နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဓမ္မကျင့်ခံရသည့် ၁၀ နှစ်သမီး၏အမည်ကို အွန်လိုင်းတွင်ဖော်ပြမှုကြောင့် ဘရာဇီးတွင် ယမ်းပုံမီးကျ ဒေါသထွက်နေ

ဩဂုတ် ၁၉၊ ဘရာစီလီယာ


အဓမ္မပြုကျင့်ခံရသည့် ၁၀ နှစ်အရွယ် မိန်းကလေးငယ်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အသေးစိတ်အချက်အလက် များကို အွန်လိုင်းပေါ်တွင် ဖော်ပြခဲ့ပြီးနောက် ဘရာဇီးနိုင်ငံတွင် ယမ်းပုံမီးကျ ဒေါသထွက်မှုများ ဖြစ်ပွားခဲ့သည်။


မိန်းကလေးငယ်အနေဖြင့် ကိုယ်ဝန်ဖျက်ချမှု မလုပ်နိုင်စေရန် ရည်ရွယ်ပြီး ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ယင်း၏အမည်ကို အွန်လိုင်းပေါ် တင်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဖော်ပြခဲ့ပြီးနောက် ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သူများက မိန်းကလေးငယ် ခွဲစိတ်မှုလုပ်မည့် ဆေးရုံအပြင်ဘက်တွင် စုဝေးခဲ့ကြသည်။ မိန်းကလေးငယ်မှာ အဓမ္မပြုကျင့်ခံရခြင်းကြောင့် ကိုယ်ဝန်ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းကို အဓမ္မကျင့်ခဲ့သည်ဟု သံသယရှိသည့် အမျိုးသားကို ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ 


အဆိုပါဖြစ်ရပ်ကြောင့် ဘရာဇီးနိုင်ငံတွင် နာကျည်းခံပြင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဂူဂဲလ်၊ ဖေ့ဘွတ်ခ်နှင့် တွစ်တာတို့အနေဖြင့် မိန်းကလေးငယ်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ယင်းတို့၏ ပလက်ဖောင်းများပေါ်မှ ဖယ်ရှားပေးရန် ဘရာဇီးတရားသူကြီးက ညွှန်ကြားခဲ့သည်။ ၂၄ နာရီအတွင်း ဖယ်ရှားပေးခြင်းမရှိပါက အဆိုပါကုမ္ပဏီများကို တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၉၀၀၀ ဒဏ်ငွေပေးဆောင်ခိုင်းမည်ဟု တရားသူကြီး ဆိုးရက်စ်က အမိန့်ချမှတ်ခဲ့သည်။ ဘရာဇီးနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုအပေါ် တင်းကျပ်သည့် ဥပဒေချမှတ်ထားသော်လည်း အဓမ္မပြုကျင့်ခံရသည့်ဖြစ်ရပ်များတွင် မိခင်လောင်းအနေဖြင့် အသက်အန္တရာယ် ကြုံရနိုင်ခြင်း၊ သန္ဓေသားလောင်းတွင် ဦးနှောက်နှင့် ဦးခေါင်းဖွံ့ဖြိုးမှုကို တားဆီးသည့် မွေးရာပါချွတ်ယွင်းချက် ရှိခြင်း စသည့်အခြေအနေများအတွက် ကိုယ်ဝန်ဖျက်ချခွင့်ပြုထားသည်။ မိန်းကလေးငယ်အနေဖြင့် ကိုယ်ဝန်ဖျက်ချရန် တရားဝင်ခွင့်ပြုချက် ရရှိထားသော်လည်း ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သည့် လှုပ်ရှားသူများက ဆေးရုံအပြင်ဘက်တွင် ဆူညံစွာဆန္ဒပြပြီး ကိုယ်ဝန်ဖျက်ချမှုမလုပ်နိုင်အောင် တားဆီးရန် ကြိုးပမ်းခဲ့သည်။ ဆန္ဒပြသူများက ဆေးရုံဝန်ထမ်းများကို လူသတ်သမားများဟု ပုတ်ခတ်ခဲ့ကြပြီး ဆေးရုံပရိဝုဏ်အတွင်း အတင်းအကျပ် ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာ လုံခြုံရေးနှင့် ထိန်းသိမ်းရေးအဖွဲ့ဝင်များက လူစုခွဲခဲ့ရသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