ဩဂုတ် ၁၉၊ ဂျကာတာ
သြဂုတ်လ ၁၉ ရက် နံနက်အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း ကမ်းလွန်ဘက်တွင် ဗဟိုပြုချက် အနက်ပေတိမ်သည့် အင်အားပြင်း ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့သည်ဟု အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ပြင်းအား ၆ ဒသမ ၈ မဂ္ဂနီကျူ့စ်နှင့် ၆ ဒသမ ၉ မဂ္ဂနီကျူ့စ်ရှိသည့် ငလျင် ၂ ကြိမ်မှာ အချိန် ၆ မိနစ်ခြားပြီး လှုပ်ခတ်ခဲ့သည်။ သို့သော် ထိခိုက်ပျက်စီး၊ သေဆုံးမှု ဖြစ်နိုင်ခြေနည်းပါးသည်ဟု အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောသည်။
အင်အားပြင်းငလျင်များ လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီလှိုင်း ရိုက်ခတ်နိုင်သည်ဆိုသည့် သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိပေ။ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နိုင်ငံများကို ခြိမ်းခြောက်နိုင်ခြင်းမရှိဟု အိန္ဒိယသမုဒ္ဒရာ ဆူနာမီသတိပေးရေးနှင့် ဘေးအန္တရာယ် သက်သာလျော့ပါးစေရေးစနစ်က ပြောသည်။
၂၀၀၄ ခုနှစ်က ဆူမားတြားကျွန်း ကမ်းလွန်ဘက်တွင် ပြင်းအား ၉ ဒသမ ၁ မဂ္ဂနီကျူ့စ် ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အိန္ဒိယသမုဒ္ဒရာတစ်ဝိုက် နိုင်ငံများကို ဆူနာမီလှိုင်းများ ရိုက်ခတ်ခဲ့ပြီး လူ ၂၂၀၀၀၀ ကျော် သေဆုံးခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ တစ်နိုင်ငံတည်းတွင် သေဆုံးသူ ၁၇၀၀၀၀ ဝန်းကျင် ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်ကလည်း ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျူ့စ်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူလာဝီစီကျွန်းမှာ ဆူနာမီလှိုင်းများ ရိုက်ခတ်ခဲ့ခြင်းကြောင့် သဆုံးသူ၊ ပျောက်ဆုံးသူ ၄၃၀၀ ကျော် ရှိခဲ့သည်။
Ref:BBC(KNT)