နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွေးရည်ကြည်အသုံးပြုကုသမှုကို အမေရိကန် FDA အရေးပေါ်ခွင့်ပြုမိန့် ချမှတ်ပေး

ဝါရှင်တန်    ဩဂုတ်    ၂၄


ကိုရိုနာဗိုင်းရပ်စ် လူနာများကို သွေးရည်ကြည်အသုံးပြုကုသရန် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) က အရေးပေါ်ခွင့်ပြုမိန့် ချမှတ်ပေးခဲ့သည်။ အဆိုပါနည်းလမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရသော်လည်း ပြန်လည်သက်သာလာသူများထံမှ ပဋိပစ္စည်း ကြွယ်ဝစွာပါဝင်သော သွေးရည်ကြည်ကို အသုံးပြုကုသခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံတွင် အဆိုပါနည်းလမ်းဖြင့် ကုသမှုခံယူခဲ့သူ ၇၀၀၀၀ ကျော် ရှိနေပြီဟု ဆိုသည်။ သွေးရည်ကြည်အသုံးပြုကုသမှုမှာ သေဆုံးမှုပမာဏကို ၃၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်လိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ သို့သော် အဆိုပါကုသနည်းနှင့်ပတ်သက်၍ လေ့လာမှုများ နှိုက်နှိုက်ချွတ်ချွတ် လုပ်ရန် ကျန်ရှိနေသေးသည်ဟု ကျွမ်းကျင်ပညာရှင်အများအပြားက ထောက်ပြထားသည်။ 


အမေရိကန်နိုင်ငံ FDA က နိုင်ငံရေးအကြောင်းကိစ္စများကြောင့် ကာကွယ်ဆေးထုတ်လုပ်မှုနှင့် ကုသမှုနည်းလမ်းများ ပုံဖော်ဆောင်ရွက်ရေးကို နှောင့်နှေးအောင်လုပ်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပြီးနောက် တစ်ရက်အကြာတွင် သွေးရည်ကြည်ဖြင့် ကုသနည်းကို အရေးပေါ်ခွင့်ပြုမိန့် ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။ သွေးရည်ကြည်ဖြင့် ကုသနည်းမှာ အစွမ်းထက်သည့် ကုသနည်းဖြစ်သည်ဟု ဒေါ်နယ်ထရမ့်က ဆိုခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ ပြန်လည်သက်သာလာသူများအနေဖြင့် သွေးရည်ကြည် လှူဒါန်းပေးကြရန်  မေတ္တာရပ်ခံထားသည်။


သွေးရည်ကြည်ကုသနည်းဖြင့် ကုသမှုခံယူခဲ့သူ ၂၀၀၀၀ ၏ ရလဒ်များအပေါ် ပြန်လည်သုံးသပ်ခဲ့ပြီးနောက် အဆိုပါနည်းလမ်းဖြင့် ကုသမှုလုပ်ရန် စိတ်ချရသည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း FDA က ပြောသည်။ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅ ဒသမ ၇ သန်းနီးပါးရှိနေပြီး သေဆုံးသူ ၁၇၆၀၀၀ ကျော် ရှိသည်။    


KNT






အခြားဆက်စပ်သတင်းများ