နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မကြာမီ ဖွံ့ဖြိုးတိုးတက်လာတော့မည့် မြို့ရွှေဒလ (သို့မဟုတ်) ဒလမြို့နယ် ဖွံ့ဖြိုးတိုးတက်စေမည့် စီမံကိန်းများ

ရန်ကုန်   ဩဂုတ်  ၁၈


 ဒလမြို့သည်ကား  ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်အတွင်းပါဝင်သော မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး ရန်ကုန်မြို့နှင့် အနီးကပ်ဆုံးသောမြို့လည်း ဖြစ်သည်။

ရန်ကုန်မြစ်သာခြားပြီး တစ်ချိန်သောအခါက မြန်မာနိုင်ငံ၏မြို့တော် ယခုအခါ မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဟုခေါ်သော ရန်ကုန်မြို့ကြီးသို့ အချိန်တိုအတွင်း  သွားလာနိုင်သော်လည်း ဒလမြို့သည် ဖွံ့ဖြိုးမှု နှေးနေဆဲ။ နွေရာသီသို့ရောက်တိုင်း သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေရဆဲ။ ဤကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေရာမှ ဒလမြို့ကြီး မကြာမီဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်သည်။ ဒလမြို့ဖွံ့ဖြိုးစေမည့် မြို့ပြ စီမံကိန်းများကိုလည်း မြေပြင်တွင်တည်ဆောက်နေကြပြီလည်းဖြစ်သည်။

ဒလမြို့ကို ဖြတ်သန်းကာ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနှင့်ဧရာဝတီတိုင်းဒေသကြီးမှ ခရီးသွား ပြည်သူများ ရန်ကုန်မြို့သို့ နေ့စဉ်သွားလာမှုက အများအပြားဖြစ်သည်။ ရန်ကုန်မြို့သို့ စက်လှေသမ္ဗန်နှင့် ကူးတို့သင်္ဘောစီးကာ ခရီးဆက်ရ၏။ စက်သမ္ဗန်ဖြင့်သွားလာရင်း မတော်တဆဖြစ်ကာ အသက်များစွာ ကြွေခဲ့ပေါင်းလည်းများခဲ့သည်။ မိနစ်အနည်းငယ်အတွင်း ရန်ကုန်မြစ်ကို စက်လှေ၊ ကူးတို့သင်္ဘောဖြင့် စီး၍ ရန်ကုန်မြို့သို့ရောက်ကာ ရန်ကုန်မြို့တွင်း အလိုရှိရာသွားလာနိုင်ပါသော်လည်း ဒလမြို့သည်ကား ဖွံ့ဖြိုးတိုးတတ်မှုတို့နှင့် ဝေးကွာနေဆဲပင်။ ဧရာဝတီတိုင်းဒေသကြီးမှ အဝေးပြေးယာဉ်လိုင်းများ ကွမ်းခြံကုန်း  ကော့မှူး၊ တွံတေးမြို့တို့မှ  မော်တော်ယာဉ်များ ဒလမြို့တွင်းသို့ ဥဒဟိုဝင်ထွက်နေကြသော်လည်း ဒလမြို့၏  လမ်းမကြီးက ကျဉ်းကျပ်နေဆဲ။ မြို့နေပြည်သူများ၏ လျှပ်စစ်မီးသုံးစွဲနေရမှုများက မမှည့်တမှည့်ခရမ်းချဉ်သီး တစ်လုံးကို မြိန်ယှက်စွာစားသုံးနေရဆဲ။ ထိုကဲ့သို့သော အ​ခြေအနေများမှ ဒလမြို့သည် ဖွံ့ဖြိုးတိုးတတ်ရန် အားယူနေရာမှ ဖွံ့ဖြိုးစပြုလာနေပြီဖြစ်သည်။

