နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုဖူလုံရေးအကျိုးခံစားခွင့်ငွေများကို Wave Money မှတစ်ဆင့် ထုတ်၍ရတော့မည်

ရန်ကုန် ဧပြီ ၂၁ COVID-19 စောင့်ကြည့်ခံရသူများအတွက် ထောက်ပံ့ပေးသည့် လူမှုဖူလုံရေးငွေကြေး အကျိုးခံစားခွင့်၊ ကိုယ်ဝန်ဆောင်မိခင်များ မကျန်းမာမှုအကျိုးခံစားခွင့်နှင့် ဆေးဖိုးစိုက် ထုတ်ကုန်ကျငွေများ ပြန်လည်ထုတ်ပေး ခြင်းတို့ကို Pilot အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဟု Wave Money မှ ထုတ်ပြန်လိုက်သည်။ Wave Money သည် မြန်မာနိုင်ငံရှိ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရှိသူများ၏ အကျိုးခံစားခွင့်များအတွက် တရားဝင်လုပ်ကိုင်ခွင့်ရ အွန်လိုင်းငွေပေးချေမှု ပလက်ဖောင်းတစ်ခုအဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၆ ရက်တွင် စတင် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။ ''မြန်မာနိုင်ငံလူမှုဖူလုံရေးအဖွဲ့အတွက် လုပ်ကိုင်ခွင့်ရအွန်လိုင်းငွေပေးချေမှု ပလက်ဖောင်းတစ်ခု အဖြစ် ဝန်ဆောင်မှုပေးခွင့်ရတဲ့အတွက် တကယ့်ကိုအထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်'' ဟု Wave Money ၏ အမှုဆောင်အရာရှိချုပ် Brad Jones က ပြောသည်။ လူမှုဖူလုံရေးငွေကြေးအကျိုးခံစားခွင့်ထောက်ပံ့ငွေများကို Wave Money မှတစ်ဆင့် ထုတ်ယူလိုလျှင် နီးစပ်ရာလူမှုဖူလုံရေးရုံးသို့ သွားရောက်ကာလိုအပ်သည့်အချက်အလက်များကို ရုံးမှပေးသည့်ဖောင်တွင် ဖြည့်စွက်ရမည် ဖြစ်သည်။ ထို့ပြင် မိမိတို့၏ ဖုန်းထဲကို Wave Pay အပ်ပလီကေးရှင်းထည့်သွင်းရန်လိုအပ်မည်ဖြစ်ပြီး အကျိုးခံစားခွင့် ရရှိသူများအနေဖြင့် လူမှုဖူလုံရေးရုံးမှပေးပို့သည့် ထုတ်ယူခွင့်စာတို (message) ရရှိလျှင် မည်သည့် Wave Money ဆိုင်တွင်မဆို ထုတ်ယူနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့အချိန်တွင် အလိုအပ်ဆုံးဖြစ်သည့် ဆေးကုသမှုနှင့် COVID-19 စောင့်ကြည့်ခံ ရသူများအတွက် ထောက်ပံ့ငွေများကို ဦးဆုံးဆောင်ရွက်ပေးခြင်းဖြစ်ပြီး တခြားအကျိုး ခံစားခွင့်များကို နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်ပေးသွားမည်ဟု Wave Money က ဆိုသည်။ မြန်မာနိုင်ငံတွင် အေးဂျင့်ဆိုင်ပေါင်း ၅၇၀ဝ၀ ကျော်ဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော Wave Money သည် Telenor၊ ရိုးမဘဏ်၊ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီဖြစ်သည့် Yoma Strategic Holdings တို့နှင့် ဖက်စပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