COVID-19 ရောဂါပိုးတွေ့ရှိနေသည့်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အမြို့မြို့အနယ်နယ်သို့ သား၊ငါးများ လက်ကားဖြန့်ချိနေသော ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးကြီး၌ ငါး၊ပုစွန်ကုန်ချိန် ပုံမှန် ဝင်ရောက်မှုရှိပြီး ဈေးနှုန်းမြင်တက်မှုမရှိဘဲ ပုံမှန်ဈေးနှုန်းအတိုင်း ရောင်း/ဝယ် ဖောက်ကားလျက်ရှိကြောင်း ဗဟိုစံပြငါးဈေးကြီး ဈေးသာယာရေးကော်မတီရုံးမှ သိရသည်။ "လက်ရှိမှာတော့ ကျွန်တော်တို့ ဗဟိုစံပြငါးဈေးကြီးမှာ သား၊ငါးကုန်စည်အဝင်၊အထွက်တွေက ပုံမှန် အနေအထားမှာရှိသလို သားငါးဈေးနှုန်းတွေကလည်း အရင်လိုပါပဲ။ ဒီရောဂါကြောင့် ဈေးတွေတက် သွားတာမျိုး၊ ဈေးကွက်လှုပ်ခတ်လာတာမျိုးတွေမရှိပါဘူး။ ပုံမှန်အနေအထားမှာပဲရှိပါတယ်။ ဒီလိုအရောင်း အဝယ်ပုံမှန်အနေအထားမှာရှိနေသလို တစ်ဖက်ကလည်း COVID - 19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေလည်း အဓိကဆောင်ရွက်နေပါတယ်။ ဒါကို ငါးဒိုင်တွေ၊ အဝယ်တွေအနေနဲ့ စည်းကမ်းတကျ လိုက်နာဖို့၊ မလိုက်နာရင် အရေးယူတဲ့အထိဆောင်ရွက်ဖို့ကိုလည်း ကြပ်မတ်ဆောင်ရွက်နေတာဖြစ်လို့ ပုံမှန်အနေအထားတော့ ရှိနေ ပါတယ်။ ငါး၊ပုစွန်တွေကိုလည်း ဒီကနေပဲ ရန်ကုန်တိုင်းဒေသကြီးအပါအဝင်ပေါ့။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးက မြို့နယ်တွေအားလုံးကို ဖြန့်ဖြူးပေးနေတာပါ"ဟု ဗဟိုစံပြငါးဈေးကြီး ဈေးသာယာရေးကော်မတီ ဥက္ကဌ ဦးမြမောင်က ပြောသည်။ လက်ရှိတွင် ကြည့်မြင့်တိုင်ဗဟိုစံပြငါးဈေးကြီးသို့ ငါး၊ပုစွန်များသည် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး စသော ဒေသအသီးသီးအပြင် ထိုင်းနယ်စပ် မြဝတီ၊ မဲဆောက် စသောဒေသများမှလည်း ဝင်ရောက်နေကြောင်း သိရသည်။ သဘာဝနှင့် မွေးမြူရေးငါးများဖြစ်သော ငါးမြစ်ချင်း၊ ငါးကြင်းများ အဓိကဝင်ရောက်နေပြီး ပင်လယ်ငါး အမျိုးမျိုးနှင့် သဘာဝပုစွန်နှင့် မွေးမြူရေးပုစွန်အမျိုးမျိုးလည်း ဝင်ရောက်လျက်ရှိသည်။ နေ့စဉ် ငါး၊ ပုစွန် ဝင်ရောက်မှု ကုန်ချိန်သည် ရေချို၊ရေငန်မျိုးနှင့် သဘာဝအပြင် မွေးမြူရေး အစရှိသည်တို့မှ နေ့စဉ် ကုန်ချိန် နှစ်သိန်းကျော်မှ သုံးသိန်းအထိရှိကြောင်း ကြည့်မြင်တိုင်ဗဟိုစံပြငါးဈေးကြီး ဈေးသာယာရေးအဖွဲ့မှ သိရသည် (မင်းခ)