နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ဒုတိယအကြိမ် ကူးစက်ခံရ

ဟောင်ကောင်၊ ဩဂုတ် ၂၅


ဟောင်ကောင်မြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယအကြိမ် ကူးစက် ခံရသည့် ပထမဆုံး အတည်ပြုလူနာဖြစ်လာကြောင်း ဟောင်ကောင်တက္ကသိုလ်၏ သုတေသီများက ပြောသည်။ ဟောင်ကောင်မြို့မှ အသက် ၃၃ နှစ်အရွယ် အမျိုးသားမှာ ပြီးခဲ့သည့် မတ်လနှောင်းပိုင်းတွင် ရောဂါလက္ခဏာ အနည်းငယ်ခံစားခဲ့ရပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့်အတွက် မတ်လ ၂၉ ရက်တွင် ဆေးရုံတက်ခဲ့ရသော်လည်း နောက်ပိုင်းတွင် ရောဂါသက်သာသွားပြီး ဧပြီလ ၁၄ ရက်၌ ဆေးရုံမှ ပြန်ဆင်းခွင့်ရခဲ့သည်။

 

သို့သော် အဆိုပါအမျိုးသားမှာ နောက် ၄ လအကြာတွင် ဒုတိယအကြိမ် ရောဂါကူးစက်ခံခဲ့ရသည်။ စပိန်နိုင်ငံကို သွားရောက်ခဲ့သည့် အဆိုပါအမျိုးသားမှာ ဗြိတိန်နိုင်ငံမှတစ်ဆင့် ဟောင်ကောင်သို့ ပြန်လာပြီးနောက် ရောဂါပိုး တွေ့ရှိခဲ့သည်။ သြဂုတ်လ ၁၅ ရက်တွင် ရောဂါပိုးတွေ့ရှိ ခဲ့ခြင်းကြောင့် ဆေးရုံတင်ခဲ့ရသော်လည်း ယင်းထံတွင် ရောဂါလက္ခဏာမပြဟု ဆိုသည်။


ဒုတိယအကြိမ် ရောဂါကူးစက်ခံရပြီးချိန်မှာ သုတေသီများက ဗိုင်းရပ်စ်၏ မျိုးဗီဇဖွဲ့စည်းပုံတွေကို နှိုင်းယှဉ် လေ့လာခဲ့ရာ ဒုတိယအကြိမ် ကူးစက်ခံရသည့် ဗိုင်းရပ်စ်မှာ ပထမအကြိမ် ကူးစက်ခံရသည့် ဗိုင်းရပ်စ်နှင့် အနည်းငယ်ကွဲလွဲနေကြောင်း တွေ့ရသည်။ အဆိုပါဖြစ်ရပ်မှာ ပထမအကြိမ် ရောဂါကူးစက်ခံရချိန်က အဆုတ်ထဲရှိနေသည့် ဆဲလ်အသေများ ထွက်လာခြင်းကြောင့် Positive ပြခြင်းမဟုတ်ဘဲ တစ်ကျော့ပြန် ရောဂါကူးစက်ခံရမှု အစစ်အမှန် ဖြစ်သည်ဟု သုတေသီများက ဆိုသည်။ သို့သော် အဆိုပါဖြစ်ရပ်မှာ ထိတ်လန့်စရာ ကိစ္စ မဟုတ်ပေ။ အခြားကိုရိုနာဗိုင်းရပ်စ်များမှာလည်း တစ်ကျော့ပြန် ကူးစက်မှုဖြစ်ပွားလေ့ရှိသည်။ 


ယခုတွေ့ရှိချက်အရ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်သက်လာသည့် လူနာအချို့မှာ တစ်ကျော့ပြန် ရောဂါကူးစက်မှုကို အချိန်အနည်းငယ်သာ ကာကွယ်ပေးနိုင်ဖွယ်ရှိသည်ဟု ယူဆစရာဖြစ်သည်။ ထို့အပြင် ကိုရိုနာဗိုင်းရပ်စ်မှ ပြန်သက်သာလာသည့် လူနာများ၏ ပဋိပစ္စည်းများကို အသုံးပြုပြီး ကုသနည်းဖော်ဆောင် နေကြသည့် သိပ္ပံပညာရှင်များ၊ ဘေးကင်းပြီး ထိရောက်သည့် ကာကွယ်ဆေး ဖော်စပ်နိုင်ရန် တက်သုတ်ရိုက် ကြိုးပမ်းနေသူတွေအတွက် ထူးခြားဖြစ်ရပ်တစ်ခုဖြစ်သည်။ သို့သော် ယခုဖြစ်ရပ်ကို အပြီးသတ် ကောက်ချက်ချ နိုင်ရန် အချိန်စောလွန်းနေသေးသည်ဟု ဆိုသည်။ 


ကိုရိုနာဗိုင်းရပ်စ် ပဋိပစ္စည်းတွေအပေါ် အစောပိုင်းသုတေသနပြုလုပ်ချက်အရ ရောဂါသက်သာပျောက်ကင်း ပြီး လအနည်းငယ်အကြာတွင် ပဋိပစ္စည်းပမာဏ ကျဆင်းလာခြင်းကြောင့် ဗိုင်းရပ်စ်ကူးစက်မှုကို အချိန်ကြာကြာ ကာကွယ်ပေးနိုင်ဖွယ်မရှိဘူးဟု ယူဆနိုင်သည်။ သို့သော် ပဋိပစ္စည်းများက ကိုရိုနာဗိုင်းရပ်စ် မကူးစက်နိုင် အောင် ကာကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိ တိတိကျကျ မပြောနိုင်သေးပေ။ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်း အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၃ သန်းကျော်ရှိနေပြီး သေဆုံးသူ ၈၀၀၀၀ ကျော် ရှိနေသည်။                                                                                                         


KNT






အခြားဆက်စပ်သတင်းများ