နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားဟုယူဆသည့် တောင်အာဖရိကနိုင်ငံသား ၁၁၆ နှစ်အရွယ်တွင် ကွယ်လွန်

ဩဂုတ် ၂၃၊ ဂျိုဟန်နက်စ်ဘတ်


ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားဟု ယူဆထားကြသည့် တောင်အာဖရိကနိုင်ငံသားမှာ အသက် ၁၁၆ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ ဖရက်ဒီဘလွန်း၏ မွေးစာရင်း မှတ်တမ်းအချက်အလက်များအရ ယင်းကို ၁၉၀၄ ခုနှစ်၊ မေလက အရှေ့ပိုင်းကိတ်ပြည်နယ်တွင် မွေးဖွားခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော် အဆိုပါမှတ်တမ်းကို ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က အတည်ပြုခဲ့ခြင်းမရှိပေ။ ဖရက်ဒီဘလွန်း ဆယ်ကျော်သက်အရွယ်တွင် ၁၉၁၈ ခုနှစ် စပိန်တုပ်ကွေးကပ်ရောဂါကြောင့် ယင်း၏ မိသားစုတစ်စုလုံး ကွယ်လွန်ခဲ့သည်။ ဖရက်ဒီဘလွန်းမှာ ကမ္ဘာစစ်နှစ်ကြိမ်နှင့် လူဖြူကြီးစိုးရေးဝါဒကို ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ ယင်းအနေဖြင့် အသက်ရှည်ရသည့် အထူးလျှို့ဝှက်ချက်မရှိကြောင်း ၂၀၁၈ ခုနှစ်က ဘီဘီစီနှင့် အင်တာဗျူးအစီအစဉ်တွင် ဖရက်ဒီဘလွန်းက ပြောခဲ့ဖူးသည်။

''ပြောစရာ တစ်ခုပဲ ရှိပါတယ်။ လူသားတွေရဲ့ အထက်မှာ ဘုရားသခင် ရှိတယ်။ သူက တန်ခိုးအနန္တရှိသူပါ။ ကျွန်တော့်မှာ ဘာမှ မရှိပါဘူး။ ကျွန်တော် အချိန်မရွေး တိမ်းပါးသွားနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားက ကျွန်တော့်ကို အသက်ဆက်ရှင်ခွင့်ပေးထားတယ်''ဟု ယင်းက ဆိုသည်။ ဖရက်ဒီဘလွန်းမှာ    တောင်ယာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်ခဲ့ပြီး  အသက် ၈၀ အရွယ်မှသာ အလုပ်မှ နားခဲ့ခြင်းဖြစ်သည်။ ယင်းမှာ လွန်ခဲ့သည့်နှစ်များစွာကတည်းက အရက်ဖြတ်ခဲ့သော်လည်း ပုံမှန်ဆေးလိပ်သောက်သူ ဖြစ်သည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်အာဖရိကအစိုးရက ပိတ်ဆို့မှုချမှတ်ထားရာ ဆေးရွက်ကြီး မဝယ်နိုင်သည့်အတွက် ဖရက်ဒီဘလွန်းအနေဖြင့် ၁၁၆ နှစ်ပြည့် မွေးနေ့တွင် စီးကရက်သောက်နိုင်ခဲ့ခြင်း မရှိပေ။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