နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရာသီ အအေးမပတ်စေတဲ့ ခေါင်းလျှော်နည်း

ရန်ကုန်   ဩဂုတ်  ၁၉


တစ်ကိုယ်ရေသန့်ရှင်းရေးကိစ္စတွေထဲမှာ ခေါင်းလျှော်ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပူနွေးစွတ်စိုတဲ့ မုတ်သုံရာသီမှာ ဆံပင်ကအဆီပြန်ပြီး ညစ်နွမ်းနေတတ်ပြီး ဆံပင်နှစ်ခွဖြစ်ခြင်း၊ မှိုစွဲခြင်းတွေလည်း  ဖြစ်တတ်ပါတယ်။  ဒါကြောင့်  ခေါင်းလျှော်ဖို့ မပျင်းပါနှင့်။ သို့သော် မိုးအေးအေးမှာ ခေါင်းလျှော်ခြင်းက လူကိုအအေးပတ်နိုင်ပါတယ်။ အထူးသဖြင့် ဆံပင်အုံ ကောင်းသူတွေနှင့် ဆံသားထူသူတွေက  နောက်စေ့ (ဦးခေါင်းအောက်ခြေ၏ အနောက်ဖက်)တစ်ဝိုက်မှာ အုံပြီးကိုက်ခဲနေတတ်တာမျိုးပါ။ အဲဒီလို မဖြစ်ရလေအောင် နည်းလမ်းမှန်  ခေါင်းလျှော်နည်းကို အောက်ပါအတိုင်း အကြံပြုလိုပါတယ်။

- မိုးရာသီမှာ ဦးရေပြားစိုထိုင်းဆပိုများကာ၊ ဆံပင်ထိခိုက်ပျက်စီးမှုပိုများပြီး ဆံပင်ဂရုစိုက်ဖို့ လိုပါတယ်။

- ခေါင်းကို ရက်သတ္တတစ်ပတ်ကို တစ်ကြိမ်လျှော်ပါ။ (နွေခေါင်ခေါင် ပူပြင်းတဲ့ရာသီတွေမှာတော့  ချွေးထွက်တဲ့  အခြေအနေပေါ်မူတည်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုအရ တစ်ပတ်ကို နှစ်ကြိမ်လျှော်ပါ)

- ဦးစွာတစ်ခေါင်းလုံးအနှံ့က ဆံပင်တွေစိုသွားအောင် ရေလောင်းချပါ။ ပြီးရင် မိမိလျှော်နေကျ ခေါင်းလျှော်ရည်   Shampoo နဲ့ ဦးရေပြားရော ဆံသားတွေအနှံ့ကုတ်၍-ပွတ်၍-နှိပ်နယ်၍ သော်လည်းကောင်း  လျှော်ပါ။

- အားရပါးရပွတ်နယ်ပြီးတဲ့အခါမှာ လက်ခုပ်ထဲကို ရေနည်းနည်းစီထည့်၍ ငယ်ထိပ်၏ အနောက်ဖက်ပေါ်သို့ လက်ခုပ်ထဲက ထိုရေကိုလောင်းပေးပါ။ ခေါင်းလျှော်ရည်နဲ့ ချေး(ဂျီး)ရည်တွေကို လက်နုဲ့ ဆုပ်၍ညှစ်ချပါ။ (မျက်စိထဲ  ခေါင်းလျှော်ရည် မဝင်အောင်လို့ ယခုလို ငယ်ထိပ်အနောက်ဖက်ပေါ်ကနေ ရေနဲ့ညှစ်ချခြင်းဖြစ်ပါတယ်)

- အထက်ပါနည်းအတိုင်း နှစ်ကြိမ် သုံးကြိမ်လောက်လုပ်ပြီးတဲ့အခါ နောက်ထပ် Shampoo ဖြင့် တစ်ခေါင်းလုံးကို  ဒုတိယအကြိမ်ပွတ်ပါ။ (မိုးအေးသော မုတ်သုံရာသီတွင် တစ်ပတ်မှာတစ်ကြိမ်သာလျှင် ခေါင်းလျှော်ခြင်းဖြစ်၍  ဦးရေပြားနဲ့ ဆံသားပေါ်က ချေးညှော်တွေ လုံးဝသန့်စင်စေဖို့အတွက် Shampoo ဖြင့် နှစ်ခါလျှော်ပေးခြင်းဖြစ်ပါတယ်) ဒါပေမယ့် ဒီဒုတိယအကြိမ်မှာတော့ Shampoo ကို နည်းနည်းသာသုံးပါ။

- အဲဒီလို လုပ်ပြီးတဲ့အခါမှာ Shampoo  ကို နှပ်(နှူး)ထားတဲ့ အနေဖြင့်  ရေချက်ချင်းလောင်းမချသေးဘဲ မိမိတစ်ပတ်စာသုံးခဲ့တဲ့ ဘီး၊ ဘီးကုပ်၊ ဆံညှပ်တို့ကို သွားတိုက်တံ(သွားပွတ်တံ)အဟောင်းဖြင့် ပွတ်တိုက်၍  ဆေးကြောသန့်စင်ပါ။

