို့လူတို့သည် ကြိုတင်ကာကွယ်မှု တွင်အား နည်းကြသည်။ ထို့ကြောင့် ရောဂါစွဲကပ်ရသည်။ ဆေးရုံ၊ ဆေးခန်းရောက်မှ သိရသူကများသည်။ ထိုအခါ အချို့လူတို့တွင် ရောဂါနုသောအခါ ကုသ၍ပျောက်ကင်းသွားသူများလည်းရှိသည်။ အချို့တွင် ရောဂါပြင်းထန် သောအခါ ဆေးရုံမတက်ရမီပင် ရုတ်ခြည်းကွယ်လွန်ရသူများလည်း ရှိကြသည်။ အချို့မှာမူ ရောဂါကို ရေရှည် ခံစားကြရသည်။ ထိုအခါ ကုန်ကျငွေမှာ မနည်းမနောပင်။

ဤသို့ မဖြစ်ပွားစေရန် စာရေးသူ၏ အတွေ့အကြုံနှင့် ယှဉ်ပြီး ကြိုတင်ကာကွယ်ရေးစနစ်များအား ပြောပြ ပါမည်။ တစ်ဦးချင်း၊ တစ်အိမ်ထောင်ချင်း ကာကွယ်ရမည့် စနစ်များဖြစ်ကြပေသည်။ ခက်ခက်ခဲခဲမဟုတ်ပါ။ လူတိုင်းလုပ်နိုင်သော နည်းစနစ်များ ဖြစ်ကြပါသည်။ ရောဂါမစွဲကပ်မီ ကြိုတင်ကာကွယ်ခြင်းဖြင့် ကျန်းမာခြင်း၊ ချမ်းသာခြင်းသုခများခံစားကြရပါမည်။

သွေးတိုးနှင့်နှလုံးရောဂါကြိုတင်ကာကွယ်ခြင်း

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ပြုစုသည့် ဥတုဘောဇနသင်္ဂဟကျမ်းတွင် လူ့သက်တမ်းနှစ် ၁၀၀ အား ဆယ်ပိုင်း ပိုင်းထားသည်။ ဤတွင် "အသက် ငါးဆယ့်တစ်နှစ်မှ ခြောက်ဆယ်တိုင်အောင် ဆယ်နှစ်သည် ဟာနိဒဿက ရုပ်အဆင်း၊ အားခွန်၊ အသိပညာတို့သည် တစ်နှစ်အောက် တစ်နှစ်ဆုတ်၏" ဟု ဖော်ပြထားသည်။ ဤသည်ကား လူတိုင်းခံစားရမည့် အပိုင်းဖြစ်သည်။

စာရေးသူလည်း ဖော်ပြပါအတိုင်း ခံစားရသည်။ တပ်မတော်တာဝန်ထမ်ဆောင်းစဉ် ၁၉၈၉ ခုနှစ်တွင် အသက် ၅၀ နှစ်အရွယ် ရောက်ခဲ့သည်။ ထိုအခါ ရှေ့တန်းနယ်မြေတွင် ချီတက်ရသောအခါ စစ်သည်ရဲဘော်များ နှင့် တန်းတူရည်တူမချီတက်နိုင်ခဲ့။ ဖြည်းလေးနေ၍ စစ်သည်များက စောင့်ပြီးချီတက်ရသည်။

ထို့ပြင် စားအုန်းဆီ၊ ဝက်သား၊ အမဲသားနှင့် မိုးတွင်းကာလတွင် ဖားသားများ အစားများပြီး သွားလာလှုပ်ရှား ရမှုက နည်းသောအခါ သွေးတိုးရောဂါခံစားရသည်။ အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ ဖြစ်ခဲ့သည်။ ဆရာဝန် ဆေးတပ်သားများ၏ ကုသမှုခံယူရသည်။ သက်သာရုံမျှသက်သာသည်။ ရောဂါမပျောက်ကင်းခဲ့ပေ။ ၁၉၈၈ ခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့ရှိ ဗထူးမြို့ စစ်ဦးစီးတက္ကသိုလ်တက်သောအခါ ဆရာဝန်၏ ညွှန်ကြားချက်အရ ဝက်သားစားရှောင်ခဲ့သည်။ သွေးတိုးပြီး ဆေးခန်း၌ကုသမှုခံယူရသည်။

