ဩဂုတ် ၁၈၊ လစ္စဘွန်း
ပင်လယ်ထဲတွင် ကယက်လှေမှောက်ပြီး ဒုက္ခရောက်နေသည့် အမျိုးသမီးနှစ်ဦးကို ပေါ်တူဂီသမ္မတ ဒီဆူဆာက ကူညီပေးခဲ့သည်။ အသက် ၇၁ နှစ်ရှိသည့် သမ္မတ ဒီဆူဆာမှာ ခရီးသွားလုပ်ငန်း တိုးတက်လာစေရေးအတွက် အားလပ်ရက်အတွင်း နိုင်ငံအနှံ့အပြားသို့ လှည့်လည်သွားလာနေသူဖြစ်သည်။ ပြီးခဲ့သည့်စနေနေ့တွင် ဒီဆူဆာက ပင်လယ်ထဲ၌ အခက်တွေ့နေသည့် အမျိုးသမီးနှစ်ဦးထံ ရေကူးသွားခဲ့သည့် ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။
အမျိုးသမီးနှစ်ဦးမှာ ပင်လယ်ထဲသို့ ပြန်ဆွဲချသည့် ရေစီးကြောင်းကြောင့် အနီးပတ်ဝန်းကျင်ရှိ ကမ်းခြေတစ်ခုမှ ပင်လယ်အော်ထဲသို့ မျောပါလာခြင်းဖြစ်ကြောင်း ဒီဆူဇာက သတင်းထောက်များကို ပြောသည်။ ဒီဆူဆာမှာ အယ်ဂါဗီကမ်းခြေသို့ ခရီးသွား လာရောက်မှု မြင့်တက်လာစေရန် ကမ်းခြေသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ ပေါ်တူဂီနိုင်ငံ၏ စီးပွားရေးမှာ ခရီးသွားလုပ်ငန်းအပေါ် မှီခိုအားထားနေပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလတွင် ခရီးသွားလုပ်ငန်း သိသိသာသာ ရိုက်ခတ်ခံခဲ့ရသည်။
ရုပ်သံမှတ်တမ်းအရ ဒီဆူဆာနှင့်အတူ အခြားအမျိုးသားတစ်ဦးက ကယက်လှေကို အတည့်ပြန်ဖြစ်အောင် ကြိုးပမ်းခဲ့ကြသည်။ ထို့နောက်တွင် အကူအညီပေးရန် ရေပေါ်ဆိုင်ကယ်ဖြင့် ရောက်လာသူတစ်ဦးက ကယက်လှေကို ရေပေါ်ဆိုင်ကယ်တွင်ချိတ်ဆွဲ၍ ကမ်းခြေသို့ ဆွဲသွားခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် အမျိုးသမီးများအနေဖြင့် ပို၍ဂရုပြုသင့်သည်ဟု ဒီဆူဆာက ဆိုသည်။
Ref:BBC(KNT)