နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစိုးရထုတ်ပြန်ချက်နောက်ကျခြင်းကြောင့် အချို့သော စက်ရုံ၊ အလုပ်ရုံများ ပြဿနာအချို့ ရင်ဆိုင်နေရ

ရန်ကုန် ဧပြီ ၂၀ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဧပြီ ၃၀ ရက်အထိ စက်ရုံ၊ အလုပ်ရုံများ စိစစ်ပြီးမှ ဖွင့်လှစ်ခွင့်ပေးမည်ဟု ဧပြီ ၁၉ ရက်က ထုတ်ပြန်ချက်သည် နောက်ကျနေသည့်အတွက် အလုပ်ရှင်နှင့် အလုပ်သမားများ ပဋိပက္ခဖြစ်နေသည်ဟု သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။ ဧပြီ ၂၀ ကစတင်ပြီး ၃၀ ရက်အထိ စက်ရုံများ ဖွင့်ခွင့်မပေးခြင်းကို ဧပြီ ၁၉ ညနေပိုင်းတွင် ထုတ်ပြန်ခြင်း ကြောင့် လုပ်ငန်းခွင်ဝင်မည့် လုပ်သားများနှင့် လုပ်ငန်းခွင်ကိုစတင်မည့် လုပ်ငန်းရှင်များ ဧပြီ ၂၀ ရက် နံနက်တွင် ပြဿနာများဖြင့် ကြုံတွေ့နေရသည်ဟု ပြောသည်။ “မနေ့ကထုတ်ပြန်ချက်ကြောင့် ဒုက္ခရောက်ရတာက ထုတ်ပြန်ချက်က အရမ်းနောက်ကျတယ်။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က ထုတ်ပြန်ခဲ့မယ်ဆို နယ်ကလာတဲ့သူတွေက မလာဘူး။ အခု ပြဿနာတက်နေတာက လစာကိစ္စ။ ဝန်ကြီးဌာနဘက်က သုံးဆယ်ရက်နေ့အထိ ပိတ်ခိုင်းတယ်။ ဒီဆယ်ရက်ကို လုပ်ငန်းရှင်က သူပိတ်ချင်လို့ပိတ်တာမဟုတ်ဘူး။ အစိုးရကပိတ်ခိုင်းလို့ ပိတ်ရတာ။ အစိုးရကလည်း အဲဒီဆယ်ရက်အတွင်းမှာပိုက်ဆံဘယ်လိုပေးရမလဲဆိုတာ ထုတ်ပြန်ချက်မှာ မပါဘူး။ အစိုးရနဲ့ လုပ်ငန်းရှင်က အဲဒီနှစ်ခု ညှိဖို့လိုတယ်။ တချို့တစ်ဝက်ပဲပေးမှာလား။ လုံးဝမပေးဘူးလား။ ပြဿနာတွေဖြစ်နေတယ်”ဟု သွေးစည်း ညီညွှတ်သောသမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူ ဒေါ်မျိုးမျိုးအေးက ပြောသည်။ ထုတ်ပြန်ချက် အချိန်နီးကပ်မှ ထုတ်ပြန်ခြင်းကြောင့် လုပ်ငန်းခွင်သို့ဝင်ရောက်မည့် လုပ်သားများသည် အနယ်နယ်အရပ်ရပ်မှ လုပ်ငန်းခွင်သို့ ပြန်လာချိန်တွင် နေထိုင်ရာအဆောင်များကလည်း လက်ခံခြင်း မရှိသည့်အပြင် ရပ်ကွက်နေသူများကလည်း လက်မခံသဖြင့် အလုပ်သမားများ ဒုက္ခရောက်နေကြောင်း သိရသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဧပြီ ၂၀ မှ ၃၀ အတွင်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသည့် လုပ်ငန်းများကိုသာ ဖွင့်လှစ်ခွင့်ပေးမည်ဟု ဧပြီ ၁၉ ရက် က ကြေညာထားသည်။ လက်ရှိတွင် ယင်းထုတ်ပြန်ချက်ကိုမလိုက်နာဘဲ ယနေ့မှစပြီး စက်ရုံ၊ အလုပ်ရုံများကို လုပ်ငန်းလည်ပတ်နေသည့် စက်ရုံများလည်းရှိသည်ဟု ဒေါ်မျိုးမျိုးအေးက ပြောသည်။ (မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