ထိုစဉ်က သင်တန်းအတူတက်သော ဒုတိယဗိုလ်မှူးကြီး မြင့်ကျော်(မကွေး၊ မန္တလေးနှင့် မွန်ပြည်နယ် ရဲမှူးကြီး)က စာရေးသူ၏ သွေးတိုးရောဂါပျောက်ကင်းစေရန် ဦးဘညိန်နှင့်သားများမှ ထုတ်လုပ်သော သက်ရှည်ကျန်းမာဧကမ္ဘာဆေးအား တစ်နေ့သုံးလုံး နံနက်(သို့မဟုတ်)ညနေတွင်သောက်ရန် အကြံပေးသည်။

သူအကြံပေးချက်နှင့် အညီ ဗထူးတပ်နယ်ဆေးဆိုင်များမှ ဆေးတစ်ဘူးဝယ်ပြီး ပုံမှန်သောက်ခဲ့သည်။ သွေးတိုးရောဂါသက်သာသွားသဖြင့် ဆေးများအား အစဉ်ဝယ်သောက်ခဲ့သည်။ ထိုစဉ်က ဆေးတစ်ဘူး ၁၁ ကျပ်ပင် ပေးရသည်။ ယခု ထိုဆေးတစ်ဘူး ၈၀၀ ကျပ် ပေးရသည်။ ဆေးတစ်ဘူး ၂ လခန့် သောက်ရ၍ ကုန်ကျမှုသက်သာပါသည်။ သွေးတိုးရောဂါလည်း သုံးလေးနှစ် ဆေးသောက်လိုက်ရာ လုံးဝပျောက်ကင်းသွားပါ သည်။ ယခု ၈၂ နှစ်ထဲ ရောက်သည့်တိုင် စာရေးသူတွင် သွေးတိုးရောဂါမရှိတော့ပါ။ ပုံမှန်သွေးချိန်များဖြစ်သော အပေါ်သွေး ၁၂၀ နှင့် အောက်သွေး ၈၀ ဝန်းကျင်ပင်ရှိနေပါသည်။ သွေးတိုးရောဂါမစွဲကပ်သည်နှင့် နှလုံးရောဂါ လည်း ဖြစ်ပွားလာမှုမရှိတော့ပါ။ 

သတိပြုရန် အချက်မှာ ဧကမ္ဘာဆေးတစ်ဘူးနှစ်ဘူးဝယ်စားပြီး ဖြတ်ထားကာ အစားအသောက်ကလည်း မဆင်ခြင်လျှင် သွေးတိုးရောဂါမှာ ပြန်ဖြစ်ပါသည်။ ဤသည်လည်း လက်တွေ့ပင်ဖြစ်သည်။ စာရေးသူက မိမိကဲ့သို့ သွေးတိုးရောဂါရှိသူများကို ဤဆေးစားရန် အကြံပေးပါသည်။ သူတို့လည်း ဆေးဝယ်စားပါသည်။ တစ်ဘူးနှစ်ဘူးစားပြီး ဖြတ်ထားသည်။ အစားမဆင်ခြင်ရာမှ သွေးတိုးရောဂါပြန်ဖြစ်သည်။ ထိုအခါ ဆေးခန်း သွားပြီး ဆရာဝန်ညွှန်ကြားသည့် ဆေးများစားသည်၊ သက်သာသွားသည်၊ တစ်ဖန်အစားမဆင်ခြင်ရာမှ ရောဂါ ပြန်ဖြစ်ပြန်သည်။ ဤသို့ လုံးလည်လိုက်နေသူများလည်းရှိသည်။

အမှန်မှာယုံယုံကြည်ကြည်ဖြင့် နှစ်နှစ် သုံးနှစ်စားသုံးရပါမည်။ သွေးတိုးစာများလည်း ဆင်ခြင်စားသုံးပါလျှင် ရောဂါအမြစ်ပြတ်ပါသည်။ ကုန်ကျစရိတ်လည်း သက်သာပါသည်။

