ဩဂုတ် ၂၅
အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့သည့် Northern Trust ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန်ဂေါက်သီးရိုက် ကစားသမား ဒက်စတင်းဂျွန်ဆင်က သတ်မှတ်ရိုက်ချက်ထက် အချက် ၃၀ ထိ လျှော့ရိုက်ကာ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဒက်စတင်းဂျွန်ဆင်ကို အမှတ်ပေးဇယား ဒုတိယနေရာမှ ဖိအားပေးနေသည့် အမေရိကန်ဂေါက်သီးရိုက် ကစားသမား ဟားရစ်အင်္ဂလိချ်သည် သတ်မှတ်ရိုက်ချက်ထက် ၁၉ ချက်သာ လျှော့ရိုက်နိုင်ခဲ့သဖြင့် အမှတ်ပေး ဇယားအဆင့် ၂ နေရာနှင့် ချန်ပီယံတို့ကြား ရိုက်ချက်ကွာဟမှု ၁၁ ချက်ထိ ရှိခဲ့သည်။
ဒက်စတင်းဂျွန်ဆင်အနေဖြင့် ချန်ပီယံဆုကို မှတ်တမ်းကောင်းတစ်ရပ်ဖြင့် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲတွင်းသတ်မှတ်ရိုက်ချက်ထက် အနည်းဆုံးရိုက်ချက်ဖြင့် ချန်ပီယံဆုဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။
ဒက်စတင်းဂျွန်ဆင်က “ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်လည်ရောက်ရှိခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒါဟာ ကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒပါ။ ချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့အဆင့် ၁ နေရာကိုလည်း ပြန်လည်ရရှိခဲ့လို့ ကျွန်တော့်အတွက်တော့ ဝမ်းသာဂုဏ်ယူစရာ ရက်သတ္တပတ်ပါ။ ဒီတစ်ကြိမ်မှာတော့ ကမ္ဘာ့အဆင့် ၁ နေရာမှာ ကြာနိုင်သမျှကြာအောင် နေနိုင်သွားဖို့အတွက် ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့ သည်။
(သူရိန်)