- ပြီးရင် ခေါင်းလျှော်ရည်ကို ညှစ်ချကာ၊ ရေများများဖြင့်စင်အောင် လျှော်ချပစ်ပါ။ (Shampoo အမွှေးနံ့တွေ  ပြေပျောက်တဲ့အထိ ရေများများနဲ့ ဆေးကြောပေးဖို့လိုအပ်ပါတယ်။ အကယ်၍ ဆံပင်မှာ Shampoo တွေ စွဲကျန်နေတဲ့အခါ ဦးရေပြားနဲ့ ဆံသားကိုထိခိုက်စေပါတယ်၊ ဒါ့အပြင် နောက်တစ်ပတ်အထိ မခံတော့ဘဲ ယင်း Shampoo အနံ့နှင့် ဦးခေါင်းကထွက်လာတဲ့ ချွေး-အဆီနံ့တွေဓာတ်ပြုပြီး ခေါင်းကို အနံ့ဆိုး ထွက်စေတတ်ပါတယ်)

- စိတ်ကြိုက်သန့်စင်ပြီးတဲ့အခါမှာတော့ ဆံပင်သုပ်တဲ့ မျက်နှာသုပ်ပဝါကြီးနဲ့ တစ်ခေါင်းလုံးက ရေတွေကို ပွတ်သပ်ပါ။ အထူးသဖြင့် နောက်စေ့ကို မျက်နှာသုပ်ပဝါကြီးနဲ့ ခပ်ကြာကြာပွတ်ပေးပါ။

(က) ခေါင်းလျှော်တဲ့ မျက်နှာသုပ်ပဝါ။

(ခ) မျက်နှာနှင့် ခန္ဓာကိုယ်အတွက် ပုံမှန်ရေသုတ်တဲ့ မျက်နှာသုတ်ပဝါဆိုပြီး နှစ်မျိုးခွဲခြားသုံးစွဲပါ။ အဲဒီလို ခွဲခြားသုံးစွဲခြင်းက ဝက်ခြံမပေါက်စေအောင် ကြိုတင်ကာကွယ်လိုက်တာဖြစ်ပါတယ်။

- ထို့နောက် မျက်နှာသုတ်ပဝါကြီးနဲ့တစ်ခေါင်းလုံးကို

- ပေါင်းထားပြီး မိမိနှစ်သက်ရာ သနပ်ခါး (သို့) မိတ်ကပ်လိမ်းနိုင်ပါတယ်။

- ပြီးရင် မျက်နှာသုတ်ပဝါကြီးကို ဖယ်လိုက်ပြီးတော့၊ ဆံပင်သွေ့ခြောက်စေတဲ့ Hair Dryer (လေမှုတ်စက်)ဖြင့်   နောက်စေ့ကိုလေမှုတ်ပါ။

(က) ငယ်ထိပ်နဲ့ဂျိုစောင်းက ဆံသားတွေက သိပ်မကြာခင်မှာ သူ့အလိုလို ရေခြောက်သွားလေ့ရှိတာမို့ အဲဒီနေရာတွေကိုတော့ Dryer မမှုတ်သင့်ပါဘူး။

(ခ) နောက်စေ့ဖက်က ဆံသားတွေက တော်တော်နဲ့မခြောက်တတ်တာကြောင့် အအေးပတ်  ဦးခေါင်း မကိုက်စေဖို့အတွက် အဲဒီနောက်စေ့နေရာကို Dryer မှုတ်ပေးပါ။

(ဂ) Dryer ပူလွန်းရင် ဆံသားတွေကို ထိခိုက်စေတဲ့အပြင် ရေလျှော်ထားလို့ အေးနေတဲ့နေရာကို အပူပြင်းပြင်းတိုက်မိတဲ့အခါ အပူအအေး ရုတ်ချည်းထိတွေ့သွားကာ ဓာတ်ဖောက်ပြန်ပြီး  ကျန်းမာရေးနဲ့ မညီညွတ်စေတော့ပါဘူး။ ဒါကြောင့် Dryer အပူကို Medium ခလုတ်သာထား၍ သုံးပေးပါ။

(ဃ) ဆံသားခြောက်ခြင်းမဖြစ်ရလေအောင် ဆံသားတွေကို လုံးဝပူနွေးခြောက်သွေ့သွားတဲ့အထိ Dryer မမှုတ်သင့်ပါဘူး။ သို့သော် ဦးရေပြားနဲ့ နောက်စေ့ကဆံသားတွေကို လက်နဲ့စမ်းကြည့်တဲ့အခါ တော်တော်လေးနွေးလာတဲ့အထိ Dryer မှုတ်ပေးပါ။

- ပြီးရင် မိမိနှစ်သက်ရာ အုန်းဆီ (သို့) ခေါင်းလိမ်းဆီ (သို့) Hair Coat အနည်းငယ်ကို လက်ဖဝါးပေါ်ပွတ်ပြီးတော့ ဆံသားတွေကို လူးနယ်လိုက်ပါ။ ဘီးသန့်သန့်နဲ့ ဆံနွယ်တွေကို ခပ်ဖြည်းဖြည်းချင်း ရှင်းထုတ်ပေးပါ။

