ဩဂုတ် ၂၂
မရှိမဖြစ် အဆုတ်
နှာခေါင်းမှရှုသွင်း၍ဝင်လာသောအောက်စီဂျင်တို့ကို၊အဆုတ်တစ်စုံက လက်ခံပေးပြီးနောက် ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများအားလုံးသို့ ဖြန့်ဝေပေးသောတာဝန်ကို ၂၄ နာရီပတ်လုံးလုပ်ဆောင်ပေးသည်။ ထို့ကြောင့် အဆုတ်တစ်စုံသည် အသက်ရှူလမ်းကြောင်းစနစ်၏ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သလို၊ခန္ဓာကိုယ်ကြီး တစ်ခုလုံးအတွက် မရှိမဖြစ်အင်္ဂါလည်းဖြစ်သည်။ သက်ရှိလူသားတစ်ယောက်သည် ရက်သတ္တပတ်အတန်ကြာ အစားမစားဘဲ၊ရက်အနည်းငယ်ကြာရေမသောက်ဘဲအသက်ရှင်နေနိုင်သော်လည်း၊အောက်စီဂျင်ပြတ်လပ်သွားပါက အသက်ဆုံးရှုံးစေမည်ဖြစ်သည်။ကျန်းမာသောလူတစ်ဦးသည် တစ်နေ့လျှင် အကြိမ် ၂၅,ဝ၀ဝ နီးပါးခန့် အသက်ရှုလေ့ရှိသည်။
အသက်ရှင်ရေးအတွက် ထိုမျှ အရေးပါသောအဆုတ်ကိုကျန်းမာစေရန် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုသည်။ ထို့ကြောင့် လူအများအဆုတ်ကျန်းမာရေးအလေးပေးကြစေရန် ရည်ရွယ်၍ နှစ်တစ်နှစ်၏ သြဂုတ်လ (၁) ရက်နေ့ကို World Lung Cancer Day အဖြစ် အထူးတလည်သတ်မှတ်ပေးထားသည်။ ထိုသို့သတ်မှတ်ရသည်မှာအကြောင်းရင်းတစ်ရပ် ရှိပေသည်။ ၂၀ ရာစုအစောပိုင်းကာလအထိကမ္ဘာ့လူသားများအဆုတ်ကင်ဆာကြောင့် ကွယ်လွန်သူနည်းပါးခဲ့သော်လည်းတဖြည်းဖြည်းနှင့် အဆုတ်ကင်ဆာကြောင့် ကွယ်လွန်သူဦးရေများလာခဲ့သည်။ ၂၀၁၂ ခုနှစ်ရောက်သောအခါ ကမ္ဘာတစ်ဝန်း အဆုတ်ရောဂါ နာတာရှည်လူနာ ၁ ဒသမ ၈ သန်းခန့် ဖြစ်ပေါ်လာခဲ့သည်။
ဆေးလိပ် နှင့် အဆုတ်ကင်ဆာ
ကမ္ဘာ့ကျန်းမာရေးသုတေသီများ၏ ၁၉၅၀ ပြည့်နှစ် သုတေသနပြုမှတ်တမ်းများအရ ဆေးလိပ်သောက်ခြင်း ကအဆုတ်ကိုပျက်စီးစေနိုင်ကြောင်းလေ့လာတွေ့ရှိရသည်။ သုတေသီများ၏ ဆက်လက်စူးစမ်းဖော်ထုတ် စမ်းသပ်ချက်များအရဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာဖြစ်စေမှုကို ၉၄ ရာခိုင်နှုန်းသေချာကြောင်း အဖြေထွက်ရှိခဲ့ရာ၁၉၆၂ ခုနှစ်တွင် အဆုတ်ကင်ဆာဖြစ်ခြင်းအစ ဆေးလိပ်ကဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့သည်။ အဆိုပါ စမ်းသပ်ချက်များအရ ဆေးလိပ်သောက်သူသည် မသောက်သူထက် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၂၄ - ၃၆ ဆ ပိုများကြောင်း၊ ကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်းတစ်ဆင့်ခံဆေးလိပ်ငွေ့ရှုမိခြင်းကအဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၃ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်းသိရသည်။ ထို့ပြင် ဆေးလိပ် စတင်သောက်သုံးသောအသက်အရွယ်၊ ဆေးလိပ်အရေအတွက်၊ ဆေးရွက်ကြီး (သို့မဟုတ်) စီးကရက် အမျိုးအစားစသည်တို့ပေါ်မူတည်၍ အဆုတ်ကင်ဆာအဖြစ် အနှေးနဲ့အမြန် သက်ရောက်မှုရှိသည်။ ထို့ကြောင့် အဆုတ်ကျန်းမာရေးအတွက် ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှုကိုအထူးရှောင်ရှားရန် လိုအပ်သည်။
အဆုတ်ကျန်းမာရေးဂရုစိုက်ပေးစေချင်
အထက်တွင်ဖော်ပြထားသကဲ့သို့ ဆေးလိပ်မီးခိုးငွေ့ကြောင့် အဆုတ်ပျက်စီးစေသလိုစက်ရုံအလုပ်ရုံထွက် ဓာတ်ငွေ့များ၊ စက်တပ်ယာဉ် အမျိုးမျိုးမှ ထွက်ရှိလာသောမီးခိုးများ၊ ရေဒီယိုသတ္တိကြွပစ္စည်းများ၊ asbestos (ခေါ်) ကျောက်မှုန့်၊ ဖုန်မှုန့်၊ မြေမှုန့် စသည်တို့ကြောင့်လည်း Air Pollution (ခေါ်) ပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်းကိုဖြစ်စေကာအဆုတ်ကျန်းမာရေးအတွက် ကြီးစွာသောဘေးထွက်ဆိုးကျိုးများရစေသည်။
လူသည် အမြဲအသက်ရှုနေခြင်းဖြင့် အသက်ရှင်နေရသည်။ အသက်ရှူအင်္ဂါအဖွဲ့အစည်းတွင် အဆုတ် နှင့် လေပြွန်များ ပါ ဝင်သည်။ အဆုတ်ကျန်းမာရေးအတွက် လေပြွှန်များကောင်းမွန်ခြင်း၊ အဆုတ်အတွင်းရှိ လေအိတ်ငယ်များ ကောင်းမွန်ခြင်းနှင့် အဆိပ်အတောက်ကင်းသော လေကောင်းလေသန့်ရရှိခြင်းတို့ လိုအပ် သည်။ လေထုညစ်ညမ်းခြင်းကြောင့် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၊ နှလုံးရောဂါ၊ နာတာရှည်အဆုတ်လေပြွန်ပိတ်ဆို့သောရောဂါ၊ အဆုတ်ကင်ဆာတို့ကို ဖြစ်စေနိုင်သည်။ ထို့ပြင် အသက်ရှူကျပ်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်းနှင့် နှလုံးရောဂါအခံရှိတွေအတွက် နှလုံးရောဂါ ကို ပိုမိုဆိုးရွားစေသည်။
ထို့ကြောင့် အဆုတ်ကျန်းမာရေးချို့တဲ့၍ ကျန်းမာရေးထိခိုက်ခြင်း၊ အသက်သေဆုံးခြင်းများမှ ကင်းဝေးစေရန် လေသန့်ရှူနိုင်အောင် ဂရုပြုနေထိုင်ခြင်း၊ လေထုညစ်ညမ်းမှုကင်းဝေးအောင် အစီအမံများပြုလုပ်ခြင်း၊ အခန်းတွင်း လေဝင်လေထွက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ တီဘီနှင့် ကူးစက်ရောဂါများ မကူးစက်ရအောင် သတိပြုနေထိုင်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းအပါအဝင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်မှုများ ပြုလုပ်ခြင်း၊ လုပ်ငန်းခွင်များတွင် အမှုန်အမွှားများ၊ ဓာတ်ငွေ့များ စသည့် အဆုတ်ကို ထိခိုက်စေသည့်အခြေအနေများရှိပါက အကာအကွယ်သုံးခြင်း စသည်ဖြင့် အဆုတ်အတွက်သာမက ဘဝတစ်သက်တာလုံး သက်ရှည်ကျန်းမာအောင် ပြုမူနေထိုင်သင့်ပေသည်။
