နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီဇာလိုက်ပို့သည့် လူငယ်လေး တည်ထောင်ခဲ့သော အားကစားဝတ်စုံကုမ္ပဏီက ပေါင် ၁ ဘီလျံ တန်ကြေးရှိလာ

လန်ဒန်၊ ဩဂုတ် ၁၆


ယခင်က ပီဇာလိုက်ပို့သည့် လူငယ်တစ်ဦး တည်ထောင်ခဲ့သည့် အားကစားဝတ်စုံကုမ္ပဏီမှာ အင်အားကြီး ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းကြောင့် ပေါင် ၁ ဘီလျံ တန်ကြေးရှိလာခဲ့ပြီဖြစ်သည်။ အသက် ၂၈နှစ်ရှိသည့် ဘင်ဖရန့်ဆစ်မှာ ၂၀၁၂ ခုနှစ်တွင် မိဘအိမ်ဂိုဒေါင်အတွင်း Gymshark အားကစားဝတ်စုံများ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းမှာ ညဘက်တွင် ပီဇာလိုက်ပို့ပြီး နေ့ဘက်တွင် ပညာသင်ကြားခဲ့သူဖြစ်သည်။ အမေရိကန်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲမှုကုမ္ပဏီ General Atlantic က Gymshark အားကစားဝတ်စုံကုမ္ပဏီ၏ ရှယ်ယာ ၂၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ပြီး Gymshark ကုမ္ပဏီမှာ ပေါင် ၁ ဘီလျံကျော် တန်ကြေးရှိလာမည်ဖြစ်သည်။ ဘင်ဖရန့်ဆစ်က စာချုပ်၏ အသေးစိတ်အချက်အလက်များကို ထုတ်ပြောရန် ငြင်းဆန်ခဲ့သည်။

သို့သော် Gymshark ကုမ္ပဏီ၏ တန်ဖိုးကို ပေါင် ၁ ဘီလျံဖြင့် တွက်ချက်ပါက ဘင်ဖရန့်ဆစ် ပိုင်ဆိုင်သည့် ရှယ်ယာတန်ဖိုးမှာ ပေါင်သန်း ၇၀၀ တန်ကြေးရှိမည်ဖြစ်သည်။ General Atlantic နှင့် ချုပ်ဆိုခဲ့သည့် စာချုပ်အရ Gymshark ကုမ္ပဏီအနေဖြင့် ယင်းတို့၏ဖောက်သည်အများစုရှိသည့် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံတကာတွင် တိုးချဲ့ထုတ်လုပ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ဘင်ဖရန့်ဆစ်မှာ ယင်း အကြိုက်တွေ့သည့် အားကစားဝတ်စုံ ရှာမတွေ့ခြင်းကြောင့် Gymshark အားကစားဝတ်စုံကုမ္ပဏီ စတင်ခဲ့ခြင်းဖြစ်သည်။ 

Gymshark ကုမ္ပဏီ အောင်မြင်ရသည့် အဓိကအကြောင်းရင်းတစ်ရပ်မှာ လူမှုကွန်ရက်ပေါ်တွင် ပရိသတ်များပြားခြင်းကြောင့်ဖြစ်သည်။ Gymshark ကုမ္ပဏီမှာ အင်စတာဂရမ်တွင် အားပေးသူ ၄.၆ သန်းပိုင်ဆိုင်ထားသည်။ Gymshark ကုမ္ပဏီမှာ လူမှုကွန်ရက်ပေါ်တွင် ကျော်ကြားသူများကို စပွန်ဆာပေးသည့် ပထမဆုံး ကုမ္ပဏီ တစ်ခုဖြစ်သည်။

KNT






အခြားဆက်စပ်သတင်းများ