အချို့လူလတ်ပိုင်းဆိုလျှင် ဝင်ငွေကလည်း ကောင်းသည်။ ရာထူးဂုဏ်သိန်ကလည်း မြင့်သည်။ ထိုအခါ အစားက အကောင်းစားချည်းစားနေရသည်။ အရက်၊ ဘီယာကလည်း မပြတ်သောက်ဖြစ်သည်။ လုပ်ငန်းကလည်း လုပ်နေရရာ ဤသွေးတိုးရောဂါအား ဂရုမပြုမိရာမှ ရုတ်ခြည်းသွေးတိုးကာအရွယ်ကောင်းတွင် ကွယ်လွန်ရသူများလည်းရှိသည်။ အချို့အသက် ၆၀ ထိပင်မနေရ သေဆုံးကြရသည်။

ထို့ကြောင့် သွေးတိုးရောဂါသည် အသက် ၅၀ ဝန်းကျင်တွင် ဖြစ်တတ်သကဲ့သို့ ငယ်ရွယ်သူများလည်း အစားနှင့် အသောက်မဆင်ခြင်လျှင် ဖြစ်တတ်သော ရောဂါဖြစ်ပေသည်။

ထို့ကြောင့် ခေါင်းမူးခေါင်းဝေဖြစ်လျှင် သွေးပေါင်ချိန်တိုင်းကြည့်ပါ။ ပုံမှန်သွေး ၁၂၀ နှင့် ၈၀ ထက် ကျော်နေပါက ဧကမ္ဘာဆေးအား ပုံမှန်မှီဝဲပါအဆီအဆိမ့် အစားအစာများဖြစ်သော ဝက်သား၊ အမဲသား၊ ဘဲသား များစားခြင်း၊ ဆီပြန်ဟင်းအစားများခြင်း၊ ဒန်ပေါက်၊ အုံးနို့ခေါက်ဆွဲ၊ ထောပတ်ထမင်းစားခြင်းများအားလည်း ဆင်ခြင်စားမည်ဆိုပါလျှင် သွေးတိုးရောဂါဘေးကင်းဝေးပါမည်။ သွေးမတိုးလျှင် နှလုံးရောဂါအားလည်း ကာကွယ်ပြီး ဖြစ်ပါမည်ဟု အကြံပြုအပ်ပါသည်။

ဆီးချိုနှင့်လေငန်းရောဂါကာကွယ်ခြင်း

ဆီးချိုရောဂါသည်လည်း ယနေ့ကမ္ဘာ့လူသားများတွင် ကပ်ရောဂါအသွင်ကျရောက်နေပါပြီ။ အကြောင်းရင်း မှာ အထိုင်များခြင်းကြောင့် ဖြစ်သည်။ ယခုခေတ်ကာလတွင် ခရီးသွားလျှင် မော်တော်ကားနှင့် မော်တော် ဆိုင်ကယ်ဖြင့် သွားကြသည်။ လုပ်ငန်းခွင်ရောက်သောအခါတွင်လည်း ထိုင်ပြီးအလုပ်လုပ်ရသူကများသည်။

ထို့ပြင် အစားနှင့်ပတ်သက်၍ လည်း ရှေးကထက်ပိုပြီးများများစားကြသည်။ အဆီအအိမ့်နှင့် အချိုအစား အစာများအားလည်း ပိုပြီးစားကြသည်။ သို့သော် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်သူမှာ ရှာမှရှားဟု ပြောရမည်ပင်။

ကလေးသူငယ်အရွယ်တွင်လည်း မိဘများသည် ပညာရေးကိုသာ အလေးပေးပြီး ကလေးများအား စာကျက်စာမှတ်လုပ်ရန် တိုက်တွန်းကြသည်။ စီမံပေးကြသည်။ ကျန်းမာရေးလုပ်ရန် မည်သည့်မိဘကမျှ မတိုက်တွန်း၊ ကလေးများကလည်း အားကစားလုပ်ခဲသည်။ ထို့ကြောင့် အလယ်တန်း၊ အထက်တန်းကျောင်းသား အချို့ပင် အဝလွန်နေသည်ကို‌ တွေ့ရပေသည်။

