နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတိရှိပါ မိုးရာသီ ဝမ်းပျက်ဝမ်းလျှောရောဂါ

ရန်ကုန်    ဩဂုတ်  ၁၇


၀မ်းပျက်ဝမ်းလျှောရောဂါသည် ယခုလိုမိုးရာသီရောက်တိုင်း နှစ်စဉ်ကူးစက်ပြန့်ပွားနေကျ ရောဂါဆိုးတစ်ခုဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်နှင့်လမ်းများပေါ်ရှိ ရေဆိုးရေညစ် များနှင့်အတူ မိုးရေလျှံတက်လာသည်။ များမကြာမီ ရေပြန်ကျသွားသောအခါ အညစ်အကြေး အနယ် အနှစ်များတင်ကျန်ရစ်ခဲ့ပြီး Vibiro Cholerae (ခေါ်) ဝမ်းရောဂါဖြစ်စေသော ကူးစက်ရောဂါပိုးမွှားတွေ ပေါက်ပွားမှုများပြားလာသည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လာရသည်။ ထို့အပြင် မိုးရွာ၍ရေကြီး  စဉ် ထိုညစ်ညမ်းသော ရေထဲဖြတ်လျှောက်သွားပြီးနောက် တစ်ကိုယ်ရေသန့်ရှင်းမှု  အားနည်းခြင်းကလည်း  ရောဂါပိုးကူးစက်ခံရရန် သေချာသလောက်ရှိနေပါသည်။

မသန့်ရှင်းသည့် အစားအစာများ၊ မသန့်ရှင်းသည့် သောက်ရေသုံးရေများ၊ အမှည့်လွန်သစ်သီးများ၊ ယင်နားစာများ၊ လက်လုပ်ချဉ်များ၊ သန့်ရှင်းမှုအားနည်းသည့် လမ်းဘေးအစားအစာများ စသည်တို့ကို အထူးသတိပြုရှောင်ရှားရပါမည်။ သို့မဟုတ်ပါက နောက်ဆက်တွဲပြဿနာများအဖြစ် အစာအိမ်နာခြင်း နှင့် အစာအဆိပ်သင့်ခြင်းအတွက်ကိုပါ စိုးရိမ်ရသည်။ အထူးသဖြင့် ကိုယ်ခံအားနည်းသော ရင်ခွင်ပိုက် ကလေးငယ်များ၊ ကျောင်းနေရွယ်ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် အသက်အန္တရာယ်စိုးရိမ်ရ သည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ဝမ်းရောဂါဖြစ်ပွားသူ သုံးသန်းမှငါးသန်းအထိရှိပြီး ယင်းတို့အနက် တစ်သိန်းသည် ဝမ်းရောဂါကြောင့် သေဆုံးကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာထားသည်။

နာရီပိုင်းအတွင်း ဆန်ဆေးရေအရောင်ကဲ့သို့ ဖြူကျဲကျဲဝမ်းအရည်များ အဆက်မပြတ်သွားခြင်း (သို့မဟုတ်) တစ်နေ့တည်းမှာပင် ဝမ်းအရည် ၃ ကြိမ်နှင့်အထက် ဝမ်းသက်ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေခြင်း၊ အရည်ကောင်းစွာ မသောက်နိုင်ခြင်း (သို့မဟုတ်) ခံတွင်း ခြောက်၍ ရေအငမ်းမရသောက်ပြီးနောက် ထိုရေအတိုင်းဝမ်းသွားခြင်း (သို့မဟုတ်) ပြန်အန်ထွက်ခြင်း စသည့်ရောဂါလက္ခဏာများပြနေပါက ဓာတ်ဆားရည်များများသောက်ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သို့ အချိန်မဆိုင်းဘဲ သွားရောက်ပြသင့်သည်။ အခြားသူများသို့ ဝမ်းရောဂါမကူးစက်စေရန်အတွက် ဝမ်းသွားပြီးတိုင်း သန့်စင်ခန်း (အိမ်သာ)ကို ရေနိုင်နိုင်လောင်းချသင့်ပါသည်။ ဝမ်းပျက်ဝမ်းလျှောခြင်းကို ထိရောက်စွာ ကုသမှုမခံယူဖြစ်ပါက ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံး၍ သွေးပေါင်ကျကာ သတိလစ်ပြီး နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်၍ လုံးဝမပေါ့ဆသင့်ပေ။

မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက်ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားမှုနှုန်း များပြားပြီး၊ ယင်းရောဂါသည် မြန်မာပြည်တွင် ဒုတိယအဖြစ်အများဆုံး ကလေးရောဂါတစ်ခုဖြစ်ကြောင်း၊ ထူးခြားဖြစ်စဉ် တစ်ရပ်အနေဖြင့် ၂၀၁၃ ခုနှစ်တွင် သုတေသနပြုခဲ့သော စစ်တမ်းများအရ မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက် ကလေးငယ်များသေဆုံးအရေအတွက်၏ ၁၀ ရာ ခိုင်နှုန်းခန့်သည် ဝမ်ပျက်ဝမ်းလျှောရောဂါကြောင့်ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။  ၂၀၁၄ ခုနှစ်မှစ၍  သေဆုံးမှုနှုန်းလျော့ကျလာ  သော်လည်း ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနှုန်းမှာ ယနေ့ကာလထိအား ရဖွယ် ကျဆင်းလာခြင်းမရှိသေးကြောင်း သိရသည်။ ထို့ကြောင့် မပေါ့ဆသင့်ပေ။

ဝမ်းလျှောခြင်းမှာ (၁) ကာလတိုဝမ်းလျှောခြင်းနှင့် (၂) ကာလရှည်ဝမ်းလျှောခြင်းဟူ၍ နှစ်မျိုးရှိပြီး ကာလတိုဝမ်းလျှောခြင်းက နှစ်ရက်ခန့်အကြာမှာ ရပ်တန့်သွားလို့ စိုးရိမ်ဖွယ်မရှိပေ။ ကာလရှည်ဝမ်းသွား ခြင်းတွင် ဝမ်းလျှောသည့် အကြိမ်ရေများသည်နှင့်အမျှ ခန္ဓာကိုယ်ထဲမှာရေဓာတ်ဆုံးရှုံးသွားတာကြောင့်  အချိန်မီကုသမှုခံယူသင့်ပါသည်။ နောက်ဆက်တွဲပြဿနာများအဖြစ် အစာအိမ်နာခြင်း၊ အစာအဆိပ်သင့်ခြင်း၊ သွေးပေါင်ထိုးကျသွားပြီး သတိလစ်ခြင်းအတွက်ပါ စိုးရိမ်ရပါသည်။

အောက်ပါအိမ်တွင်းကုထုံးလေးများကလည်း ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာပျောက်ကင်းစေနိုင် ပါသည်။

- ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးတဲ့အနေဖြင့် ရေကျက်အေးများများသောက်ပါ၊ ဆား  နှင့် သကြားကို ဆတူရော၍သောက်ပါ (သို့မဟုတ်) သီးစုံဓာတ်ဆားရည်သောက်ပါ၊ လက်ဖက်ရည်ကြမ်းထဲကို   သကြားအနည်းငယ်ထည့်သောက်ပါ။ ချင်း(ဂျင်း)ပြုတ်ရည်သောက်ပါ၊ အမည်းရောင် ထန်းလျက်ကျိုပြီး အနည်စစ်သောက်ပါ။ အုန်းစိမ်းရည်သောက်ပါ။ (မည်သည့်အရည်မျိုးကိုဘဲသောက်သောက် အအေးခံ၍ သောက်ပါ)

