ရန်ကုန်၊ ဩဂုတ် ၂၅
မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ ရေနစ်မြှုပ်မှုများ နေရာအလိုက်ဖြစ်ပွား နေသည်။ ထိုသို့ဖြစ်ပွားနေသောကြောင့် ရေဘေးဒုက္ခကြုံတွေ့နေရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုအန္တရာယ်၊ ရုတ်တရက်ရေလွှမ်းမှုအန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ မြေပြိုမှုအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှု အန္တရာယ်၊ မြွေကိုက်မှုအန္တရာယ်နှင့် အအေးမိ၍ဖျားနာခြင်း၊ အဆုတ်ရောင်ခြင်း၊ ကူးစက်ရောဂါများဖြစ်သော ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ အစာအဆိပ်သင့်ရောဂါနှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်ပွားတတ်သည်။
ဝမ်းပျက်၊ ဝမ်းလျှောရောဂါအပါအဝင် အစားအစာနှင့် ရေမှတစ်ဆင့်ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားနိုင်သဖြင့် ကျိုချက်ထားသော ရေ (သို့မဟုတ်) ကလိုရင်းခတ်ထားသော ရေကိုသောက်ရန်နှင့် မြစ်ရေ၊ ချောင်းရေနှင့် မသန့်ရှင်းသောရေကို မသောက်ရန်လိုအပ်သည်။ အစာအဆိပ်သင့်မှုမဖြစ်စေရန် ရေမျှော အစားအစာများနှင့် စည်သွပ်ဘူးများ၊ အခြားအမျိုးအမည်မသိ အစားအစာများ မစားသောက်ရန်နှင့် သောက်သုံးရေအရင်းအမြစ်များနှင့် ရေတွင်းရေကန်များအနီးတွင် အညစ်အကြေးများ မစွန့်ရန်လိုအပ်သည်။
သံလွင်မြစ်ရေမြင့်တက်၍ မြစ်ရေဝင်ရောက်သောနေရာများနှင့် ချင်းတွင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးရှောင်နေရာများနှင့် ရေလွတ်ရာဒေသများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသော မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် များရှိ ဘေးသင့်နေရာများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးနှင့် နှာခေါင်းစည်း၊ ဆပ်ပြာများ ထောက်ပံ့ပေးလျက် ရှိရာ ထောက်ပံ့ပေးအပ်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ရေနစ်မြှုပ်ဒေသများတွင် နာမကျန်းမဖြစ်မှု၊ ထိခိုက်ဒဏ်ရာရရှိပါက ဆေးရုံနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းများတွင် ချက်ခြင်းပြသရန် ဆေးကုသမှု ခံယူရန်လိုအပ်သည်။ အအေးမမိစေရန် အမိုးအကာအောက်တွင်နေထိုင်ရန် လိုအပ်သကဲ့သို့ နွေးထွေးသော အဝတ်များ ဝတ်ဆင်ရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ရန်လိုအပ်သည်။ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားပါက ကျန်းမာရေးဌာနများတွင် အချိန်မီကုသမှုခံယူရန်နှင့် အဆင့်ဆင့်အချိန်မီ အမြန်ဆုံးသတင်းပို့ ရန် လိုအပ်သည်။ ရေလွှမ်းမိုးသောဒေသများတွင် ပြည်သူများအတွက် ကျန်းမာရေးသတိပြု ဆင်ခြင်စေချင် ကြောင်း။ ။