ဒလတံတားစီမံကိန်း

ဒလမြို့နယ်နေပြည်သူများ၏ ဘဝ၊ ဆက်စပ်မြို့နယ်များမှ လူနေမှုဘဝများကို  ဖွံဖြိုးတိုးတက်စေပြီး မြို့ပြဒေသကိုပါ ဖွံ့ဖြိုးတိုးတက်စေမည့် ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်နေမှု များကိုလည်း တွေ့မြင်နေရပြီဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးမည်ဖြစ်သည်။ တံတားကြီးနှင့်အတူ ဒလမြို့နယ်  ရေလုံလောက်စွာသုံးစွဲနိုင်ရေးအတွက် ရေပိုက်လိုင်းစနစ်လည်း ပါရှိလာမည်ဖြစ်သည်။ တံတားတည်ဆောက်မှု စီမံကိန်းပြီးစီးပါက ဘုရားငုတ္တိုကျေးရွာ ကြိုးတံတားမှတစ်ဆင့် အချိန်ကုန် ခရီးဖင့်စွာဖြင့် ရန်ကုန်မြို့တွင်းသို့ သွားလာစရာမလိုတော့ဘဲ ဤတံတားကြီးမှ အချိန်တိုအတွင်း သွားလာနိုင်တော့မည်ဖြစ်သည်။ ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်နေမှုစီမံကိန်းသည် ဒလမြို့ပြကို ဖွံ့ဖြိုးတိုးတက်စေမည့် စီမံကိန်းတစ်ခုဖြစ်သည်။

ရေပေးဝေရေးစီမံကိန်း

နှစ်စဉ် နွေရာသီသို့ရောက်တိုင်း ဒလမြို့နယ်နေပြည်သူများ ကြုံတွေ့နေရသည်မှာ သောက်သုံးရေ ရှားပါးမှုပင်။ သောက်သုံးရေရှားပါးမှုကို အဆင်ပြေစေရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ  တွံတေးမြို့နယ် ရန်ကုန်ပေါက်ကျေးရွာတွင် အဝီစိတွင်းများတူးဖော်ကာ တစ်ရက်လျှင် သုံးရေဂါလန်(၁ ဒသမ ၂)သန်းကို ဒလမြို့နယ် ရေပေးဝေရေးရုံးမှတဆင့် ဖြန့်ဝေပေးလျက်ရှိသည်။ ဒလမြို့နယ်တွင်စည်ပင်ရေ ရယူ သုံးစွဲသူ အိမ်ခြေပေါင်း ၄၅၅၀ နီးပါးရှိပြီး  ထပ်မံ၍ ရေသုံးစွဲခွင့်လျှောက်ထားသူ များပြားလျက်ရှိကြောင်း သိရသည်။ ဒလမြို့နယ်နေပြည်သူများ၏ သောက်သုံးရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်  တွံတေးမြို့နယ် ပိတ်ဆွယ်ကျေးရွာအုပ်စု ဘုရားကြီးစုကျေးရွာတွင် တစ်နေ့လျှင် သောက်ရေသန့် ၆၆၀၀ ဂါလန်နှင့် သုံးရေ ၃ ဒသမ ၃ သန်း သန့်စင်ထုတ်လုပ်နိုင်မည့် ရေသန့်စက်ရုံ တည်ဆောက်ရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီလည်းဖြစ်သည်။

အဆိုပါ ရေသန့်စက်ရုံတည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၏ ထောက်ပံ့ကြေးကူညီမှုဖြင့် ​မြေဧက ၁၈ ဒသမ ၇၇၈ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ ၄ ဒသမ ၁၇၆ ဘီလျံ ကူညီပေးထားကြောင်း သိရ သည်။ ရေသန့်စက်ရုံတည်ဆောက်မူသည် ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည့်အတွက် မြို့နယ်၏ သောက်သုံး ရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်လည်းဖြစ်သည်။ ဒလမြို့နယ်သည် သောက်သုံးရေ ဖူလုံစွာရရှိပါက  ရန်ကုန်မြို့နှင့် အနီးကပ်ဆုံးသော မြို့များစွာမှ နေထိုင်ရန်အသင့်တော်ဆုံးသော မြို့တစ်မြို့လည်းဖြစ်သည်။ ရေသန့်စက်ရုံတည်ဆောက်နေမှုလုပ်ငန်းသည်လည်း ဒလမြို့နယ် ဖွံ့ဖြိုးတိုးတက်စေရန် အကြောင်းရင်း တစ်ခုဖြစ်သည်။

အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း

နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် အင်ဂျင်နီယာ စက်မှုလက်မှုအတတ်ပညာရှင်များကို ပြုစုပျိုးထောင်မွေးထုတ်ပေးမည့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ဒလ)ကိုလည်း ဒလမြို့နယ် ၁၁/၁၄ ရပ်ကွက် သပြေကုန်းကျေးရွာအနီးတွင် တည်ဆောက်နေပြီလည်းဖြစ်သည်။ တည်ဆောက်မှု စီမံကိန်းတန်ဖိုးမှာ ၄ ဒသမ ၆ ဘီလျံရှိကြောင်း သိရသည်။

အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတည်ဆောက်ပြီးပါက တစ်နှစ်လျှင်အင်ဂျင်နီယာ ၃၀၀ မွေးထုတ်နိုင်မည်ဖြစ်ပြီး ဒလမြို့နယ်မှ  လူငယ်များအနေဖြင့် မိမိတို့ဒေသတွင်ပင် စက်မူအတတ်ပညာများကို သင်ကြားခွင့် ရရှိတော့မည်လည်း ဖြစ်သည်။ တည်ဆောက်နေဆဲကာလတွင်လည်း ဒေသတွင်းနေပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနေပြီးဖြစ်သည်။

ထို့အပြင် ဒလမြို့နယ်နှင့်ကော့မှူးမြို့နယ်ကို ဆက်သွယ်သည့် သခွပ်မြစ်ကူးတံတား၊ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် ဒလမြို့နယ်ဆက် တံတားစီမံကိန်းများသည်လည်း ဒလမြို့နယ်ကို ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ် သည်။ ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ပြီးစီးပါက မြို့တွင်း/ပြင်လမ်းများ သည်လည်း ချဲ့ထွင်ခင်းကျင်းရမည်ဖြစ်သည့်အတွက် နာရီစင်မှဒလမြို့တွင်းလမ်းမကြီးကို အကျယ်ပေ ၁၀၀ (လေးလမ်းသွား)၊ နာရီစင်မှဓနုတ်ကျေးရွာ(ဆိုင်းဘုတ်အထိ)နှင့် နာရီစင်မှပျော်ဘွယ်လေးတံတားအထိ တို့ကို အကျယ်ပေ ၁၅၀(ခြောက်လမ်းသွား)အဖြစ် ချဲ့ထွင်ခင်းကျင်းသွားမည်ဖြစ်ကြောင်းသိရပြီး မြို့တွင်း လမ်းမကြီးကို တိုးချဲ့ခင်းကျင်းနေပြီလည်း ဖြစ်သည်။


ရေမြောင်းများချဲ့ထွင် 

မိုးတွင်းအခါတွင် ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုမဖြစ်စေရေး ရေစီးရေလာကောင်းမွန်စေရေး အတွက် ဒလ-တွံတေး ကားလမ်းမကြီးဘေး ဝဲယာတွင် အကျယ်(၅)ပေ၊ အနက်(၅)ပေ ရှိ ရေနုတ်မြောင်းများ ဖောက်လုပ်ခြင်းလမ်းသွယ်များကို တိုးချဲ့ခင်းကျင်းခြင်း လမ်းသွယ်ရေ နုတ်မြောင်းများကို ရှင်းလင်းဆယ်ယူ တိုးချဲ့ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ ဒလမြို့ပြဖွံ့ဖြိုးမူ့အတွက် ရှေ့ပြေးဆောင်ရွက်နေမှုများ ဖြစ်သည်။

အဝေးပြေးကားဝင်း

ဒလမြို့နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့လည်း သွားလာနိုင်သည့် အဝေးပြေးယာဉ်လိုင်းများလည်း ရှိသည့်အတွက် ရန်ကုန်မြို့မှ ခရီးသွားပြည်သူများအတွက် များစွာအဆင်ပြေစေမည်ဖြစ်သည်။ ဒလမြို့ မှ ဧရာဝတီတိုင်းဒေသကြီးသို့ ပြေးဆွဲနေသည့်ယာဉ်လိုင်း ၂၃ လိုင်းရှိပြီး ယာဉ်စီးရေ ၃၀၀ နီးပါးဖြင့်  မအူပင်၊ ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့များသို့ ခရီးသည် ပို့ဆောင်ပြေးဆွဲလျက်ရှိသည်။

လျှပ်စစ်မီးရရှိသုံးစွဲမှု

နိုင်ငံတစ်နိုင်ငံ မြို့နယ်တစ်မြို့ကို ဖွံ့ဖြိုးတိုးတတ်စေသည့် အကြောင်းချင်းရာများအနက် လျှပ်စစ် ဓာတ်အား ပြည့်စုံလုံလောက်စွာ အသုံးပြုနိုင်ခြင်းသည်လည်း အရေးပါသောအခန်းဏ္ဍဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များရှိ မြို့နယ်များနေပြည်သူများ လျှပ်စစ်ဓာတ်အား  ပြည့်ဝစွာသုံးစွဲနိုင်ရန် ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိသည်။

