နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်

ရန်ကုန်၊ ဩဂုတ် ၂၆


လူငယ်ဟူသည် တက်ကြွ၏။ ရွှင်လန်း၏။ ဖျတ်လတ်၏။ ဉာဏ်ပညာထက်မြက်၏။ ထို့ကြောင့် လူငယ်တို့သည် အနာဂတ်၏ပန်းကောင်းအညွန့်များဟု တင်စားခေါ်ဆိုကြသည်။ လူငယ်တို့သည် လူငယ်ဘဝ ဉာဏ်ပညာထက်မြက်ရေးကို ဆောင်ရွက်ကြသကဲ့သို့ အပျော်အပါးများကိုလည်း နှစ်သက်မက်မောတတ်ကြ၏။ ထိုအပျော်အပါးကို ဆင်ခြင်တုံတရားထား၍ အတိုင်းအတာအကန့်အသတ်ဖြင့် ပျော်ပါးကြဖို့သာဖြစ်သည်။

အဆိုးရွားဆုံးမှာ အပျော်အပါးနောက် လမ်းမှားလိုက်မိကြသည့် လူငယ်လူရွယ်များဖြစ်သည်။ တစ်ချိန်က မူးယစ်ဆေးဝါးဆိုသည်မှာ လူငယ်လူရွယ်များတွင် ဆေးခြောက်နှင့် ဘိန်းဖြူတို့သာ သိရှိကြပြီး အန္တရာယ်ကြီးလှ သဖြင့် ရှောင်ရှားကြသည်။ ယခုအခါ စိတ်ကြွဆေးပြားများနှင့် ICE ၊ ECSTASY စသည်တို့ သုံးစွဲလာကြသည်။ အချို့လူငယ်၊ လူရွယ်တို့မှာ ငွေကြေးတတ်နိုင်ခြင်း၊ မိဘအုပ်ထိန်းသူတို့ တာဝန်မဲ့မှုနှင့် ကာယကံရှင်ကိုယ်တိုင် သတိလက်လွတ် သားကောင်ဖြစ်သွားရသည်။ လမ်းမှားသို့ လွဲမှားစွာလျှောက်လှမ်းနေသည်ကို နှမြောတသ ဖြစ်ရသည်။ 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျလက်ခံယူနိုင်ရန် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံး၌ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ဖွင့်လှစ်ထားကြောင်း အများပြည်သူသို့ ထုတ်ပြန်ကြေညာထားသည်။ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်။

ဩဂုတ် ၂၄ ရက်က တမူးမြို့နယ်၊ ခါမ်းပတ်မြို့၊ နန်းကတိတ်ကျေးရွာအနီးတွင် ငွေကျပ် ၁ ဒသမ ၁၆၈၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၃၂၀၀၊ ဘိန်းဖြူ ၃ ဒသမ ၃ ကီလို၊ အင်းတော်မြို့၊ နဘား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ငွေကျပ် ၂ ဒသမ ၃၉၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၇၈၈၀၀ တို့ကို များပြားစွာ ရှာဖွေဖမ်းဆီးရမိခဲ့သည်။ လူငယ်တို့ကိုဖျက်ဆီးမည့် နယ်စပ်မှ ဝင်ရောက်လာသည့် အသံမထွက် လက်နက်များသည် လူငယ်ထုဖြစ်သော အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စိမ့်ဝင်ပျံ့နှံ့လျက်ရှိပြီဟု ဆိုရပေမည်။ 

အနာဂတ်မျိုးဆက်သစ်များ အညွန့်တလူလူဖြင့် ဆက်လက်ထွန်းတောက်စေရန် လမ်းမှားသို့မရောက်စေရန် ကျွန်ုပ်တို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရမည်သာဖြစ်သည်။ လူငယ်လူရွယ်များ လမ်းမှားသို့မရောက်စေရေး ကယ်တင်စောင့်ရှောက်ကြရမည်မှာ ကျွန်ုပ်တို့အားလုံး၏ တာဝန်သာဖြစ်ပါကြောင်း။          ။






အခြားဆက်စပ်သတင်းများ