နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယ်လီဖိုးနီးယား တောမီးကို ငြှိမ်းသတ်နေသည့် ရဟတ်ယာဉ်ပျက်ကျ၍ လေယာဉ်မှူး သေဆုံး

ဩဂုတ် ၂၀၊ ဝါရှင်တန်


ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေသည့် ရဟတ်ယာဉ်ပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့သည်ဟု အမေရိကန်နိုင်ငံ အာဏာပိုင်များက ပြောသည်။ ရေဖျန်းပေးနေသည့် ရဟတ်ယာဉ်မှာ ကိုအာလင်ဂါမြို့အနီး ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပေါ်တွင် လေယာဉ်မှူးတစ်ဦးသာ လိုက်ပါခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှု ရာနှင့်ချီ ရင်ဆိုင်နေရခြင်းကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်က အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ တောမီးများ အချိန်တိုအတွင်း ကူးစက်လောင်ကျွမ်းခဲ့ခြင်းကြောင့် ဆန်ဖရန်စစ္စကိုမြို့အနီးတစ်ဝိုက် ဒေသများတွင် နေထိုင်သူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ တောမီးလောင်ကျွမ်းခံရနိုင်ခြေ အများဆုံးမှာ ဆန်ဖရန်စစ္စကိုမြို့နှင့် ဆာခရာမန်တိုမြို့ကြားရှိ လူ ၁ သိန်းနီးပါး နေထိုင်သည့် ဗာကာဗီးလ်မြို့ ဖြစ်သည်။ ဗာကာဗီးလ်မြို့တွင် နေထိုင်သူများကို ရွှေ့ပြောင်းပေးနိုင်ရန် အရာရှိများက ညတွင်းချင်း တစ်အိမ်တက် တစ်အိမ်ဆင်း ဆောင်ရွက်ခဲ့သည်။ ဗာကာဗီးလ်မြို့တွင် မီးလောင်ပြာကျခဲ့သည့် အဆောက်အအုံ ၅၀ ရှိပြီး နောက်ထပ်အဆောက်အအုံ ၅၀ ထိခိုက်ပျက်စီးခဲ့သည်ဟု မီးသတ်အရာရှိများက ပြောသည်။


အပူလှိုင်းဖြတ်ခံရသည့် ကယ်လီဖိုးနီးယားပြည်နယ်တွင် ပြီးခဲ့သည့် ၃ ရက်အတွင်း မိုးကြိုးပစ်ခတ်မှု အကြိမ် ၁၁၀၀၀ နီးပါးရှိ၍ မီးတောက်လောင်ခဲ့ခြင်းဖြစ်မည်ဟု ယူဆကြသည်။ ယခုရက်သတ္တပတ်အစောပိုင်းက  ကယ်လီဖိုးနီးယားပြည်နယ်၏ သေမင်းတောင်ကြား(Death Valley)တွင် ကမ္ဘာမြေ၏ အပြင်းဆုံးအပူချိန်အဖြစ် ( ၅၄ ဒသမ ၄ ဒီဂရီဆဲလ်စီးယက်)ကို တိုင်းတာရရှိခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံ အနောက်ပိုင်းပြည်နယ်များတွင် နေထိုင်သူ ၄၅ သန်းနီးပါးမှာ အပူဒဏ် တစ်မျိုးမဟုတ်တစ်မျိုး ခံစားခဲ့ရသည်။


လက်ရှိအချိန်အထိ ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီး ၃၆၇ ခု လောင်ကျွမ်းနေပြီး တောမီးလောင်ကျွမ်းမှု အရေအတွက် မြင့်တက်လာမည့် အလားအလာရှိနေသည်ဟု ပြည်နယ်အုပ်ချုပ် ရေးမှူး ဂါဗင်နယူးဆမ်က ပြောသည်။ ပြီးခဲ့သည့်အင်္ဂါနေ့ညက လေတိုက်ခတ်မှုကြောင့် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသတွင် တောမီးလောင်ကျွမ်းခံရသည့် အကျယ်အဝန်းမှာ ဧက ၄၆၀၀၀ အထိ ကြီးထွားလာခဲ့သည်။ ဝါရှင်တန်ဒီစီမြို့ထက် ပိုကြီးမားသည့် တောမီးကြောင့် လူလေးဦး ဒဏ်ရာရခဲ့ပြီး ဗာကာဗီးလ်မြို့၏ အဆောက်အအုံ ၂၀၀၀ နီးပါးမီးလောင်ကျွမ်းခံရမည့် အန္တရာယ်ကြုံတွေ့နေသည်။ 


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