အောက်ဖော်ပြပါ ရိုးရှင်းသောလူနေမှုပုံစံဖြင့် ကျန်းမာသောအဆုတ်ကိုထိန်းသိမ်းထားနိုင်ပါစေကြောင်းအကြံပြုမျှဝေလိုပါသည်။
ဆေးလိပ်မသောက်ပါနှင့်
ရှေးရာစု နှစ်ပေါင်းများစွာကတည်းကစ၍ ယနေ့ထက်တိုင် ဆေးလိပ်မသောက်ရန် ကျန်းမာရေး အသိပေးလျှက်ရှိသော်လည်း၊ ဆေးလိပ်သောက်သူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် မြင့်သထက်မြင့်၍နေသည်။ စီးကရက် မီးခိုးငွေ့ထဲတွင်ပါရှိနေသောကာဗွန်အဆိပ်ဓာတ်ငွေ့သည် အဆုတ်တစ်သျှူး များကိုပျက်စီးစေပြီး အဆုတ်ကင်ဆာရောဂါဖြစ်နှုန်းကို မြင့်တက်စေသည်။ ဆေးလိပ်သောက်သူရော၊ တစ်ဆင့်ခံ မီးခိုးနံ့ရှူရှိုက် မိသူတွေကိုပါ အဆိပ်ဖြစ်စေသည်။
အဆုတ်သန့်လေ့ကျင့်ခန်းလုပ်ပါ
(၁) ခပ်ဖွဖွအသက်ရှုခြင်းကအဆုတ်အားနည်းစေတတ်သည်။ထို့ကြောင့် လေကောင်းလေသန့်ရသော နေရာမှာ တစ်နေ့လျှင်အနည်းဆုံး တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်ခပ်သွက်သွက်လမ်းလျှောက်ရင်း အသက်ပြင်းပြင်းရှု၍ လေကို တဝကြီးရှိုက်သွင်းပါ။ထိုနည်းကအဆုတ်အားကောင်းစေပြီး၊ ခန္ဓာကိုယ်အတွက်လိုအပ်သော အောက်စီဂျင်ကို အလုံအလောက်ဖြည့်တင်းပေးသည်။ (၂) ချွေးထွက်ခြင်းကခန္ဓာ ကိုယ်ထဲမှအဆိပ်ကျစေနိုင်၍၊နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးမိနစ်၂၀ခန့် ရေနွေးနွေးဖြင့်စိမ်ချိုးပေးပါ။ (၃) တစ်နေ့လျှင်၁၅မိနစ်မှနာရီဝက်ခန့်ယောဂကျင့်သည့် အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့်အဆုတ်ထဲရှိ စီးကရက်မီးခိုးအဆိပ်ငွေ့များပြေပျောက်စေသလို၊ jogging (ခေါ်) ဖြေးဖြေးမှန်မှန်ပြေးခြင်းကလည်းအသက်ရှူ လမ်းကြောင်းကိုကောင်းမွန်စေသည့် အားကစားတစ်မျိုးဖြစ်သည်။ (၄) ခန္ဓာကိုယ်မှ အဆိပ်အတောက်များ လျှော့ချရန်အတွက်ချွေးများများထွက်ဖို့လိုသည်။ ထို့ကြောင့် ခပ်မြန်မြန်လမ်းလျှောက်ခြင်း၊ပြေးခြင်း၊ ခုန်ပေါက်ခြင်း စသည့် ကိုယ်ကာယလေ့ကျင့်ခန်း ခပ်ပြင်းပြင်းကို နေ့စဉ်မိနစ် ၂၀ ခန့် မရပ်မနားလုပ်ပေးသင့်သည်။ (၅)နေ့စဉ် ပူဖောင်းအနည်းငယ်ကိုမှုတ်ပေးခြင်းကအဆုတ်၏လေစုပ်ယူနိုင်မှု စွမ်းဆောင်ရည်ကိုတိုးမြှင့်စေရုံမက၊ အဆုတ်ကိုပိုမိုသန်မာစေသည်။ (၆) လေကိုအသုံးပြု၍ တီးမှုတ်ရသော ပုလွေ၊ နှဲစသည့်တူရိယာများကိုတီးမှုတ် ပေးခြင်းကအဆုတ်ကိုကျန်းမာစေသည်။ (၇) သီချင်းဆိုခြင်းကလည်းအဆုတ်သန့်စေသောလေ့ကျင့်ခန်းတစ်မျိုးဖြစ်သည်။
