နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂလန်က မန်ယူနဲ့ စပိန်က ယူရိုပါလိဂ်အရှင်သခင် ဆီဗီလာတို့ရဲ့ ဆီမီးပွဲ

  ဩဂုတ်  ၁၆


 ဆီဗီလာဟာ ယူရိုပါလိဂ်ရဲ့ အရှင်သခင်ဆိုတာ လုံးဝထင်ရှားပါတယ်။ ပြိုင်ပွဲနောက်ဆုံး (၁၄)ကြိမ်မှာ (၅)ကြိမ်ဗိုလ်စွဲခဲ့တာက အပြည့်အဝသက်သေပါ။ ဆီဗီလာရဲ့ ထူးခြားချက်ကတော့ နည်းပြကောင်း၊ ကစားသမား ကောင်းတွေ စဉ်ဆက်မပြတ်ရှာဖွေနိုင်ခဲ့ခြင်းပါပဲ။ ဒီနှစ်မှရောက်လာတဲ့နည်းပြသစ် လိုပီတီဂူး၊ တိုက်စစ်က အိုးကမ်းမို့စ်တို့ဟာ အဲ့ဒီအချက်ကို လုံးဝသက်သေထူနေပါတယ်။ လိုပီတီဂူးဟာ ပုံမှန်အားဖြင့် ၄-၃-၃ ပုံစံပွဲ ထွက်ပြီး ဘောလုံးဆုံးရှုံးချိန်မှာ ၄-၅-၁ ကစားကွက်ကို ဆီဗီလာအနေနဲ့ အပြောင်းအလဲပြုလုပ်ယှဉ်ပြိုင်ပါ တယ်။ လိုပီတီဂူးလက်ထက် ဆီဗီလာဟာ ခံစစ်အင်မတန်တောင့်တင်းနေတာကို အသိအမှတ်ပြုရမှာပါ။ လက်ရှိအချိန်မှာ ဆီဗီလာဟာ ၂၀၁၉-၂၀၂၀ ရာသီအတွက် ခြေစွမ်းအတက်ဆုံးဖြစ်နေပြီး ပြိုင်ပွဲစုံ ၁၉ ပွဲဆက် ရှုံးပွဲမရှိခဲ့ပါဘူး။ အထူးသဖြင့် ပြိုင်ပွဲစုံနောက်ဆုံးရှစ်ပွဲမှာ ခုနစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ပေးဂိုးမရှိတာလည်း ခုနစ်ပွဲ ရှိအောင်စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ ဆီဗီလာက ဘယ်ခြေစွမ်းတက်နေတာ ထင်ရှားပါတယ်။ 

မန်ယူကတော့ ပရီးမီယားလိဂ်မှာ ဘယ်သူမှမထင်မှတ်ဘဲအဆင့်သုံးရအောင်အထိ စွမ်းဆောင်နိုင်ခဲ့ပြီး ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင်နယ်အထိရောက်ရှိလာခဲ့ပါပြီ။ ဒီတစ်ရာသီလုံးမှာ မန်ယူဘက်ကပြောစမှတ် ဖြစ်ခဲ့တာကတော့ ရှေ့တန်းက ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ် သုံးယောက်တွဲတိုက်စစ်အတွဲပါပဲ၊ ဆန်းချက်ဇ်နဲ့ လူကကူကိုထုတ်ပြီး အထက်ကလူငယ်တိုက်စစ်အတွဲကို ဖန်တီးပုံဖော်ခဲ့တဲ့ ဆိုးလ်ရှားရဲ့စိတ်ကူးကိုတော့ ချီးကျူးရမှာပါ။ ဒါပေမယ့် မန်ယူရဲ့ ရှေ့တန်းတိုက်စစ်သုံးယောက်ကို အားမရတာကတော့ ခြေစွမ်း တသမတ်တည်းမရှိတာပါဘဲ၊ လူငယ်တွေဖြစ်လို့ ကစားအား၊ လျင်မြန်မှု၊ သက်လုံတွေမှာ အားကောင်း ခဲ့ပေမယ့် ပွဲကြီးတွေမှာထဖောက်သလို၊ သမ္ဘာပိုင်းမှာအားနည်းပါတယ်။ မန်ယူမှာ နည်းပြရော၊ ကစားသမားများပါ တကယ့်ပြိုင်ပွဲကြီးအတွေ့အကြုံနည်းနည်းလိုသေးတယ်လို့ထင်ပါတယ်။ သေချာတာကတော့ ပြိုင်ဘက်က တအားပိတ်နေတယ်ဆိုရင် မန်ယူမှာနောက်ထပ် ဘာအစီအစဉ်ရှိလည်း၊ ဘယ်လိုဖြေရှင်းမလည်း၊  ဖြေရှင်းချက်မရှိသေးတာ ပြီးခဲ့တဲ့ ကိုဗင်ဟေဂင်နဲ့ပွဲက သက်သေထူနေပါတယ်။

လက်ရှိအချိန်ထိ မန်ယူကော၊ ဆီဗီလာပါ ခြေစွမ်းကောင်းမွန်နေပြီး ဝုဒ်နဲ့ရိုးမားတို့ပွဲတွေမှာ ပေးဂိုးမရှိခဲ့တဲ့ ဆီဗီလာရဲ့ခြေစွမ်းအထင်ကြီးစရာပါ။ အင်္ဂလိပ်ကလပ်တွေနဲ့ ယူရိုပါလိဂ်ရှုံးပွဲလုံးဝမရှိသေးတဲ့ အချက်လက်ရှိ ယူရိုပါလိဂ်ဘုရင်ဆိုတဲ့အချက်တွေကြောင့် ဆီဗီလာက နောက်ဆုံးဗိုလ်လုပွဲကို ရောက်သွားနိုင်မလားဆိုတာ ကတော့ ၁၆.၈.၂၀၂၀(တနင်္ဂနွေ) ည ၁ နာရီခွဲအချိန်မှာ စောင့်ကြည့်ဖို့တော့လိုပါတယ်။                       


 (SO)






အခြားဆက်စပ်သတင်းများ