ဒလမြို့နယ်တွင် မြို့ပေါ်(၂၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၃)အုပ်စု၊ ကျေးရွာပေါင်း(၅၄)ရွာရှိရာ မြို့ပေါ်(၂၄)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၂၇)ရွာတို့တွင် လျှပ်စစ်မီးရရှိသုံးစွဲနေပြီး လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ(၂၇)ရွာကျန်ရှိရာ ယခုနှစ်ကုန်တွင် ကျန်ရှိသည့်ကျေးရွာများအားလုံး လျှပ်စစ်မီးလင်းစေရေး ဆောင်ရွက် ပေးသွားမည်ဟု သိရသည်။ ဒလမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေမှုအားဖြင့် လှိုင်သာယာ ကနောင်ခွဲရုံမှ လျှပ်စစ်ဓာတ်အားများ ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် သွယ်တန်းရယူကာ ကျောင်းစုရပ်ကွက် လေးတိုင်စင်မှ SAC 150 mm ကြိုးဖြင့် ဒလမြို့နယ်လျှပ်စစ်ဓာတ်အားပေးခွဲရုံသို့ သွယ်တန်းရယူကာ 15 MVA နှင့် 5MVA တို့မှတစ်ဆင့် မြို့တွင်းသို့ လျှပ်စစ်ဓာတ်အားများဖြန့်ဝေပေးလျက်ရှိကြောင်း  ပျော်ဘွယ်ကြီးကျေးရွာတွင် 5MVA ဓာတ်အားပေးခွဲရုံမှလည်း ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့်ဝေပေး လျက်ရှိကြောင်း သိရသည်။

ယခင်အခါက ဒလမြို့လျှပ်စစ်ဓာတ်အားပေးခွဲရုံမှ မြို့တွင်းနှင့်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားများ ဖြန့်ဝေပေးသည့်အတွက် လျှပ်စစ်ဓာတ်အားရယူသုံးစွဲသူများအနေဖြင့် ဗို့အားကျဆင်းခဲ့ရကြောင်းနှင့်  ယခုအခါ ဗို့အားပြည့်ဝစွာသုံးစွဲနေရပြီဟု သိရသည်။ ထို့အပြင် လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက်လည်း ဟောင်းနွမ်းနေသော လျှပ်စစ်ကြိုးများနေရာတွင် လျှပ်စစ်ကာဗာပါသည့် ကြိုးများဖြင့် အစားထိုးလဲလှယ်ခြင်း သစ်သား ဓာတ်တိုင်များနေရာတွင် ကျောက်တိုင်များအစားထိုးစိုက်ထူခြင်း ရှုပ်ထွေးဆားဗစ်ကြိုးများကို ရှင်းလင်းခြင်း လျှပ်စစ်ကြိုးများနှင့်မလွတ်သည့် သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းခုတ်ထွင်ခြင်းတို့ကို လျှပ်စစ်ဝန်ထမ်း များက ဆောင်ရွက်ပေးခြင်းများကြောင့် လျှပ်စစ်သုံးစွဲသူ ပြည်သူများအနေဖြင့် လျှပ်စစ်ဗို့အား ပြည့်ဝစွာ သုံးစွဲနေရပြီလည်း ဖြစ်သည်။

ဒလမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ လူမှုဘဝနှင့် မြို့ပြဖွံ့ဖြိုးရေးအတွက် စီမံကိန်းချမှတ်ဆောင်ရွက်ပေးနေမှုများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှလည်း ဌာန၏စီမံမှုများဖြင့် ဆောင်ရွက်ပေးနေမှုများကြောင့်  ဒလမြို့နယ်သည် မကြာမီကာလအတွင်း ဖွံ့ဖြိုးလာတော့မည်မှာ ဧကန်မလွဲပင် တွေ့မြင်လာတော့မည် ဖြစ်ပါကြောင်း..........(လက်ရှိ အကောင်အထည်ဖော်ကာ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကိုသာ  ရေးသားတင်ပြခြင်း ဖြစ်ပါသည်)                                                                                             

မင်းထက်ကျော်






အခြားဆက်စပ်သတင်းများ