- ဒိန်ချဉ်စားပါ။ ဒိန်ချဉ်ထဲမှာပါရှိသော လက်တစ်အက်ဆစ်က အစာအိမ်နှင့် အူလမ်းကြောင်းထဲရှိ  ဝမ်းသွားစေသော ဘက်တီးရီးယားပိုးများကို သေစေနိုင်သည်။ (ဒိန်ချဉ်ထဲကို သကြား၊ ထန်းလျက်ရည်မရောဘဲ ဖြစ်နိုင်ရင် သူ့ချည်းစားပါ)

- ဝမ်းလျှောသည့် အကြိမ်ရေများပါက သိသိသာသာပိန်ကျသွားပြီး အားအင်ကုန်ခမ်းသွား၍ သက်သက်သာသာအနားယူပါ။

- ဝမ်းသွားခြင်းရပ်တန့်သွားသော်လည်း  နောက် ၁၀ ရက်ခန့်ကြာသည်ထိ  နို့ထွက်ပစ္စည်းများ ဖြစ်ကြသော နို့၊ ချိစ်၊ ဒိန်ခဲ ၊ မလိုင်၊ ပူတင်း၊ ကော်ဖီတို့ကို မစားသောက်သင့်ပေ။

- အာဟာရအပြည့်မြန်ကာ မပျော့လွန်းမမာလွန်း ကစီဓာတ်ကြွယ်ဝသော အစားအစာများ ဖြစ်ကြသည့် ထမင်း၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ခေါက်ဆွဲ၊ အာလူး၊ မုန်လာဥနီ၊ ကြက်သား၊ ငါး၊ ဘီစကစ်မုန့်တို့ကို စားပေးနိုင်ပါသည်။

- အမျှင်ဓာတ်များသော အစားအစာများက အစာအိမ်နှင့် အူကိုအလုပ်ရှုပ်စေနိုင်၍ ဝမ်းလျှော ပြီးနောက် ၃ ရက် ၄ ရက်ခန့်ကြာတဲ့အထိ မစားသင့်ပေ (ကွေကာအုပ်ကလည်း အမျှင်ဓာတ်များသော အစားအစာထဲမှာ ပါနေ၍ ရှောင်ပါ။)

- Chamomile (ခေါ်) အဝါရောင်ဝတ်ဆံနှင့် ပွင့်ချပ်ဖြူဖြူပွင့်တဲ့တောပန်းလေးတွေက ဝမ်းပျက် စေတဲ့ ပိုးမွှားအန္တရာယ်မှ ကာကွယ်ပေးနိုင်သဖြင့်   ထိုတောပန်းလေးများကို လက်ဖက်ခြောက်လိုမျိုးရေနွေး ကြမ်းခပ်ကာ အအေးခံ၍သောက်နိုင်ပါသည်။ (City Mart ဆိုင်တွေမှာ Chamomile Tea အထုပ်လေးတွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်သည်)

- ဘလူးဘယ်ရီသီးထဲတွင်ပါရှိသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက  အူလမ်းကြောင်းထဲရှိ ဝမ်းပျက် ဝမ်းလျှော ပိုးတွေကို သုတ်သင်ပေးနိုင်သည်။ (မြန်မာပြည်မှာ ဘလူးဘယ်ရီသီးမရနိုင်သော်လည်း နိုင်ငံခြားဖြစ် ဘလူးဘယ်ရီသီးနှင့် ယင်းဖျော်ရည်ဘူးများကို City Mart ဆိုင်တွေမှာ အလွယ်တကူဝယ်ယူ ရရှိနိုင်ပါသည်)

- လိမ္မော်သီးအခွံက ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် ကောင်းကျိုးပြုနိုင်သည်။ လိမ္မော်ခွံကို ပြုတ်၍သော်လည်းကောင်း၊ ရေနွေးဆူဆူခပ်၍သော်လည်းကောင်း အအေးခံ၍ သောက်သုံးသင့်ပါသည်။

- ကုလားဟင်းချက်ရာတွင် အသုံးပြုလေ့ရှိသော ပဲနံ့သာပင်အစေ့ကို ရေစိမ်၍သောက်ပါ။ (ပဲနံ့သာ ပင်အစေ့များကို အိန္ဒိယရိုးရာပရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါသည်)

