နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 နှင့် လူမှုဘဝထဲ တိုးဝင်လာသော ဒစ်ဂျစ်တယ်စနစ်များ

ရန်ကုန်    ဩဂုတ်  ၁၅

  မြန်မာနိုင်ငံသည် COVID-19 ကာလကို  ကောင်းမွန်စွာ ထိန်းချုပ်နိုင်နေသော်လည်း စီးပွားရေးနှင့် လူမှုဘဝနေထိုင်မှုပုံစံများသည် ပြောင်းလဲစပြုလာပြီဖြစ်သည်။ အဆိုပါ ပြောင်းလဲသွားမှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဆက်နွှယ်မှုအပေါ် ပို၍အကျိုးသက်ရောက်သွားနိုင်မည်ဖြစ်ပြီး နည်းပညာအရလည်း ပိုမိုအကျိုးဖြစ်ထွန်းဖွယ်ရှိကာ၊ နည်းပညာ၊ စီးပွားရေးနှင့် လူမှုဘဝမည်သို့ အချိုးကျသွားမည်ကို  စီးပွားရေး အဖွဲ့အစည်းအချို့၏  စစ်တမ်းများကလည်း အပြိုင်အဆိုင်ဖော်ပြနေကြပြီ ဖြစ်သည်။

ပထမဦးစွာ တင်ပြရလျှင်  COVID-19 ကာလအတွင်း အွန်လိုင်းစျေးဝယ်ယူမှု၊ လူမှုကွန်ရက်မီဒီယာ အသုံးပြုမှု၊ ဗီဒီယိုကွန်ဖရင့်များဆောင်ရွက်မှုနှင့်အွန်လိုင်းဗီဒီယိုများကို တိုက်ရိုက်ကြည့်ရှုမှုစသည်တို့ကို သိသိသာသာမြင့်တက်လာစေခဲ့ကာ အစားအစာ၊ ဟင်းချက်ဖွယ်ရာ၊ ဆေးဝါးပစ္စည်းများနှင့်အထုပ် အပိုးများစသည်တို့ကို သယ်ပို့ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများသည် မြန်မာနိုင်ငံတွင်လည်း တိုးတက် ကျယ်ပြန့်လာသည့်  အချို့သောလုပ်ငန်းအမျိုးအစားများ ဖြစ်လာသည်။  အဆိုပါ အခြေအနေသည် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်တွင် နေရာတစ်ခုအဖြစ် မပါဝင်နိုင်ခြင်းသည် အသေးစားလုပ်ငန်းများမှ ထုတ်လုပ်သူများ၊ ရောင်းချသူများနှင့် စားသုံးသူများကို ထိခိုက်လာနိုင် စေကြောင်း မီးမောင်းထိုးပြလျက်ရှိပြီး၊ သမားရိုးကျ လည်ပတ်နေသည့်စျေးများ ပိတ်လိုက်ရသောအခါ တယ်လီကွန်းအော်ပရေတာများ၏ ဝန်ဆောင်မှု များနှင့် Hardware ပိုင်းအပါအဝင် သုံးရအဆင်ပြေပြီး ထိရောက်သည့် အိုင်စီတီနည်းပညာများက ပိုမိုတိုးတက်ကျယ်ပြန့်လာမည်ဖြစ်သည်။ ဒစ်ဂျစ်တယ် ကွာဟချက်များကို ဖြည့်ဆည်းပေးပြီး  အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား အွန်လိုင်းပလက်ဖောင်းပေါ်မှတစ်ဆင့် ပံ့ပိုးကူညီပေးနိုင်ခြင်းအား ယခုလက်ရှိ ဖြစ်ပေါ်နေသော ကမ္ဘာ့ကူးစက်ကပ်ရောဂါကြောင့် ပိုမိုအသားပေးလုပ်ဆောင်ဖြစ်လာခဲ့သည်။

   မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan - CERP) သည် ကွာဟမှုများကို ချိတ်ဆက်ပေးနိုင်သည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများ၊ e-commerce နှင့် Social commerce စနစ်များကို အဓိကအသားပေး လုပ်ဆောင်သွားဖွယ်ရှိပြီး ပိုမိုကျယ်ပြန့်လာမည့် ရွေးချယ်စရာများပြားလှသည့်  မိုဘိုင်းငွေကြေးဝန်ဆောင်မှုများနှင့် ထိတွေ့မှုမရှိသည့် သယ်ပို့မှုစနစ် (Contactless Delivery) အပြင် ထိတွေ့မှုမရှိသည့် ငွေပေးချေမှုစသည်တို့နှင့်အတူ ဒစ်ဂျစ်တယ်ငွေပေးချေမှု / ငွေသားအသုံးမပြုသည့် ငွေပေးချေမှုများသည် လူအများက ပိုမိုရွေးချယ်လာမည့် ခေတ်ရေစီးကြောင်း သစ်တစ်ခုအဖြစ် အသွင်ဆောင်လာမည်ဖြစ်သည်။

    မြန်မာနိုင်ငံအနေဖြင့်လည်း အားလုံးပါဝင်သည့် ငွေသားမဲ့ လူ့ဘောင်အဖွဲ့အစည်း အဖြစ် လျှောက်လှမ်း သွားမည်ဖြစ်သည့်အတွက် e-government အစီအစဉ်ထဲတွင် e-commerce အတွက် အလားအလာကောင်း များစွာရှိကြောင်း လေ့လာတွေ့ရှိရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် နည်းပညာ၏ အရေးပါမှုကို သိသာစေခဲ့ရုံသာမက ထိရောက်မှုရှိပြီး အားလုံးပါဝင်သော၊ တာဝန်ခံမှုရှိသော အစိုးရအဖွဲ့အစည်းတစ်ရပ် တွင်လည်း အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိသည်ကို ထင်ရှားစေခဲ့သည်။ အစိုးရအဖွဲ့အစည်းများသည် ကပ်ရောဂါကို တုံ့ပြန်ခြင်းအပြင် သတင်းအချက်အလက် ကာကွယ်ခြင်း၊ အားလုံးပါဝင်သော ဒစ်ဂျစ်တယ် ကဏ္ဍဖြစ်ပေါ်လာရေးနှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ခြင်းတို့ကို ဦးစားပေးရန်အတွက် ဒစ်ဂျစ်တယ်နည်းဗျူဟာများကို အပြောင်းအလဲပြုလုပ်ကာ မြှင့်တင်လာကြသည်။

 ထို့ပြင် ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်မှာ ထင်ရှားတဲ့ Visa ရဲ့ စစ်တမ်း အရ မြန်မာနိုင်ငံသား သုံးစွဲသူ ၄ ဦးလျှင် ၃ ဦး (၇၂ ရာခိုင်နှုန်း) ခန့်သည် Contactless ကတ်ဖြင့် ငွေပေးချေမှုများ ပြောင်းလဲလုပ်ဆောင်ရန် စိတ်ဝင်စားကြောင်း တွေ့ရှိချက်ရတယ်လို့ ဆိုထားပြီး အဆိုပါ လေ့လာဆန်းစစ်ချက်အရ ဖြေဆိုသူထက်ဝက်ကျော် (၅၂ ရာခိုင်နှုန်း) ခန့်သည် Contactless ကတ်များဖြင့် ငွေပေးချေမှုကို သိရှိကြကြောင်းတွေ့ရှိခဲ့ပြီး အဆိုပါအချက်သည် ပြီးခဲ့သောနှစ်က ၁၀ ရာခိုင်နှုန်းသာရှိခဲ့သည်။

ယင်းစစ်တမ်းကို မြန်မာနိုင်ငံမှ လစဉ်ဝင်ငွေ အနည်းဆုံးကျပ် ၁၅၀,၀၀၀ ရရှိသော အသက် ၁၈ နှစ်မှ ၆၅  နှစ်ကြားရှိ  ဖြေဆိုသူ ၅၁၅ ဦး အပါအဝင် အရှေ့တောင်အာရှရှိ နိုင်ငံ (၇) နိုင်ငံမှသုံးစွဲသူ စုစုပေါင်း ၅,၁၀၂ ဦး တို့ကို စစ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး၊ ဖြေဆိုသူများသည် Contactless ကတ်များကို အများဆုံး အသုံးပြုကြသည့် နေရာများအနေဖြင့် ပြည်ပခရီးသွားရာတွင်အများဆုံးအသုံးပြုကြကြောင်း ဖြေဆိုခဲ့ကြပြီး ထို့နောက်တွင် စူပါမားကက်များနှင့် စားသောက်ခြင်းများအတွက်စသည်ဖြင့် အသုံးပြုကြကြောင်း ဖြေဆိုခဲ့ ကြသည်။

 မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာကို မတ်လအတွင်း တွေ့ရှိခဲ့စဉ်က အကြီးတန်း အစိုးရအဖွဲ့ဝင်များသည် အခြေအနေမှန်အား လူထုကို တိုက်ရိုက်ဆက်သွယ်သတင်းပေးနိုင်ရန်အတွက် လူမှု ကွန်ရက်ကို အသုံးပြုခဲ့သည်။ ထို့အပြင် ဝန်ကြီးများ၊ ကျန်းမာရေးအရာရှိများ၊ အဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် တိုင်ပင်၊ ညှိနှိုင်း ဆွေးနွေးနိုင်ရန် ဗီဒီယိုကွန်ဖရင့်အစည်းအဝေးစနစ်ကို အသုံးပြုခဲ့သည်။ 

နိုင်ငံတော်သတင်းစာရှင်းလင်းပွဲများကိုလည်း ဗီဒီယိုကွန်ဖရန့်များမှတစ်ဆင့်  ပြုလုပ်ကျင်းပခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူမှ အွန်လိုင်းမှတစ်ဆင့် မီဒီယာများ သိလိုသည်များကို ဖြေကြားခဲ့ပြီး  ယခုကဲ့သို့               ကပ်ရောဂါရင်ဆိုင်တိုက်ဖျက်နေရသည့်အချိန်မျိုးတွင် ဒစ်ဂျစ်တယ် တတ်သိနားလည်မှုနှင့် ကျွမ်းကျင်မှုသည် အများပြည်သူထံသို့ တိကျပြီးအသုံးဝင်သော သတင်း၊ အချက်အလက်များကို ထောက်ပံ့ပေးခြင်းကဲ့သို့ပင် အရေးပါလာမည်ဖြစ်သည်။

   ငွေသားကိုင်တွယ်ပေးချေရန်မလိုသော ငွေပေးချေမှုစနစ်များ (Cashless Payment Methods) ကို အသုံးပြုသူ ၅ ဦးအနက် ၃ ဦး (၆၂ ရာခိုင်နှုန်း) သည် လာမည့်နှစ်တွင် ထိုစနစ်ကို ပိုမိုအသုံးပြုသွားကြလိမ့် မည်ဟု မျှော်လင့်ပြီး၊ ယင်းကို ဖြစ်ပေါ်စေသည့် အကြီးမားဆုံးအချက်များမှာ အသုံးပြုသူများ၏ သုံးစွဲရခြင်း အဆင်ပြေမှု (၃၆ ရာခိုင်နှုန်း)၊ ငွေသားကိုင်တွယ် ပေးချေရန်မလိုသော ရွေးချယ်မှုအပေါ် ကျယ်ပြန့်စွာ လက်ခံမှု (၂၈ ရာခိုင်နှုန်း)၊ ငွေသားကိုင်တွယ်ပေးချေမှုအပေါ် ဆန္ဒလျော့ကျလာမှု (၂၀ ရာခိုင်နှုန်း) စသည့် လှုံ့ဆော်ချက်များကြောင့် ဖြစ်သည်ဟု ဆိုသည်။

လေ့လာဆန်းစစ်မှုများအနက် စိတ်ဝင်စားစရာ အကောင်းဆုံးမေးခွန်းတစ်ခုမှာ မြန်မာနိုင်ငံအနေဖြင့် ငွေသားလုံးဝ ကိုင်တွယ်ပေးချေရန်မလိုသော ငွေပေးချေမှုစနစ်များဖြစ်လာရန် မည်မျှကြာရှည် မည်နည်း ဆိုသည့် အကြောင်းအရာအပေါ်ဖြေဆိုသူ မြန်မာနိုင်ငံသားများ၏  ယုံကြည်ချက်ပင်ဖြစ်ပြီး၊ ယခုအကြိမ် လေ့လာဆန်းစစ်ချက်အရ ဖြေဆိုသူ ၄၂ ရာခိုင်နှုန်းသည် ၆ နှစ်မှ ၁၀ နှစ်အတွင်း၊ ၂၁ ရာခိုင်နှုန်းသည် ၂ နှစ်မှ ၅ နှစ်အတွင်း၊ ၂ ရာခိုင်နှုန်းသည် ၁ နှစ်အတွင်းပင် မြန်မာနိုင်ငံသည် ငွေသားကိုင်တွယ်ပေးချေရန် မလိုသော ငွေပေးချေမှုစနစ်ကို ကျင့်သုံးသည့် နိုင်ငံဖြစ်လာလိမ့်မည်ဟု အသီးသီး ယုံကြည်ကြကြောင်း ဖြေဆိုခဲ့ကြသည်။

  ကမ္ဘာ့ကူးစက်ကပ်ရောဂါသည် သမားရိုးကျ သတ်မှတ်ထားသည့် မူလရုံးတွင် အလုပ်တာဝန် ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းအများစုကို ယင်းတို့၏အိမ်များမှ အလုပ်လုပ်ကိုင်ကြရန် အကြောင်းဖန်လာ စေသောကြောင့် ပုံမှန်ရုံးတက်ရမှုဖြစ်စဉ်သည် တကယ်တမ်း မိမိတို့အတွက် မရှိမဖြစ်လိုအပ်နေသည့် အနေ အထားမဟုတ်ကြောင်း ယခုလက်ရှိအခြေအနေက သိသာစေခဲ့ကာ လူပေါင်းများစွာသည် အိမ်သို့မဟုတ် အိမ်အနီးအနား (ဥပမာ - co-working space) ကဲ့သို့ ရုံးပြင်ပနေရာများမှ လုပ်ငန်းဆောင်တာများကို         လုပ်ဆောင်နိုင်ဖို့လိုက်လျော ညီထွေဖြစ်လာရန် ကြိုးပမ်းလာပြီဖြစ်သည်။ အိမ်(သို့မဟုတ် )Co-working space တို့မှ အလုပ်လုပ်ကိုင်နေကြသည့် ဝန်ထမ်းအရေအတွက် တိုးတက်လာသည်နှင့်အညီ အစိုးရအဖွဲ့များ သည် လိုအပ်သည့်အခြေခံအရင်းအမြစ်များဖြစ်သည့် ဒစ်ဂျစ်တယ်နှင့် ဆက်သွယ်ရေးအခြေခံအဆောက်အဦ တို့ကို စနစ်တကျ ပြန်လည်သုံးသပ်ရန် စတင်လာတော့မည်ဖြစ်သည်။

  ယခုကဲ့သို့ လုပ်ကိုင်စေခြင်းသည် ဝန်ထမ်းများကို မြို့ပေါင်းများစွာကနေ လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်စေနိုင်သလို မိမိတို့နေထိုင်ရာ အနီးတစ်ဝိုက်ဖြစ်သည့်အတွက် လိုအပ်သည့် သွားလာရေးအချိန်များကို လျှော့ချပေးလိုက်မည်ဖြစ်သည်။ ကူးစက်ကပ်အလွန် မြို့ပြများသည် ရုံးလုပ်ငန်း ဆောင်တာများတစ်စုတစ်ဝေး၊ တစ်နေရာတည်းမှ ဆောင်ရွက်မှုလျော့နည်းလာမည့်အပြင် ရုံးပြင်ပမှ အလုပ်လုပ်ကိုင်မှု များပြားလာမည့်အတွက်  သဘာဝပတ်ဝန်းကျင်အတွက် အကျိုးဖြစ်ထွန်းစေပြီး လမ်းသွား လမ်းလာများအတွက်လည်း သိသိသာသာ အဆင်ပြေလာစေမည်ဖြစ်သည်။

 အချုပ်ဆိုရသော် Covid -19 ကြောင့်ထိခိုက်ဆုံးရှုံးမှုများစွာရှိသော်လည်း ဒစ်ဂျစ်တယ်ကဏ္ဍတစ်ခု ဖွံ့ဖြိုးလာခြင်းသည် အမြတ်တစ်ခုရလိုက်သည့်အသွင် ဆောင်နေပေသည်။ နည်းပညာ လျင်မြန်စွာဖွံ့ဖြိုးလာခြင်းကြောင့် လူမှုဘဝများတွင် ပိုမိုလျင်မြန်သော တိုးတက်မှုများကို ကြုံရမည်ပင်ဖြစ်သည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