နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနံ့ခံကောင်းသည့် ခွေးတစ်ကောင်ကြောင့် ဖရန့်ဖတ်လေဆိပ်ရှိ ခရီးသည်များထံမှ တရားဝင်မဖော်ပြဘဲ သယ်လာသည့် ယူရိုငွေ ၂၀၀၀၀၀ ကျော် သိမ်းဆည်းရမိ

ဘာလင်၊ ဩဂုတ် ၁၄


အနံ့ခံကောင်းသည့်ခွေးတစ်ကောင်၏ အကူအညီကြောင့် ဖရန့်ဖတ်လေဆိပ်တွင် ခရီးသည်များ တရားဝင်မဖော်ပြဘဲ သယ်ဆောင်လာသည့် ယူရိုငွေ ၂၄၇၂၈၀ ကို ဂျာမနီနိုင်ငံ အာဏာပိုင်များက သိမ်းဆည်း နိုင်ခဲ့သည်။ အက်ကီဟု အမည်ပေးထားသည့် ဂျာမန်သိုးထိန်းခွေးမှာ ပြီးခဲ့သည့်ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လ အစောပိုင်းကာလအတွင်း လူ ၁၂ ဦး လျှို့ဝှက်သယ်ဆောင်လာသည့် ငွေများကို ရှာဖွေတွေ့ရှိခဲ့သည်။ တစ်ကြိမ်တွင် အမျိုးသားတစ်ဦး၏ အိပ်ကပ်အတွင်း ဝှက်ထားသည့် ယူရို ၅၂၀၀၀ နီးပါးကို တွေ့ရှိခဲ့သည်။ 


အဆိုပါခရီးသည်အားလုံးမှာ ဥရောပသမဂ္ဂအပြင်ဘက်ရှိ နိုင်ငံများသို့ ခရီးသွားမည့်သူများဖြစ်ပြီး အဆိုပါခရီးစဉ် များတွင် ငွေသယ်ဆောင်မှုအပေါ် တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်ထားကြောင်း အရာရှိများက ပြောသည်။ 


ဥရောပသမဂ္ဂ၏ စည်းမျဉ်းများအရ ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်သည့် တတိယနိုင်ငံများသို့ ကူးသန်း သွားလာမည့်သူများအနေဖြင့် ယူရိုငွေသား ၁၀၀၀၀ ထက် ပိုမိုသယ်ဆောင်လာပါက တရားဝင်ဖော်ပြရန် လိုအပ်သည်။ ၉ နှစ်သားခွေးလေး အက်ကီမှာ ပြီးခဲ့သည့်နှစ်ကလည်း တရုတ်နိုင်ငံသို့ သွားရောက်မည့် အမျိုးသားတစ်ဦးထံမှ ယူရို ၁၀၀၀၀ ကျော် သိမ်းဆည်းရမိအောင် ကူညီနိုင်ခဲ့သည်။ '' ပိုက်ဆံက အနံ့ခံဖို့ မလွယ်ပေမဲ့ အက်ကီအတွက်တော့ ပြဿနာမရှိဘူးဆိုတဲ့ ဆိုရိုးစကားတောင် ရှိပါတယ်''ဟု ဖရန့်ဖတ်လေဆိပ်မှ အကောက်ခွန်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အစ္စဘယ်ဂီမန်းက ပြောသည်။                                                


KNT






အခြားဆက်စပ်သတင်းများ