- ဇီးသီးလုံးခန့်ပမာဏရှိသော နနွင်းမှုန့်ကို ရေနွေးကြမ်းဖြင့် ၃ ရက်ဆက်တိုက်သောက်ပါ။ လုံးဝ ပျောက်ကင်းနိုင်ပါတယ်။

- အသက် ၂၀ နှင့်အထက် လူနာဖြစ်ပါက ငရုတ်ကောင်း အလုံး ၂၀ ကိုလှော်ပါ။ နှစ်မိနစ်ခန့် လှော်ပြီးနောက် အမှုန့်ကြိတ်ပါ။ ရလာသောအမှုန့်ကို အရက်ဖြူတစ်ဇွန်းနှင့်အတူ ရေအေးတစ်ဇွန်းရောစပ်ပြီး သောက်ပါ။

- သီးသီးအမှည့်စားပါ၊ သစ်ကြားသီးစားပါ။ ရေသဖန်းပင်အခေါက်ကို ပြုတ်သောက်ပါ။ မကျီးသီးစိမ်း စားပါ။  ပိန္နဲပွင့်သုပ်စားပါ။ ပိန္နဲသီးအနုဟင်းချက်စားပါ။ စမုံနက်စားပါ။ ဂွေးသီးမှည့်စားပါ။ ကရဝေးသီးစားပါ။ ကြေးပန်းအရွက်ကို ပြုတ်သောက်ပါ။ ကြောင်လျှာမြစ်ပြုတ်သောက်ပါ။ သရက်စေ့အဆန်ကို ဝါးစားပါ။ ကြာဖြူ၊ ကြာညိုဝတ်ဆံများ စားပေးပါ။

- ငါးပြက် စားပါ၊ ဂျီ(တောဂျီကောင်သား)သား စားပါ။

- ပရန္နဝါမြစ် သွေး၍သောက်ပါ။ ဇာတိပ္ဖိုလ်သီးသွေးသောက်ပါ။ ဆန်ဆေးရည်သောက်ပါ။ ကရမက် သွေး၍ သောက်ပါ။

- မြေအိတ်တစ်လုံးထဲမှာ ကန်စွန်းရိုးနီ ၁၀ ပင်ခန့်ကို သင့်သလိုဖြတ်တောက်၍၊ အညိုရောင် ထန်းလျက် ၁၅ ကျပ်သားထည့်ကာ  ကန်စွန်းပင် ရေမြုပ်သည်ထိ ရေဖြည့်၍ ကန်စွန်းညွန့်များနူးအိလာအောင်  ပြုတ်ပေးပါ။ ထိုပြုတ်ရည်ကို ရေဆာတိုင်းသောက်ပါ။ တစ်ကြိမ်သောက်လျှင် ရေနွေးကြမ်းပန်းကန်လုံး တစ်လုံးခန့်  သောက်ပေးရပါမည်။ ဤနည်းအတိုင်း ၅ ကြိမ် ၆ ကြိမ်ခန့်သောက်ပြီးပါက သူ့အလိုလို ဝမ်းရပ် သွားပါလိမ့်မည်။

အချုပ်အားဖြင့်ဆိုသော် ဝမ်းလျှောဝမ်းပျက်ခြင်းသည် မိုးတွင်းကာလတစ်ခုတည်းမှာသာမဟုတ်ဘဲ အချိန်ကာလမရွေး လူကြီး၊ လူရွယ်၊ လူငယ်မရွေးဖြစ်တတ်သော ရောဂါဖြစ်ပြီး အခန့်မသင့်ပါက  အစုလိုက်အပြုံလိုက် ကာလဝမ်းရောဂါ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မပေါ့ဆသင့်သောရောဂါဖြစ်ကြောင်း  ထပ်လောင်း၍ သတိပေးလိုက်ရပါသည်။ ။                                                                     

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