မှတ်ချက်

(၁) မျက်စိကျန်းမာရေးအတွက်သာမက ဘက်ပေါင်းစုံကျန်းမာဖို့အတွက်ဆိုရင် မွန်းလွဲပိုင်းမှစ၍ ခေါင်းမလျှော်သင့်တော့ပါဘူး။ 

(၂) ရာသီဥတု မည်မျှပင်အေးပါစေ ရေနွေးနဲ့ခေါင်းမလျှော်သင့်ပါဘူး။ မိမိခန္ဓာကိုယ်အပူရှိန်ထက် ပို၍ပူသောရေနွေးဖြင့် ခေါင်းလျှော်ခြင်းက ဆံသားကိုကာကွယ်ပေးသည့် သဘာဝအဆီဓာတ်ကို ဆုံးရှုံး သွားကာ ဆံသားများခြောက်သွေ့၍  မာဆတ်ဆတ်ဖြစ်စေနိုင်ပါတယ်။

(၃) ဆံပင်အရှုပ်အထွေးကို ရှင်းလင်းရန်အတွက် ဦးစွာဆံပင်ထိပ်ဖျားပိုင်းမှဖြီးပါ၊ ထို့နောက် ဆံသားများကို အသာအယာဆုပ်ကိုင်ပြီး ဆံပင်အရင်းပိုင်း (အမြစ်)မှ အောက်ခြေသို့ ဆွဲချဖြီးပါ။

(၄) ဖြစ်နိုင်ရင် ဆံပင်ကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်သုံးကြိမ်သာလျှော်ပေးသင့်ပါတယ်။ ထို့ထက် အကြိမ်ရေ ပိုလျှော်ခြင်းက ဆံပင်ကျွတ်ထွက်စေပြီး၊ ဦးရေပြားအဆီကိုလည်း ခန်းခြောက်စေပါလိမ့်မယ်။

(၅) ဗောက်ထ၍ ဦးရေပြားယားယံခြင်းကလည်း ဆံပင်ကျွတ်ခြင်း၏ အဓိကသော့ချက်ဖြစ်ပါတယ်၊ ဒါကြောင့် ဦးခေါင်းသန့်စင် တစ်ကိုယ်ရေကျန်းမာရေးအတွက် အချိန်ပေး၍ ဆောင်ရွက်ပေးလိုက်ပါ။

(၆) ဗောက်ထ၍ယားယံသော ဦးရေပြားများအတွက်ကတော့ Itchy Due to Dandruff (သို့) Itchy Scalp Anti Dandruff စာတန်းပါတဲ့ ရှမ်ပူအမျိုးအစားကို ရွေးသုံးပါ။ ဗောက်ကိုသတ်ပေးတဲ့ ရှမ်ပူတွေမှာပါရှိတဲ့ ပစ္စည်းများဟာ ဆံသားကိုအတန်ငယ်ကြမ်းစေတာကြောင့် ဆံသားကိုနူးညံ့ပျော့ပျောင်းစေရန် ပေါင်းဆေးပါသော ရှမ်ပူ(သို့)Smooth & Silky စာတန်းပါသော ရှမ်ပူကိုပါ တွဲ၍သုံးပေးသင့်ပါတယ်။

(၇) ဗောက်မရှိဘဲ အဆီပြန်သော ဆံပင်မျိုးဖြစ်ပါက ရှမ်ပူအပျော့စားကိုသာသုံးပါ။

(၈) ပလတ်စတစ်ဘီးဖြင့် ခေါင်းဖြီးခြင်းက ဦးရေပြားပူ၍ ဗောက်ထစေနိုင်၍ သစ်သားဘီးကိုသာသုံးစွဲ သင့်ပါတယ်။

(၉) မကြာခဏခေါင်းလျှော်ခြင်းက ဆံပင်ပါးသွားတယ်ဆိုသော အယူအဆမမှန်ပါ။

(၁၀) လေ့ကျင့်ခန်းလုပ်ချိန် ခေါင်းစွပ်ဝတ်ထားခြင်း ရှောင်ကြဉ်ပါ။ လေ့ကျင့်ခန်းလုပ်စဉ် ချွေးထွက် များခြင်းကြောင့် ဦးခေါင်းက   ချွေးများအလွယ်တကူမခြောက်သွေ့ဘဲ မှိုစွဲဗောက်ထခြင်း၊ ယားယံခြင်းကို ဖြစ်စေပါတယ်။

(၁၁) ဆံပင်ကောက်ထားသူများက ဆံသားကောက်မှုကို ထိန်းချုပ်တဲ့အနေဖြင့် Serum အမျိုးအစား ခေါင်းလိမ်းဆီကို သုံးပါ။ ဆံသားကိုလည်း တောက်ပြောင်စေပါတယ်။                                       

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