အဝလွန်နေခြင်းသည် ဆီးချိုရောဂါအား ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေပေသည်။ ထို့ကြောင့် ဆီးချိုရောဂါကို ကာကွယ်သည့် နည်းလမ်းများမှာ အစားအစာများအား လွန်လွန်ကဲကဲစားသောက်ခြင်းကို ဆင်ခြင်ရပါမည်။ နောက်တစ်နည်းမှာ ကျန်းမာရေးလေ့ကျင့်ခန်းများ လုပ်ကြရပါမည်။ ကလေးများ ကျန်းမာရေးလေ့ကျင့်ခန်း လုပ်ဖြစ်စေရန် ကျောင်းဆရာနှင့်မိဘများမှ တိုက်တွန်းကြရပါမည်။ စီမံပေးကြရပါမည်။

အသက် ၅၀ အရွယ်ရောက်သောအခါ သတိပြုရန်မှာ မိမိ၏သွေးအတွင်း အချိုဓာတ်လွန်ကဲနေခြင်းရှိ၊ မရှိ စစ်ဆေးရပါမည်။ ယခုအခါတွင် ကျေးလက်ကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံနှင့် မြို့နယ်ဆေးရုံများတွင် ဆီးချို၊ သွေးချိုရှိ၊ မရှိ စစ်ဆေးပေးပါသည်။ အကယ်၍ မိမိအိမ်တွင် သွေးချိုတိုင်းစက်ဝယ်ထားပါက အချိန်မရွေး တိုင်းကြည့်သိရှိနိုင်ပါသည်။ သွေးအတွင်း အချိုဓာတ်သည် ၁၈၀ ကျော်နေပါက သွေးချိုရောဂါရှိနေပြီဟု သတ်မှတ်ရပါသည်။

စာရေးသူ၏ သမီးငယ်သည် အသက် ၅၀ ခန့်ရှိနေပါသည်။ ကိုယ်လက်ကိုက်ခဲနေသည်ဟု မကြာခဏ ညည်းတွားနေသဖြင့် စာရေးသူက သွေးအတွင်းအချိုဓာတ်အား သွေးချိုတိုင်းစက်ဖြင့် စစ်ဆေးစေပါသည်။ ၁၄-၆-၂၀၂၀ ရက်နေ့ နံနက် ၇ နာရီကျော်တွင် အစာမစားမီသွေးအချိုဓာတ်စစ်ဆေးရာ ၁၂၁ ဟု ပြနေသည်။ ထိုအခါ စာရေးသူက အချိုဓာတ်များနေသည်။ ဧကမ္ဘာဆေးအား နေ့စဉ် နံနက်တိုင်းသောက်ရန် ပြောကြားခဲ့သည်။ သမီးကလည်း ဆေးပုံမှန်သောက်သည်။ ၂ လမျှကြာသောအခါ သမီးက သွေးအတွင်း အချိုဓာတ်အား ၁၅-၈-၂၀၂၀ ရက်နေ့ နံနက်အစာမစားမီတိုင်းရာ သူ့သွေးအချိုဓာတ်မှာ ၉၈ ဟု ပြနေသည်။ သွေးအချိုဓာတ်လျော့ကျ သွားသည်။ ကောင်းသောလက္ခဏာပင်ဖြစ်သည်။ ထို့ကြောင့် စာရေးသူက ဧကမ္ဘာဆေးအား ရေရှည်စွဲသောက် ရန် ပြောထားရသည်။

စာရေးသူ၏ ဇနီးသည် ဆီးချို၊ သွေးချိုရောဂါအကြီအကျယ်ခံစားရကာ အသက် ၈၀ တွင် ကွယ်လွန်ခဲ့သည်။ မကွယ်လွန်မီ လေငန်းရောဂါပါဝင်လာသည်။ ၁၉၉၉ ခုနှစ်တွင် ဆီးချို၊ သွေးချိုရောဂါစတင်ဖြစ်ပွားသည်။ ဖြစ်စက ရက်ပေါင်း ၂၀ အတွက် ဆေးဖိုးကျပ် တစ်သောင်းသာကုန်ကျသည်။ နောက်ပိုင်းရောဂါရင့်လာသောအခါ ဆေးဖိုးကျပ် ငါးသောင်းမျှ ရက် ၂၀ တွင်ကုန်ကျသည်။ ရောဂါကမူ မပျောက်ကင်း ၂၀၁၈ ခုနှစ်ဆန်းပိုင်းတွင် ဤရောဂါဖြင့်ပင် ကွယ်လွန်ခဲ့သည်။