အဆုတ်သန့်စေသော အစားအစာများစားပေးပါ
(၁) တောငှက်ပျောဖူးကချွဲသလိပ်ပျော်ကျစေပြီး အသက်ရှုလမ်းကြောင့်ပွင့်စေသည်။ (၂) ငရုတ်သီး၊ ငရုတ်ကောင်းတို့၏ အပူဓာတ်ကသွေးလည်ပတ်စီးဆင်းမှုကိုအားကောင်းစေပြီး၊ အသက်ရှုလမ်းကြောင်းအတွင်း ရောဂါပိုးများဝင်ရောက်ခြင်းကိုတိုက်ထုတ်ပေးသည်။ ထို့ပြင် လည်ချောင်းနာနှင့် ချောင်းဆိုးခြင်းတို့ကိုလည်း သက်သာပျောက် ကင်းစေသည်။ (၃) rosemary (ခေါ်) မွှေးကြိုင်သည့် ဆေးဖက်ဝင် အမြဲစိမ်းချုံနွယ်ပင်က အဆုတ်သွေးလည်ပတ်စီးဆင်းမှုကို အားပေးသည်။(City Mart ဆိုင်များ၏ အချိုရည်ဘူးများရောင်းချသောဆိုင်များတွင် နိုင်ငံခြားဖြစ် အသင့်သောက် rosemary ဖျော်ရည်ကိုရရှိနိုင်သည်) (၄)ဂရိတ်ဖရုသီး (ခေါ်) ရှောက်ခါးသီးက ကင်ဆာဖြစ်စေသောအင်ဇိုင်းကိုဟန့်တားပေးသည်။၄င်းအသီးက ဆေးလိပ်ဖြတ်ပြီးနောက် ပိုင်းအဆုတ်သန့်ရှင်းရေးအတွက် အထူးကောင်းမွန်သောအသီးဖြစ်သည်။ အကယ်၍ဂရိတ်ဖရုသီးအရသာကိုမကြိုက်ပါက နာနတ်သီးစားပါ။ ထိုအသီးများထဲတွင်ပါရှိသော သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းက အသက်ရှူလမ်းကြောင်းကိုတိုးတက်ကောင်းမွန်စေ၍ ၄င်းသစ်သီးဖျော်ရည်များကို တစ်နေ့လျှင် ၃၀ဝ မီလီ လီတာခန့်သောက်ပါ။(၅) နံနက်စာပြီးနောက်ပိုင်းနှင့်နေ့လယ်စာမတိုင်မီကြားကာလတွင်မုန်လာဥနီဖျော်ရည် ၃၀ဝ မီလီ လီတာ သောက်ပေးပါ။ မုန်လာဥနီကအဆုတ်သွေးကြောထဲရှိသွေးများကိုအယ်လ်ကာလီဓာတ်ပြုစေပြီးအဆုတ်သန့်စင်စေသည်။ (၆) ရွှေဖရုံသီးကလည်း မုန်လာဥနီကဲ့သို့ပင် အဆုတ်ကျန်းမာရေးအတွက်အကျိုးအာနိသင် ပြည့်ဝသော အသီးတစ်မျိုးဖြစ် သည်။ (၇) ပိုတက်စီယမ်က အဆိပ်အတောက်များကိုပြေစေသော အစွမ်းရှိသဖြင့်၊ ပိုတက်စီယမ် ဓာတ်ကြွယ်ဝသောတရုတ်နံနံပင် (သို့မဟုတ်)ဟင်းနုနယ် (သို့မဟုတ်) ငှက်ပျောသီးဖျော်ရည် ၄၀ဝ မီလီလီတာခန့်ကို နေ့လယ်ထမင်းစားပြီးတိုင်း သောက်သုံးပေးပါ။ အဆုတ်သန့်စင်စေရုံမျှမက အစာကိုလည်း ကြေညက်စေသည်။ (၈) ညအိပ်ရာမဝင်ခင်cranberry (ခေါ်) အနီရောင်အချဉ်သီးဖျော်ရည်သောက် ပေးခြင်းဖြင့် အဆုတ်ထဲရှိ ဗက်တီးရီးယားပိုးမွှားများကိုအစွမ်းထက် တိုက် ထုတ်ပေးနိုင်သည်။ (၉) ထားဝယ်မှိုင်းပင်က အဆုတ်ကိုသန့်စင်ပေးရုံသာမက၊ အဆုတ်အမြှေးပါးကိုလည်း ကောင်းကျိုးပြုသဖြင့် ပြုတ်၍ဖြစ်စေ၊ လက်ဖက်ရည်ကြမ်း ခတ်၍ဖြစ်စေ သောက်သုံးပေးပါ။ (၁၀) ဘလူးဘယ်ရီးသီးများတွင်ပါရှိသောအစွမ်းထက်မြက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အဆုတ်ရောဂါ ဗက်တီးရီးယားပိုးများကို တိုက်ထုတ်နိုင်စွမ်းရှိသည့်အတွက် ညအိပ်ရာမဝင်ခင် ဘယ်ရီသီး (သို့မဟုတ်)အနက်ရောင်စပျစ်သီးဖျော်ရည် ၄၀ဝ မီလီ လီတာခန့်သောက်သုံးပါ။(၁၁) ပန်းငရုတ်ပွသီး(ခေါ်)ငရုတ်ချိုများကအဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ကျစေသည်။ (၁၂) လိမ္မော်သီးကအဆုတ်အတွက် အောက်စီဂျင်စုပ်ယူရာမှာအကူအညီပေးသည် (သို့သော် အလွန်ချိုသောလိမ္မော်သီးမျိုးကိုမဆိုလိုပါ) (၁၃) အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ ပဲစေ့နှင့် အခွံမာသီးများကအဆုတ်ကိုကောင်းမွန်စွာအလုပ်လုပ်နိုင်စေဖို့အတွက် လိုအပ်နေသောမဂ္ဂနီစီယမ် နှင့် သတ္တုဓာတ်များကိုအားဖြည့်ပေးသည်။ (၁၄) ပန်းသီးကိုနေ့စဉ် တစ်လုံးအမြဲစားသုံးပေးခြင်းဖြင့် ပိုမိုကျန်းမာသောအဆုတ်ကို ပိုင်ဆိုင်စေနိုင်သည်။ (၁၅) နနွင်း၊ ချင်း(ဂျင်း)၊ ချင်းစိမ်း၊ ချင်းတက်များတွင် ရောင်ရမ်းမှုကိုလျော့ကျစေသော သတ္တိပါဝင်ပြီး အဆုတ်မှ ညစ်ညမ်းမှုများကိုဖယ်ထုတ်ပေးသည်။ (၁၆)သလဲသီးထဲမှာအဲလက်ဂျစ်အက်ဆစ် နှင့်ဓာတ်တိုးဆန့်ကျင် ပစ္စည်းများစွာပါရှိနေ၍၊ အဆုတ်တွင် အကြိတ် ဖြစ်ပွားမှုကိုလျှော့ချပေးသည်။ (၁၇) အစိမ်းရောင်ဟင်းသီး ဟင်းရွက်များဖြစ်ကြသောဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ အဖြူ၊ ပန်းဂေါ်ဖီစိမ်း(ခေါ်)ဘရိုကိုလီ၊ ကိုက်လန်များမှာသွေး ဆဲလ်အသစ်များတည်ဆောက်ပေးနိုင်သောကလိုရိုဖီးလ်အပြည့်အဝပါဝင်နေပြီး အဆုတ်အတွင်းရှိသွေးများကိုသန့်စင်စေသည်။ ၄င်းဟင်းရွက်များက အဆုတ်ကင်ဆာဖြစ်ပွားနိုင်မည့် အလားအလာကိုထက်ဝက်လျှော့ချပေးနိုင်သည်။ (၁၈) ကြက်သွန်အဖြူ နှင့် ကြက်သွန်နီတို့က နှလုံးနှင့်အဆုတ်အတွက် အထူးကောင်းမွန်သည်။ (၁၉) သန့်ရှင်းသောသောက်ရေကိုများများသောက်ပါ။ သန့်ရှင်းစင်ကြယ်သောရေကအဆုတ်၏ရေဓာတ်ကိုထိန်းသိမ်းပေးပြီး၊ ချွဲ၊ သလိပ်၊ နှပ်၊ နှာရည် စသည့် စွန့်ပစ်ပစ္စည်းများကိုအလွယ်တကူ ယိုစိမ့်ထွက်ရှိလာပြီး အဆုတ်ကိုသန့်စေသည်။(၂၀) သကြားမုန်လာဥ (ခေါ်) မုန်လာဥနီအလုံး (ခေါ်) Beet Root စားပါ။ (သကြားမုန်လာဥကို မြန်မာပြည်၏ အေးမြစိုစွတ်သော ရှမ်းပြည်နယ် ဒေသများတွင်သာတွေ့ရတတ်ပြီး၊ အောက်မြန်မာပြည်တွင် တွေ့မြင်ရခဲသည်။ ၄င်းအရောင်က သွေးနီရောင် (သို့မဟုတ်) ခရမ်းနီရောင်ဖြစ်ပြီး၊ ဓားဖြင့်လှီးဖြတ်လိုက်သောအခါ သွေးရည်ကြည်ကဲ့သို့ နီနီရဲရဲအရည်ရွှမ်းသည်။ ဥပုံစံက ကြက်သွန်နီကဲ့သို့လုံးဝိုင်း၍ အပေါ်ယံအခွံ အထပ်အထပ်ကလေးတွေဖြစ်နေပြီး၊ လက်သီးဆုပ်ခန့် အရွယ်အစားမျိုးဖြစ်သည်။ ဥ၏ထိပ်ပိုင်းမှာ အစိမ်းရင့်ရောင် (သို့မဟုတ်) စိမ်းညိုရောင်သန်းသော ရိုးတံရှည်နှင့်အတူ အရွက်ဖားဖားများပါရှိနေသည်) (၂၁) စပျစ်သီး၊ စပျစ်သီးဖျော်ရည်၊ စပျစ်ဝိုင်သောက်ပါ။ (၂၂) မာလကာရွက်ပြုတ်ရည် သောက်ပါ။ (၂၃) သခွားမွှေးသီးစားပါ။
အိမ်တွင်းလေထုညစ်ညမ်းမှု မရှိပါစေနှင့်
ထိုင်ခုံစွပ်၊ အိပ်ရာဖုံး၊ ကော်ဇော၊ ခန်းဆီးလိုက်ကာ၊ ပန်းချီကားနှင့် Synthetic (ခေါ်) သဘာဝနည်း ကဲ့သို့ဓာတုပစ္စည်းများဖြင့် ပြုပြင်ဖန်တီးထားသောပစ္စည်းများ၊ အိမ်တွင်းပရိဘောဂများကြောင့် အိမ်ထဲ တွင် မှိုပိုးမွှား မျိုးစိတ်ပေါင်း ၁၀ဝ၀ ကျော်ဖြင့် ပြည့်နှက်၍နေသည်။ ထို့ပြင် ခွေး၊ ကြောင်စသော အိမ်မွေး တိရစ္ဆာန်များ၏ အမွှေးအမျှင်များကလည်း အသက်ရှုလမ်းကြောင်းကို ဆိုးရွားစေသည်။ အထူးသဖြင့် လေဝင် လေထွက်ပြတင်းပေါက်မရှိသော တိုက်အိမ်ခန်းများအတွက် အိမ်တွင်းလေကိုသန့်စင်ပေးသည့် indoor air purification(ခေါ်) လေစုက်စက်များတပ်ဆင်ထားသင့်သည်။
အိမ်ထဲတွင် အပင်စိုက်ပါ။
အိမ်တွင်းလေကောင်းလေသန့် ရရှိစေရန်အတွက် လူတချို့က ပင်စိမ်းပင်၊ ပူဒီနာပင်တို့ကိုပန်းအိုးလှလှ လေးများဖြင့်စိုက်ကြသလိုတချို့ကလည်းဂမုန်းပန်းပင်စိုက်ကြသည်။ ၁၉၈၀ နှစ်နောက်ပိုင်းတွင် နာဆာ (NASA)၏ လေ့လာချက်အရများစွာသောအိမ်တွင်းစိုက်အပင်များနှင့် အိမ်အလှဆင်ရန်သုံးသော အပင်ငယ်များသည် သဘာဝလေကို ရရှိစေရန် ထုတ်လွှင့်ပေးနိုင်သော်လည်း၊ ၄င်းအပင်စိုက်သောအခါ သစ်ရွက်များကို ဖုန်ကင်းစင်စေရန် သတိပြုရမည်ဖြစ်ကြောင်းနှင့် ရေအများကြီးလောင်းခြင်းမျိုးကိုရှောင်ကြဉ်သင့်ကြောင်း အကြံပြုထားသည်။
ရှုဆေးသုံးပါ။
(၁) ယူကလစ်ဆီ၇စက်ခန့်ကိုရေနွေးထဲအစက်ချပြီး၊ရေနွေးအေး၍အငွေ့မပျံတော့သည်အထိ ရှူရှိုက် ပေးခြင်းဖြင့် အဆုတ်ထဲရှိချွဲသလိပ်၊ အရိအရွဲများအရည်ပျော်ကျကာအဆုတ်သန့်စင်လာစေသည်။(၂) ကြက်ဆူဆီကို ရင်ခေါင်းတစ်လျှောက်လိမ်းပြီး၊အငွေ့ကိုရှူရှိုက်ပေးခြင်းဖြင့်အဆုတ်ထဲရှိအဆိပ်ဖြစ်စေသော သငံရည် (သားနံရည်) တို့ကိုဖယ်ရှားသုတ်သင်ပေးနိုင်သည်။ (ပေါက်ပေါက်)