နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါတီပွဲဆင်နွှဲနေသူ ၈ ဦးကို သတ်ခဲ့သည့် သေနတ်သမားများအတွက် ကိုလံဘီယာအစိုးရက ပီဆိုငွေ သန်း ၂၀၀ ဆုကြေးထုတ်

ဩဂုတ် ၁၈၊ ဘိုဂိုတာ


ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်း နာရီနိုပြည်နယ်တွင် လူရှစ်ဦးကို သတ်ခဲ့သည့် သေနတ်သမားများအကြောင်း သတင်းပေးနိုင်ပါက ပီဆိုငွေ သန်း ၂၀၀ ( အမေရိကန်ဒေါ်လာ ၅၃၀၀၀) ဆုချီးမြှင့်မည်ဟု ကိုလံဘီယာအစိုးရက ကြေညာထားသည်။ ပြီးခဲ့သည့်စနေနေ့တွင် ဆာမာနီယေဂိုမြို့ရှိ ပါတီပွဲ ကျင်းပနေသည့် အိမ်တစ်လုံးထဲသို့ သေနတ်သမားလေးဦး ဝင်ရောက်ပစ်ခတ်ခဲ့ရာ အမျိုးသား၇ ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသူများမှာ ပါတီပွဲဆင်နွှဲနေသူ ၂၀ နီးပါးတွင် ပါဝင်သူများဖြစ်သည်။


တိုက်ခိုက်မှုလုပ်သည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးပေ။ သို့သော် အီကွေဒေါနိုင်ငံ နယ်စပ်ရှိ အဆိုပါဒေသတွင် မူးယစ်ဆေးဝါးဂိုဏ်းအများအပြား လှုပ်ရှားလေ့ရှိသည်။ အဆိုပါတိုက်ခိုက်မှုမတိုင်မီ ပါတီပွဲကို ရပ်တန့်ရန် Whatsapp မှတစ်ဆင့် သတိပေးသည့် ခြိမ်းခြောက်မှုများ ရရှိခဲ့သည်ဟု အသက်ရှင်လွတ်မြောက်လာသူများက ပြောသည်။


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နှစ်စဉ်ကျင်းပလေ့ရှိသည့် ဂီတပွဲတော်ကို ဖျက်သိမ်းခဲ့ပြီးနောက် ပါတီပွဲကျင်းပခဲ့ခြင်းဟု ပါတီပွဲဆင်နွှဲသူအဖွဲ့က ပြောသည်။ ယင်းတို့အဖွဲ့မှာ အဖွဲ့သားတစ်ဦး၏ အဘွားအိမ်တွင် ဘီယာသောက်ပြီး သီချင်းနားထောင်ခဲ့ခြင်းဟု သေဆုံးသူတစ်ဦး၏ ဖခင်က ပြောသည်။ သေဆုံးသူအများစုမှာ အထက်တန်းကျောင်းပြီးခါစနှင့် တက္ကသိုလ်တက်နေသူများဖြစ်သည်။


သေဆုံးခဲ့သည့် အမျိုးသမီးမှာ ဆေးပညာသင်ယူရန် စီစဉ်နေသူဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုမှာ ပြိုင်ဘက်ဂိုဏ်းများကြား လက်စားချေခြင်းဖြစ်သည်ဆိုသော ကောလာဟလများကို သေဆုံးသူတစ်ဦး၏ဖခင်က ငြင်းဆန်ခဲ့သည်။ ကိုလံဘီယာနိုင်ငံတွင် ၂၀၁၆ ခုနှစ်က ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက်ပိုင်း လူသတ်မှုနှုန်း ကျဆင်းခဲ့သည်။ သို့သော် အလင်းဝင်ခဲ့သည့် Farc လက်နက်ကိုင်အဖွဲ့မှ ခွဲထွက်ပြီး တောခိုကျန်ရစ်ခဲ့သူများနှင့် ကိုလံဘီယာနိုင်ငံ၏ ဒုတိယအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် National Liberation Army (ELN) တို့မှာ လှုပ်ရှားနေဆဲဖြစ်သည်။



Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