နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စံချိန်တင်သိမ်းဆည်းမှုအဖြစ် ဗင်နီဇွဲလားသို့ ဦးတည်နေသည့် အီရန်ရေနံတင်သင်္ဘောများကို အမေရိကန် သိမ်းဆည်း

ဝါရှင်တန်   ဩဂုတ်    ၁၅

ဗင်နီဇွဲလားနိုင်ငံသို့ ပို့ဆောင်မည့် အီရန်ရေနံတင်သင်္ဘောလေးစင်းကို အမေရိကန်နိုင်ငံက ထိန်းချုပ်ခဲ့ခြင်းမှာ အီရန်နိုင်ငံ၏ ရေနံပို့ကုန်အများဆုံး ပမာဏကို သိမ်းဆည်းမှုဖြစ်သည်။ ပြည်ပမဟာမိတ်နိုင်ငံများ၏ ဝိုင်းဝန်းကူညီမှုကြောင့် ရေနံစည် ၁.၁ သန်းကို သိမ်းဆည်းခဲ့သည်ဟု အမေရိကန်နိုင်ငံ တရားရေးဝန်ကြီးဌာနက ပြောသည်။ အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုမှာ အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုကို ချိုးဖောက်ရာရောက်သည်ဟု အမေရိကန်အစိုးရက ပြောသည်။ သို့သော် အဆိုပါသင်္ဘောများနှင့် သင်္ဘောပိုင်ရှင်များမှာ အီရန်နိုင်ငံသားများ မဟုတ်ကြောင်း ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ အီရန်သံအမတ်က ပြောသည်။ အစ္စလာမ်တော်လှန်ရေး သက် စောင့်တပ်ဖွဲ့(IRGC)က တင်ပို့ခဲ့သည့် ဒေါ်လာသန်းချီတန်ကြေးရှိသော ရေနံသင်္ဘောများကို အောင်မြင်စွာ သိမ်းဆည်းနိုင်ခဲ့သည်ဟု ပြီးခဲ့သည့်သောကြာနေ့တွင် အမေရိကန် တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 IRGC မှာ အီရန်လက်နက်ကိုင်တပ်ဖွဲ့၏ အဖွဲ့ခွဲတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံက ပြည်ပအကြမ်းဖက် အဖွဲ့အစည်းအဖြစ် စာရင်းသွင်းထားသည်။ သို့သော် အမေရိကန်တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် သိမ်းဆည်းခဲ့သည်ဆိုခြင်းကို ထည့်သွင်းဖော်ပြခြင်းမရှိပေ။ သိမ်းဆည်း ခံရသည့် ရေနံများကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် အီရန်ရေတပ်က အဆိုပါ ဖြစ်ရပ်နှင့် မသက်ဆိုင်သော သင်္ဘောတစ်စင်းပေါ်သို့ တက်ရောက်ရန် ပြင်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောသည်။

အီရန်ရေနံတင်သင်္ဘောများကို သိမ်းဆည်းရာတွင် စစ်အင်အား အသုံးပြုခဲ့ခြင်းမရှိဘဲ သင်္ဘောပိုင်ရှင်များ၊ အာမခံသူများ၊ သင်္ဘောကပ္ပတိန်များကို အရေးယူပိတ်ဆို့မှုချမှတ်မည်ဟု ခြိမ်းခြောက်ကာ ရေနံများ လွှဲပြောင်းပေးအပ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု အရာရှိများက ဆိုသည်။
                                                     KNT






အခြားဆက်စပ်သတင်းများ