နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရစ္စတိုးမြို့ တိရစ္ဆာန်ရုံတွင် မျိုးသုဉ်းမည့်စာရင်းဝင် လူဝံမကြီးမှ သားပေါက်လေး မွေးဖွား

ဩဂုတ် ၂၃၊ လန်ဒန်


ဗြိတိန်နိုင်ငံ ဘရစ္စတိုးမြို့ တိရစ္ဆာန်ရုံတွင် မွေးဖွားလာသည့် လူဝံသားပေါက်လေး၏ ဓာတ်ပုံများမှာ မြင်တွေ့သူများ၏ စိတ်နှလုံးကို ငြို့ငင်ဖမ်းစားနိုင်ခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ကိုးနှစ်အရွယ် လူဝံမကြီး ကာလာက လူဝံသားပေါက်လေး မွေးဖွားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ရိုက်ကူးထားသည့် ဓာတ်ပုံများအရ လူဝံသားအမိကို ဖက်လျက်သား မြင်တွေ့ရခြင်းဖြစ်သည်။ ကာလာမှာ ပြီးခဲ့သည့်နှစ်က ပထမဆုံးရင်သွေး မွေးဖွားခဲ့သော်လည်း မွေးဖွားပြီးနောက် ရက်သတ္တပတ်အကြာတွင် ကွယ်လွန်သွားခဲ့သည်။ 

သို့သော် ယခုအကြိမ်တွင် လူဝံမကြီး ကာလာနှင့် လူဝံသားပေါက်လေးတို့ ကျန်းမာရေးကောင်းမွန်စွာ ရှိနေသည်ဟု တိရစ္ဆာန်ရုံ ထိန်းသိမ်းစောင့်ရှောက်သူများက ပြောသည်။ ကာလာမှာ သဘာဝအတိုင်း ရင်သွေးမွေးဖွားခဲ့ခြင်းဖြစ်ပြီး လူဝံသားပေါက်လေးကို အထီး၊ အမ ခွဲရန် အချိန်ယူရဦးမည်ဟု ဆိုသည်။ ယခုနောက်ဆုံး မွေးဖွားလာသည့် လူဝံသားပေါက်လေး အပါအဝင် ဘရစ္စတိုးမြို့တိရစ္ဆာန်ရုံတွင် လူဝံသားပေါက် ၆ ကောင်အထိ ရှိလာပြီဖြစ်သည်။ လူဝံမကြီး ကာလာမှာ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ် ရင်ဆိုင်နေရသည့် အနောက်ပိုင်းမြေနိမ့်ဒေသ လူဝံမျိုးစိတ်ဖြစ်သည်။ လက်ရှိအချိန်တွင် သစ်တောအတွင်း ကျန်ရှိနေသည့် အနောက်ပိုင်းမြေနိမ့်ဒေသ လူဝံမျိုးစိတ် အကောင်ရေ ၁၀၀၀၀၀ သာ ရှိတော့သည်ဟု ခန့်မှန်းထားကြသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