ရန်ကုန် ဩဂုတ် ၂၁
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၂၀၀ ကျော်သည် အရက်ကို စွဲစွဲမြဲမြဲသောက်သုံးကြောင်းနှင့် သန်း ၈၀ နီးပါးမှာ အရက်ယမကာကြောင့်ဖြစ်သော ဝေဒနာများ ခံစားနေရ သည်ဟု လေ့လာတွေ့ရှိချက်ကို ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှု လျော့နည်းစေရေးအတွက် ဥပဒေအကြောင်းအရ ပညာပေးမြှင့်တင်ခြင်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ နေထိုင်မှုပုံစံပြောင်းလဲမှုကို အကြောင်းအမျိုးမျိုးပြပြီး အရက်သောက်သုံးသူများ ပိုမို များပြားလာ၏။ အသက်ငယ်ရွယ်သူများအပြင် မိန်းကလေးများလည်း သောက်သုံးလာကြသည့်အတွက် ယမကာအန္တရာယ်သည် တစ်နေ့တစ်ခြား ကြီးမားလာသည်။ ယမကာအရက်ကို မသောက်ရ မနေနိုင်သည့် အရက်စွဲရောဂါခံစားနေရသူများတွင် အရက်အဆိပ်ကြောင့် ခန္ဓာကိုယ်ထဲရှိ အင်္ဂါအစိတ်အပိုင်းများ ပျက်စီးရပြီး နောက်ဆက်တွဲရောဂါပေါင်းစုံရရှိကာ အသည်းခြောက်ရောဂါခံစားရပြီး အသက်အန္တရာယ်ဖြစ်စေသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့်ပူးပေါင်း၍ အရက် ယမကာသောက်သုံးမှုလျှော့ချရေးအတွက် မူဝါဒများရေးဆွဲခြင်း၊ မဟာဗျူဟာများ ရေးဆွဲချမှတ်နိုင်ရေး ဆောင်ရွက် ခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပို့ကုန်သွင်းကုန်ဥပဒေအရ ပြည်ပမှ တင်သွင်းခွင့် မပြုသော ကုန်ပစ္စည်းများတွင် ဘီယာ၊ စီးကရက်များကို တည်ဆဲဥပဒေအရ ကန့်သတ်တားမြစ်ထားသည်။ တရားဝင် အခွန်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော နိုင်ငံခြားအရက်အမျိုးမျိုးကို လက်ဝယ်ထားရှိခြင်း၊ သိုလှောင် ခြင်း၊ ဖြန့်ဖြူးခြင်း၊ လက်လီလက်ကားရောင်းချခြင်း ပြုလုပ်ပါက အောက်တိုဘာလမှစတင်၍ အထူးကုန်စည်ခွန် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေးထားသည်။
ပြည်တွင်းသို့ တရားမဝင်နည်းလမ်းအမျိုးမျိုးဖြင့်ရောက်ရှိနေသော နိုင်ငံခြားဖြစ်အရက်အမျိုးမျိုးကို ကျသင့် အခွန်ငွေပေးဆောင်စေပြီး A1 အမှတ်အသား(ခြင်္သေ့)အခွန်အမှတ်တံဆိပ်ကို စက်တင်ဘာတစ်လလုံး ကပ်နှိပ် ပေးသွားမည်ဖြစ်ရာ တရားမဝင်နည်းလမ်းဖြင့် ရောက်ရှိလာသည့် အရက်အမျိုးမျိုးကို ဟန့်တား နိုင်မည်ဖြစ်သည်။
အရက်အဖျော်ယမကာသည် လူတို့ကို ကျန်းမာရေးထိခိုက်စေခြင်းနှင့် ကိုယ်ကျင့်သိက္ခာနှင့် ပြစ်မှုကျူးလွန်မှု များကို အလွယ်ကူဆုံး အလျင်မြန်ဆုံးဖြစ်ပေါ်စေသောကြောင့် အရက်ယမကာသောက်သုံးမှု လျော့နည်းစေရေး ဝိုင်းဝန်းကာကွယ်ပေးစေချင်ကြောင်း ။ ။