ဩဂုတ် ၂၀
COVID-19 ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲများနဲ့ အာရှဖလားခြေစစ်ပွဲတွေကို ၂၀၂၁ ခုနှစ်၊ မတ်လမှာ ပြန်ကျင်းပနိုင်ဖွယ်ရှိတယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် Sports Star Magazine သတင်းဌာနက ဖော်ပြသွားပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နဲ့ အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့ဟာ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတကာဘောလုံးပြိုင်ပွဲများကို ကျင်းပဖို့အခက်အခဲရှိတာကြောင့် အဆိုပါ ပွဲစဉ်များကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းလိုက်တာပါလို့ ဩဂုတ် ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
AFC က ရွှေ့ဆိုင်းခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် အာရှဖလားခြေစစ်ပွဲတွေကို လာမယ့်နှစ်နိုင်ငံတကာ ပြိုင်ပွဲများနှင့် ညှိနှိုင်းကာပြန်လည်ကျင်းပမှာဖြစ်တာကြောင့် FIFA ရဲ့ ၂၀၂၁ ခုနှစ် နိုင်ငံတကာပြိုင်ပွဲရက်သတ္တ ပတ်ဖြစ်တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ကျင်းပဖွယ်ရှိကြောင်း Sports Star Magazine က ဖော်ပြထားပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းက ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယခြေစစ်ပွဲမှာ အုပ်စု(စ)၌ ဂျပန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားအသင်းတွေနဲ့ တွေ့ဆုံကစားရမှာဖြစ်ပါတယ်။
မြန်မာ့ လက်ရွေးစင်အသင်းဟာ ခြေစစ်ပွဲ ငါးပွဲကစားအပြီးမှာ နှစ်ပွဲနိုင် သုံးပွဲရှုံး ရမှတ်ခြောက်မှတ်နဲ့ အုပ်စုတွင်းစတုတ္ထ နေရာမှာ ရပ်တည်နေပါတယ်။ မြန်မာ့လက်ရွေးစင်အသင်း ၂၀၂၂ ကမ္ဘာ့ဖလားအာရှခြေစစ်ပွဲ တတိယအဆင့် အုပ်စု လက်ကျန်သုံးပွဲကို အောက်တိုဘာနဲ့ နိုဝင်ဘာလမှာယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် FIFA ရဲ့ ပွဲစဉ်များ ရွှေ့ဆိုင်း ခဲ့တာကြောင့် လာမယ့်နှစ်မှသာ နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ရတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။
(SO)