နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန် လူအုပ်ပြိုလဲခဲ့၍ ပီရူးနိုင်ငံရှိ ညကလပ်တွင် လူ ၁၃ ဦး သေဆုံး

လီမာ    ဩဂုတ်    ၂၄


ပီရူးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ကန့်သတ်မှုများကို ချိုးဖောက်ခဲ့သည့် ညကလပ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်၌ ထွက်ပြေးရန် ကြိုးပမ်းရာမှ လူအုပ်ပိခြင်းကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ကလပ်တက်သူများက ပီရူးနိုင်ငံ လီမာမြို့၊ လော့စ်အိုလီဗို့စ် ခရိုင်ရှိ သောမတ်စ်ရီစတိုဘားကလပ်မှ ထွက်ပြေးရန် ကြိုးပမ်းချိန်တွင် လူအုပ်ပြိုလဲခဲ့ခြင်းဖြစ်သည်။ ရဲအရာရှိ သုံးဦးအပါအဝင် လူခြောက်ဦး ဒဏ်ရာရခဲ့ပြီး လူ ၂၃ ဦးကို ထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ 


ပီရူးနိုင်ငံတွင် ပြီးခဲ့သည့်မတ်လကတည်းက ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ယခုလအတွင်း လူစုလူဝေးပွဲများကို ပိတ်ပင်သည့်အမိန့် တစ်ကျော့ပြန် ချမှတ်ခဲ့သည်။ ပီရူးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ၇သူ ၅၇၆၀၀၀ ကျော်ရှိပြီး လူ ၂၇၀၀၀ ကျော် သေဆုံးခဲ့သည်။ ပြီးခဲ့သည့်စနေနေ့က ကလပ်တွင် ကျင်းပခဲ့သည့် တရားမဝင် မွေးနေ့ပွဲသို့ လူ ၁၂၀ နီးပါး တက်ရောက်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောသည်။ ရဲတပ်ဖွဲ့က ကလပ်ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ပါတီပွဲ ဆင်နွှဲနေသူများက ထွက်ပေါက်တစ်ပေါက်ထဲမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့ရာ တစ်ဦးနှင့်တစ်ဦး တိုးဝှေ့မိပြီး လှေကားထစ်တွင် ပိတ်မိခဲ့ခြင်းဖြစ်သည်။ 


ညကလပ်သို့ ဝင်ရောက်စီးနင်းရာတွင် ရဲတပ်ဖွဲ့က လက်နက် သို့မဟုတ် မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုခဲ့ခြင်းမရှိဟု ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြသည်။ သို့သော် ရဲတပ်ဖွဲ့က ယင်းတို့ကို မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ပစ်ခဲ့ပြီး ချောင်ပိတ်ဖမ်းဆီးခဲ့ဖွယ်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ပီရူးနိုင်ငံ အမျိုးသမီးရေးရာဝန်ကြီး ဆာဆဲတာက ပါတီပွဲကျင်းပသူများကို ဝေဖန်ခဲ့ပြီး ညကလပ်ပိုင်ရှင်များကို တတ်နိုင်သမျှ အကြီးလေးဆုံး ပြစ်ဒဏ်ချမှတ်ရန် တောင်းဆိုခဲ့သည်။     


KNT






အခြားဆက်စပ်သတင်းများ