စတင်ဖြစ်ရသည့် အကြောင်းအရင်းမှာ စားအုန်းဆီ ဆီပြန်ဟင်းများနှင့် ကောက်ညှင်းအစားများခြင်းကြောင့် ဖြစ်ပေသည်။ ယခုအခါတွင် မိသားစု ၁၀ စုလျှင် ၇ စုမျှ ဆီးချိုဝေဒနာရှင်ဖြစ်နေပေပြီ။

ဤဆီးချို၊ သွေးချိုရောဂါအား လုံးဝမဖြစ်အောင် ကာကွယ်၍ရပေသည်။ အချိုဓာတ်လွန်ကဲသော ထမင်း၊ ကောက်ညှင်းနှင့်အဆီအဆိမ့်အစားအစာများအား လျှော့စားရပါမည်။ ကျန်းမာရေးလေ့ကျင့်ခန်းအနည်းဆုံး တစ်နေ့ ခြေလှမ်း ၁၀၀၀၀ လျှောက်ခြင်းပြုရပါမည်။ ဆေးဝါးအနေဖြင့် ဧကမ္ဘာဆေးလုံးအား နံနက်(သို့မဟုတ်)ညနေတွင် သုံးလုံး နေ့စဉ်ပုံမှန်သောက်ရပါမည်။ ဤသုံးချက်လိုက်နာလျှင် ဆီးချိုသွေးချိုနှင့် လေငန်းရောဂါများ ကာကွယ်ပြီးဖြစ်ပါမည်။ ကျန်းမာရေးအား ကျန်းမာနေစဉ်ကပင် ကြိုတင်ကာကွယ်ရပါမည်။

ဤဧကမ္ဘာဆေးတစ်ဘူးသည် တစ်ဦးတည်းသောက်ပါက ၈၀၀ ကျပ်မျှသာ ကုန်ကျပြီး ၂ လခန့် သောက်ရပါသည်။ အနောက်တိုင်းဆေးများ ဝယ်စားပါက ရောဂါနုစဉ် တစ်လကျပ် ၁၀၀၀၀ မျှ ကုန်ကျပြီး ရောဂါရင့်ပါက ထို့ထက်ပိုမိုကုန်ကျပါမည်။

ဆီးချိုရောဂါကာကွယ်ထားသည်နှင့် လေငန်းရောဂါလည်း ကာကွယ်ပြီးဖြစ်ပါသည်။ ဤသို့ ရှည်ရှည် လျားလျားဧကမ္ဘာဆေးအကြောင်းဖော်ပြနေခြင်းမှာ ဆေးကြော်ငြာနေခြင်းမဟုတ်ပါ။ လက်တွေ့စာရေးသူအကျိုးခံ စားရပြီး ပြည်သူတို့လည်း ရောဂါဘယဘေးကင်းဝေးစေချင်၍ တင်ပြနေခြင်းသာဖြစ်ပါသည်။ ပြည်သူအများ ကျန်းမာချမ်းသာစေချင်သည်မှာ စာရေးသူ၏ ဆန္ဒဖြစ်ပေသည်။ ကျန်းမာသည်နှင့် ငွေကုန်ကြေးကျသက်သာ ပြီး နှလုံးစိတ်ဝမ်းရွှင်လန်းခြင်းဖြစ်ကြရပါမည်။

ထို့ကြောင့် အထက်တွင် ဖော်ပြခဲ့သော ရောဂါကြီးလေးမျိုးဖြစ်သော သွေးတိုး၊ နှလုံး၊ ဆီးချိုနှင့် လေငန်း ရောဂါများ မိမိခန္ဓာကိုယ်အတွင်း မဝင်ရောက်စေရန်အတွက် ဧကမ္ဘာဆေးအား နေ့စဉ်သောက်သုံးကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။

အစားအစာကို ဆင်ခြင်စားသောက်ပြီး ကိုယ်လက်လှုပ်ရှားမှုကိုလည်း မပြတ်ပြုကြပါဟု ပြောပါရစေ။

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းပါသည်။ ရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်မှုအား ဆောင်ရွက်နိုင်ကြပါစေ။

မြင်းခြံကျော်အောင်







အခြားဆက်စပ်သတင်းများ