နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
'' ဆယ်တန်းအောင်ပြီး ဘာအလုပ် လုပ်ရမလဲ ''

ရန်ကုန်   ဩဂုတ်  ၁၆


  '' အလုပ် '' လို့ မြင်လိုက်တာနဲ့ အများစုက ပိုက်ဆံရတဲ့အလုပ်ကို မြေးမြင်မိကြလိမ့်မယ်ထင်ပါတယ်။ တကယ်တမ်း  အလုပ်ဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက်အတွက် ဒါမှမဟုတ် အများအတွက် အကျိုးရှိစေတဲ့ အရာမျိုး၊ ကိုယ့်မိသားစုအတွက် တစ်ခုခုကူညီပေးနေရတာမျိုး၊ မိမိစိတ်ကိုမိမိကိုယ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရတာမျိုး စတာတွေကလည်း အလုပ်ပါပဲ။ ငွေကြေးရရှိတဲ့ အလုပ်အကိုင်တစ်ခုတည်းကသာ အလုပ်မဟုတ်ဘဲ မိမိကိုယ်ကိုယ် ကောင်းသထက်ကောင်းလာဖို့ စိတ်နဲ့ကိုယ်ကို အတတ်နိုင်ဆုံးကြိုးစား ပြင်ဆင်နေခြင်းမျိုးတွေကလည်း အလုပ်လုပ်နေတာလို့ သတ်မှတ်နိုင်ပါတယ်။ ဒီတော့ မကြာသေးခင်ကမှ တက္ကသိုလ်ဝင်တန်းကို ပူပူနွေးနွေးအောင်မြင်ထားကြတဲ့ လူငယ်တွေအနေနဲ့ တက္ကသိုလ်မတက်ခင် ကြားကာလမှာ ဘာအလုပ်တွေလုပ်နိုင်မလဲဆိုတာကို ဆွေးနွေးအကြံပြုချင်ပါတယ်။

 ၁၀တန်းအောင်ပြီးရင် ဘာဆက်လုပ်ရမလဲဆိုတဲ့ မေးခွန်းကိုအတော်များများ မေးတတ်ကြပါတယ်။ ဒီမေးခွန်းက တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ်ခြင်းမတူညီတာကြောင့် အဖြေတွေလဲတူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တိကျတဲ့ဦးတည်ချက်တစ်ခုကတော့ ၁၀တန်းအောင်ပြီးရင် ကိုယ့်ဘဝကိုယ်ရပ်တည် နိုင်အောင်ခြေလှမ်းသစ်တွေ စရတော့မယ်ဆိုတာပါပဲ။ ဒီလိုအခြေအနေမှာ ကိုယ်ရွေးချယ်လိုက်တာကအရေးကြီး ပါတယ်။ ကိုယ်ကအသက်မွေးဝမ်းကျောင်းကို ရွေးလိုက်တာလား၊ ဘာကိုရွေးတာလဲဆိုတာ ကိုယ့်ကိုယ်ကိုနားလည်ဖို့လိုပါတယ်။ ဆယ်တန်းအောင်ပြီဆိုရင် အရင်ဆုံးလုပ်ရမှာကတော့ 'ဆုံးဖြတ်ချက်' ပါပဲ။ ဘာမှမလုပ် သေးခင်ဆုံးဖြတ်ချက်တွေထားပါ။ ငါဘာလုပ်မှာလဲ။ ဘာအတွက်လဲ။ ဒါလုပ်ပြီးရင် အကျိုးအမြတ်ကဘာလဲ စတာတွေကို အရင်ကြိုတွေးထားရပါမယ်။ ပြီးရင် ကိုယ်တိုင်ဆုံးဖြတ်ဖို့ လိုပါတယ်။ (ဥပမာ - ငါ ဘွဲ့ရဖို့လိုတယ်။ တက္ကသိုလ်ကတက်ရတော့မယ်။ အဲဒီမှာဆုံးဖြတ်ဖို့လိုတာက Dayတက်ပြီး ပညာတွေရှာမှာလား။ အဝေးသင်တက်ပြီး လိုအပ်တဲ့ ပြင်ပကသင်တန်းတက်ပြီး အတတ်ပညာတွေရှာမှာလား။ ဒီထဲကတစ်ခုခုကို သေသေချာချာဆုံးဖြတ်ရွေးချယ်ဖို့ လိုပါတယ်။ ။

Dayတက်တဲ့သူလည်း သူ့အလိုအလျောက် သူ့ကြိုးစားမှုအပေါ်မူတည်ပြီး အချိန်အတိုင်းအတာ တစ်ခုမှာ ဘွဲ့တစ်တစ်ခုရမယ်။ ကြားထဲမှာအားရင်တောင်မှ အခြားသင်တန်းတွေကို လေ့လာနိုင်တယ်။ အဝေးသင်ဆိုရင် အများစုတွေးကြတာက အမှတ်နည်းတဲ့ လူတွေ ၊ အမှတ်မမီတဲ့လူတွေပဲ တက်တာလို့ ထင်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး။ အဝေးသင်မှာလည်း သူ့မေဂျာနဲ့သူ့အမှတ်ရှိပါတယ်။ အဝေးသင်လည်း အချိန်အတိုင်းအတာတစ်ခု ရောက်ရင်ဘွဲ့တစ်ခုရမယ်။ ဒါပေမယ့် အမှန်တကယ်ကြိုစားတဲ့လူတော့ဖြစ်ဖို့ လိုပါတယ်။အဝေးသင်တက်မယ်ဆိုရင် ကျန်တဲ့လတွေကို အချိန်ပိုင်းအလုပ်လုပ်တာပဲဖြစ်ဖြစ်၊ တခြားသင်တန်းတွေ တက်ရောက်ဖို့ပဲဖြစ်ဖြစ် အချိန်ပေးနိုင်မှာ ဖြစ်ပါတယ်။

  ဒီနေရာမှာ မိဘတွေရဲ့အခန်းကဏ္ဍလည်း တစ်ထောင့်တစ်နေရာကပါလာမယ် ထင်ပါတယ်။ ဆယ်တန်းအောင်တဲ့ ကျောင်းသားအများစုရဲ့ အတွေးထဲမှာ တက္ကသိုလ်အတွက် လုံးပန်းနေကြပါပြီ။ အဲ့ဒီမှာကိုယ်ရွေးချယ်ချင်တာနဲ့ ကိုယ်ရတဲ့ရမှတ်နဲ့ မမီတာတွေဖြစ်လာတော့ ကိုယ်တတ်ချင်တဲ့တက္ကသိုလ်ကို တက်လို့မရတာတွေ ဖြစ်တတ်ပါတယ်။ အဲ့ချိန်မှာ ကျောင်းသားအများစုသာမက သူတို့ရဲ့မိသားစုတွေအများအားဖြင့်ပြောတတ်ကြတာက ''ဒီလောက်အမှတ်ကလေးနဲ့ ဘာလုပ်ရမှာလဲ အောင်တာပဲ အဖတ်တင်တယ် လူရာမဝင်တဲ့အမှတ်လေးနဲ့မအောင်ဘဲ နောက်နှစ်ဖြေတာမှကောင်းဦးမယ်''ဆိုတဲ့ စကားတွေပါပဲ။ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ဆယ်တန်းဆိုတဲ့တံတိုင်းကိုကျော်လွှားဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်။ ကျော်လွှားဖူးသူတွေပဲ နားလည်နိုင်မှာဖြစ်ပါတယ်။ ဆယ်တန်းပူပူနွေးနွေးအောင်မြင်ထားတဲ့ သားသမီးကို ကိုယ်ဖြစ်ချင်တာပဲ ဆက်လုပ်ခိုင်းနေလို့မရတော့ပါဘူး။ သူတို့ကို Guide Line ပေးတဲ့သဘောပဲ လမ်းပြပေးရမှာ ဖြစ်ပါတယ်။ဖြေခဲ့ပြီးသား စာမေးပွဲအပေါ်အမှတ်နည်းလို့ထပ်ပြီး ဆူပူတာမျိုးတွေလုပ်နေရ မှာ မဟုတ်ဘူးဆိုတာကို ကောင်းစွာနားလည်ထားသင့်ပါတယ်။            

           နောက်တစ်ခုကတော့ တက္ကသိုလ်တွေမတက်ခင်အတောအတွင်း လတ်တလော ကိုယ်တက်ချင်တဲ့၊ ကိုယ်ဝါသနာပါတဲ့၊ ကိုယ့်ဘဝကိုအထောက်အကူဖြစ်စေမယ့် သင်တန်းကို အနည်းဆုံးတော့ တစ်ခုလောက် တတ်မြောက် ထားသင့်ပါတယ်။ အထူးသဖြင့် ဘာသာစကားသင်တန်းတစ်ခုခု ၊ ကွန်ပျူတာ ပညာရပ်တစ်ခုခု စသဖြင့် မိမိစိတ်အားသန်ရာကို ရွေးချယ်ထားသင့်ပါတယ်။ တကယ်လို့ သင်တန်းတွေတက်ဖို့အတွက် လုံလောက်တဲ့ ငွေကြေးမရှိသလို မိဘကလည်း မထောက်ပံ့နိုင်ဘူးဆိုရင်တော့ အွန်လိုင်းကတစ်ဆင့် Page တွေကနေ ပြန်သင်ယူတာမျိုး၊ အခမဲ့သင်တန်းတွေကို ဆက်သွယ်စုံစမ်းတာမျိုး လုပ်ပြီးသင်ယူ နိုင်မှာပဲဖြစ်ပါတယ်။ အခပေးသင်တန်းကျောင်းနဲ့ အခမဲ့ပညာဒါနသင်တန်းကျောင်းတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ကဏ္ဍအလိုက် ဖော်ပြပေးထားတာမို့ ကိုယ့်အတွက် တိုးတက်ရာ တိုးတက်ကြောင်းလမ်းစဉ်တွေကို ကိုယ်တိုင် ရှာဖွေလို့ ရနေပြီပဲ ဖြစ်ပါတယ်။ ကိုယ်တိုင် မရှာဖွေတတ်ဘူးဆိုရင် နီးစပ်ရာ ဆရာ၊ ဆရာမ ဒါမှမဟုတ် ကိုယ့်ထက် တတ်သိနားလည်တဲ့ လမ်းပြပေးနိုင်တဲ့ အိမ်နီးချင်းများကိုလည်း အကူအညီတောင်းနိုင်ပါတယ်။  

သင်တန်းရွေးချယ်မှုနဲ့ပတ်သက်ပြီးလည်း အလေးထားပြောချင်ပါသေးတယ်။ ဒါကတော့ ကိုယ်ရွေးချယ်တဲ့ သင်တန်းက ကိုယ့်ကိုအမှန်တတ်မြောက်စေဖို့လိုပါတယ်။ ရွေးချယ်လိုက်တဲ့သင်တန်းက ကိုယ်စိတ်ပါတဲ့ အကြောင်းအရာ၊ အမှန်တကယ်တတ်မြောက်လိုတဲ့ သင်တန်းပဲဖြစ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်စိတ်ပါတဲ့ သင်တန်းတက်ထားမှလည်း တစ်ချိန်ချိန်မှာပြန်အသုံးချလို့ရမှာဖြစ်ပါတယ်။   ဆယ်တန်းအောင်ပြီး အများတကာနည်းတူ ကွန်ပျူတာသင်တန်းလိုက်တက်၊ အင်္ဂလိပ်စာသင်တန်းတွေ လိုက်တက်ပြီး ကိုယ်မတက်ချင်တဲ့သင်တန်းကြီးတက်ထားတော့လည်း ကိုယ်မှမတက်ချင်တာ ဘယ်လောက် သင်သင် ဒီပညာရပ်ကို တတ်မြောက်မလာနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။ သင်တန်းရွေးချယ်ရင်လည်း လတ်တလောအချိန်ခဏလေးအတွက်ကြည့်ပြီး မရွေးချယ်သင့်ပါဘူး။ ရေရှည်ကိုကြည့်ပြီးမှ ဒီသင်တန်း တက်ပြီးရင် ရေရှည်မှာဘာအသုံးဝင်မလဲစဉ်းစားပြီးမှ တက်ရောက်သင့်ပါတယ်။ရှင်းရှင်းပြောရရင် ဒီသင်တန်းက ရတဲ့ အတတ်ပညာနဲ့ ဘယ်လိုပြန်အသုံးချမလဲဆိုတာကို တွေးပြီးမှ တက်ရောက်ဖို့ ဆုံးဖြတ်သင့်ပါတယ်။

   အဓိက ပြောချင်တာက ဆယ်တန်းအောင်ထားတဲ့ ကျောင်းသားတွေ အဓိကလုပ်ရမှာကတော့ ကိုယ့်အနာဂတ်ကို ကိုယ်ကိုယ်တိုင်ကြည့်ရမယ်ဆိုတာပါပဲ။ တစ်ဘဝလုံး ဆယ်တန်းထိမိဘတွေက ကိုယ့်လမ်းကို ဖောက်လာပေးခဲ့ပြီးပြီဖြစ်လို့ ဒီချိန်မှာကိုယ့်မှာ အခွင့်အရေးတွေလည်းရှိနေပြီဆိုတော့ လမ်းဖောက် ဖို့ပြင်ဆင်ကြပါ။ ရည်ရွယ်ချက်ကြီးကြီးထားသင့်ပေမယ့် ဆယ်ကျော်သက်ဘဝမှာ အဓိကရည်မှန်းချက်ကို ဝင်ငွေရဖို့ အလုပ်တစ်ခုတည်းကိုကြည့်ပြီး မစဉ်းစားသင့်သေးပါဘူး။ ပညာတွေဆက်သင်ပြီး လိုအပ်တဲ့ ပညာတွေအတွက် ဖြည့်ဆည်းနိုင်ဖို့ သင်တန်းတွေတက်ရမှာဖြစ်ပါတယ်။ လူမှုအတွေ့အကြုံနဲ့ပတ်ဝန်းကျင် အတွေ့အကြုံတွေကို အရင်ဆုံးလေ့လာရှာဖွေရမှာဖြစ်ပါတယ်။ ပြည့်ဝတဲ့စွမ်းရည်ရှိတဲ့ ဆယ်ကျော်သက် ဘဝကို ဖြတ်သန်းထားဖူးမှ အသက်၂၀ ကျော်အရွယ်လောက်ဆို ဝင်ငွေအရရော လုပ်ငန်းခွင်ကိစ္စတစ်ချို့ကိုပါ စနစ်တကျ နားလည်လာမှဖြစ်ပါတယ်။ 

   နောက်ဆုံးတစ်ခုအနေနဲ့ကတော့ စာအုပ်တွေဖတ်ပါ။ ဆယ်တန်းမအောင်ခင်က ကျောင်းစာဘက်မှာ အားနည်းမှာစိုးတဲ့စိတ်နဲ့ အချို့သောမိဘများက ပြင်ပစာပေဖတ်တာကို တားမြစ်ထားတတ်ပါတယ်။ ဒါကြောင့် ဆယ်တန်းအောင်ပြီးကာစ ပူပူနွေးနွေးအားနေချိန်မှာ ပြင်ပဗဟုသုတရဖွယ် စာအုပ်တွေကို လက်လှမ်းမီသလောက် ရှာဖွေဖတ်ရှုသင့်ပါတယ်။ လူငယ်ကြိုက် မဂ္ဂဇင်းတွေကစလို့ ဝတ္ထုစာအုပ်တွေလည်း မြင်သမျှ ဖတ်နိုင်ပါတယ်။ အဲ့ဒီအစပျိုးမှုကနေ ကိုယ်စိတ်ဝင်စားတဲ့စာပေကို ကိုယ်တိုင်သိလာတဲ့အခါ ထပ်ပြီး ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်အများစုဟာ အရည်အသွေးပြည့်ဝတဲ့ သူတို့ရဲ့ ဝမ်းစာကို စာအုပ်တွေကတစ်ဆင့် ဖြည့်တင်းယူလေ့ရှိကြပါတယ်။ ဒီအတွက် ကလေးအရွယ်ကစာမဖတ် ဖြစ်ခဲ့ဘူးဆိုရင်တောင် ဆယ်တန်းအောင်ကာစ ဆယ်ကျော်သက်အရွယ်မှာ ဖတ်ချင်တဲ့ပြင်ပဗဟုသုတ စာတွေကို စဖတ်လို့ရပြီပဲဖြစ်ပါတယ်။ စာဖတ်များလာတဲ့အခါ ဘယ်စာအုပ်ကိုဖတ်သင့်ပြီး ဘယ်စာအုပ်ကို မဖတ်နဲ့ဆိုတာကို ကိုယ်တိုင်သုံးသပ်လာနိုင်မှာဖြစ်ပါတယ်။ 

  အချုပ်ပြောရရင် ဆယ်တန်းအောင်တယ်ဆိုတာ ဘဝကိုအခုမှ စတင်ဖို့အစပျိုးမှုတစ်ခုပဲဖြစ် ပါတယ်။ ဆယ်တန်းအောင်ပြီး လုပ်ရမယ့်အလုပ်ကို ပြောပါဆိုရင် ဝမ်းစာကိုစိမ်ပြေနပြေ ဖြည့်ရမယ့်အလုပ် အရင်ဆုံးလုပ်ပါလို့ပဲ ဖြေရမှာပါ။ ဝမ်းစာပြည့်မှ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်သူတစ်ယောက်ရဲ့ ဘဝကို စတင်တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ပညာရှင်တစ်ယောက်ရဲ့ စကားလိုပါပဲ ။ '' ငွေရဖို့ အလုပ်မလုပ်ပါနဲ့။  အလုပ်လုပ်ရင်း ငွေကကိုယ့်ဆီလာပါစေ '' ဆိုသလို အရည်အသွေးပြည့်ဝတဲ့ လူငယ်ခြေတက်လေးတွေ အများကြီး ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ရင်း… ။    ။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