နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကိုတက်သွားတဲ့ အသက်အငယ်ဆုံးနည်းပြ ဂျယ်စ်မန်းရဲ့ လိုက်ပ်ဇစ်

ဩဂုတ်  ၁၅

ကွာတားဖိုင်နယ်မှာ အသင်းကြီး အက်တီကိုအသင်းကို အံ့အားသင့်ဖွယ်အနိုင်ရလဒ်ကို စွမ်းဆောင်ခဲ့တဲ့ အသင်းကတော့ နည်းပြ ဂျူလီယမ်နာဂျယ်စ်မန်း ဦးဆောင်ခဲ့တဲ့လိုက်ပ်ဇစ်အသင်းပါပဲ၊ ဒီနိုင်ပွဲကြောင့် လိုက်ပ်ဇစ်အသင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဆီမီးကိုတက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲချိန်ဒုတိယပိုင်း ၈၈ မိနစ်မှာ တိုက်စစ်မှူး တိုင်လာအဒမ်သွင်းယူနိုင်ခဲ့တဲ့ အဖိုးတန်ဂိုးကြောင့် ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်း ချန်ပီယံလိဂ်ဖိုင်နယ်ကိုနှစ်ကြိမ်တက်ရောက်ထားတဲ့ အက်တီကိုအသင်းကို ပွဲပြီး ၂-၁ ဂိုးနဲ့ အနိုင်ရရှိခြင်းပဲဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းကိုပြီးခဲ့တဲ့ ၁၁ နှစ်ကမှ တည်ထောင်ခဲ့တာပါ။ လိုက်ပ်ဇ်ဟာ လာမယ့်အင်္ဂါနေ့မှာတော့ PSG အသင်းနဲ့ ဆီမီးဖိုင်နယ်မှာရင်ဆိုင်ယှဉ်ပြိုင်သွားရမှာပါ။ ဒီအဆင့် ရောက်ခဲ့တာဟာ လိုက်ပ်ဇစ်အတွက်အကြီးမားဆုံးအောင်မြင်မှုပါ။ လိုက်ပ်ဇစ်ဆီမီးတက်နိုင်မှုနဲ့အတူ အသက် ၃၃ နှစ်သာရှိသေးတဲ့ နည်းပြ ဂျူလီယာနာဂျယ်စ်မန်းဟာလည်း ဆီမီးဖိုင်နယ်ရောက် အသက်အငယ် ဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။

အက်တီကိုနဲ့ လိုက်ပ်ဇစ်တို့ဟာ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန် ၅၀ မိနစ်မှာ လိုက်ပ်ဇစ်ကစားသမား ဒန်နီအိုမိုဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၇၁ မိနစ်အရောက်မှာတော့ အက်တီကိုကစားသမားသူ့ကြောင့်ရရှိခဲ့တဲ့ ပင်နယ်တီကို ကိုယ်တိုင်ကန်သွင်းကာ  ချေပဂိုးရယူသွားပါတယ်။ ပွဲချိန် ၈၈ မိနစ်မှာတော့ အဒမ်က လိုက်ပ်ဇစ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ လိုက်ပ်ဇစ်အသင်းဟာ ၂၀၁၆-၂၀၁၇ ရာသီမှာ ဘွန်ဒက်စ်လီဂါမှာ ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

ဒီရာသီချန်ပီယံလိဂ်ကိုတော့ ဒုတိယအကြိမ်ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ လိုက်ပ်ဇစ်ဟာအုပ်စုမှာ ဘင်ဖီကာ၊ ဇင်းနစ်၊ လိုင်ယွန်တို့ကိုဖြတ်ကျော်နိုင်ခဲ့ပြီး ၁၆ သင်းအဆင့်မှာကြတော့ စပါးကို ၄-၀ နဲ့ အနိုင်ရခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာတော့ PSG အသင်းနဲ့တွေ့ဆုံမှာပါ။ လိုက်ပ်ဇစ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းတွေကိုပိုင်ဆိုင်ထားပါတယ်။ ချယ်လ်ဆီးကို ပြောင်းရွှေ့သွားတဲ့အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနား မပါဝင်တာတောင် ခုလိုစွမ်းဆောင်ပြနိုင်တာဖြစ်ပါ တယ်။ နည်းပြက အသက်အငယ်ဆုံးနည်းပြ၊ နာမည်ကျော်တိုက်စစ်မှူးတစ်ဦးမှမပါတဲ့အသင်း၊ ခံစစ်ကို အားထားကစားတဲ့အသင်း ခုတော့ ဆီမီးဖိုင်နယ်ကိုရောက်နေပါပြီ။ ဒီဆီမီးမှာ PSG ကို ကျော်ဖြတ်နိုင်မလား ဆိုတာတော့ စောင့်ကြည့်ရတော့မှာပါ။
                                                                                              (SO)






အခြားဆက်စပ်သတင်းများ