ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်း၌ လူစုလူဝေးမှတစ်ဆင့် လျင်မြန်စွာ ကူးစက် နိုင်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါအား ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ အပါအဝင် အခြားဆိုင်များအား ပါဆယ်ထုပ်ဖြင့် ရောင်းချပေးသွားရန် ကျောက်တံတားမြို့နယ် စည်ပင် သာယာရေးကော်မတီမှ Hand Speaker/ Loud Speaker အသုံးပြု၍ မြို့နယ်အတွင်း၌ မတ် ၂၉ ရက်၊ မွန်းလွဲပိုင်းက လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။ ကျောက်တံတားမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်နှင့် အခြား ဆိုင်များတွင်လည်း ဆိုင်အတွင်း တည်ခင်းရောင်းချခြင်းမပြုဘဲ ပါဆယ်ထုပ်ရောင်းချခြင်းဖြင့်ပေးရန်နှင့်ရောင်းသူနှင့် ဝယ်သူ အချင်းချင်းကြား အနည်းဆုံးသုံးပေအကွာ စီစဉ်ပေးရန် အသိပေးအကြောင်းကြား ထားကြောင်း ခေါက်ဆွဲသုပ်၊ အသုပ်မျိုးစုံဆိုင်များနှင့် ကွမ်းယာဆိုင်များလည်း ရောင်းချခြင်းမပြုရန် အသိပေးထားကြောင်း ကျောက်တံတားမြို့နယ် စည်ပင်သာယာရေးကော်မတီရုံးမှ အကြောင်းကြားစာ ထုတ်ပြန်ထားချက်အရ သိရသည်။ COVID-19 ရောဂါကာကွယ်နိုင်ရန်အတွက် လက်ဆေးခြင်းနှင့် Mask တပ်ရုံဖြင့်မပြီးဘဲ အရေး အကြီးဆုံးအချက်များဖြစ်သည့် စားသောက်ဆိုင်များရှိ အသုံးအဆောင်ပစ္စည်းများဖြစ်သော ပန်းကန် နှင့်ဇွန်းများ လူအများအတူတူ လမ်းဘေးထိုင်စားကြသော လက်နှင့်ကိုင်သည့် လမ်းဘေးအစားအစာ များ၊ ဖုံးအုပ်ပြီး ရောင်းချခြင်းမရှိသော အစားအစာများအပါအဝင် အတူတကွသောက်သုံးကြသည့် ရေသန့်ဘူးနှင့်အအေးပိုက်များအား သတိထားကြရန်လိုအပ်ပြီး ယင်းအချက်များမှတစ်ဆင့် ရောဂါကူးစက် နိုင်သောကြောင့် အထူးသတိထား၍ သီးသန့်စားသောက် နေထိုင်ကြရန်လိုအပ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက သတိပေးပြောထားကြောင်းလည်း သိရသည်။ အလားတူ ပြည်သူလူထုသို့ လိုက်လံအသိပေးနှိုးဆော်မှုကို ပုဇွန်တောင်မြို့နယ်တွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ . မိုးခါး