နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
*** ဟုမ်းစတေးချိန်ခါ စာဖတ်ခြင်းအနုပညာ ***

အားလုံးသိကြတဲ့အတိုင်း COVID-19 ရောဂါရှောင်တဲ့အနေနဲ့ မတ်လဆန်းလောက်ကစပြီး အိမ်ထဲအနေများလာကြပါ တယ်။ ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်မှာတော့ COVID-19 ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်တဲ့အနေနဲ့ မြန်မာတစ်ပြည်လုံး ၁၀.၄.၂၀၂၀ မှ ၁၉.၄.၂၀၂၀ ရက်နေ့အထိ Home Stay ပြုလုပ်ရမည်ဖြစ်ရာ သင်္ကြန်ရေကစားခြင်းကို တစ်နှစ်နားရပါတယ်။ ဒီတော့ မြန်မာပြည်သူ၊ ပြည်သားများ အိမ်တွင်းအောင်းပြီး မိမိစိတ်အားထက်သန်ရာ နည်းအမျိုးမျိုးဖြင့် ၂၄ နာရီလက်တံကို ပျင်းရိငြီးငွေ့စွာ ကျော်ဖြတ်ကြရပါတယ်။ စာရေးစာဖတ်ဝါသနာထုံတဲ့ ကျွန်မတို့လို စာရေးဆရာများအတွက်ကတော့ ဟုမ်းစတေး နေရတာ အထူးအဆန်း မဟုတ်သလိုပါပဲ။ ကျွန်မက ဝါသနာတူ ပရဟိတစာရေးဆရာများ၊ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက တာဝန်ရှိသူတွေနဲ့အတူ ရန်ကုန်မြို့ပေါ်ရှိ ဖိတ်ကြားခံရသော မြို့နယ်ခြောက်ခုက အခြေခံပညာ အဆင့်ကျောင်းများနှင့် ကော့မှူးမြိုနယ်ရှိ အခြေခံပညာအဆင့် ကျောင်းတွေမှာ ကလေးတွေအတွက် ပြည်သူ့စကားဝိုင်းလေးတွေ လုပ်ပေးနေသလို၊ မြို့နယ်တချို့နှင့်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနတွေမှာလည်း ယင်းဝန်ထမ်းများအတွက် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ စာဖတ် ဝိုင်းလေးတွေ လုပ်ပေးပါတယ်။ ခုချိန်ခါ နွေရာသီကျောင်းတွေပိတ်သည်ကတစ်ကြောင်း၊ COVID-19 ကာလ လူစုလူဝေး လျှော့ချချိန်ဖြစ်သည်က တစ်ကြောင်း ပြည်သူ့စကားဝိုင်းနဲ့ စာဖတ်ဝိုင်းတွေ မလုပ်ရတာကြောင့် အိမ်တွင်းအောင်းပြီး စာရေးစာဖတ်ချိန် ပိုများလာပါတယ်။ ကျွန်မက ကျန်းမာသုတဆောင်းပါးတွေကိုချည်း တစိုက်မတ်မတ်ရေးနေတာကြောင့် ရသစာပေ အတွက် အတန်အသင့်မျှသာ အချိန်ပေးနိုင်ခဲ့ပါတယ်။ ဒီနွေရာသီကျောင်းပိတ်ရက်မှာတော့ ခုတင် ခေါင်းရင်းစာအုပ်စင်ပေါ်က မဖတ်ရသေးတဲ့ ရသစာ အုပ်တွေကို အချိန်များများပေးမယ်လို့ အားခဲထားပါတယ်။ စုဆောင်းထားတဲ့ စာအုပ်များစွာထဲက ဆရာမကြီး ရွှေကူမေနှင်း ၏ “မဂ္ဂဇင်း ၀တ္ထုရှည်များ” လို့ အမည်ရတဲ့ စာအုပ်ထူကြီးကို ဖတ်ရှုဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ရေးသားထားတဲ့ ၀တ္ထု ရှည် (၃၂) ပုဒ်ပါ စာမျက်နှာ ၅၆၇(ဆိုက်ပြား) စာအုပ်ကြီးက တန်ဖိုး ၇၀၀၀ ကျပ်ဆိုသော်လည်း ဆရာမကြီးဆီ တိုက်ရိုက် ၀ယ်တာကြောင့် ၆၀၀၀ ကျပ်နဲ့ လျှော့ရောင်းပေးပါတယ်။ စာတိုက်က ချောပို့ခကိုလည်း အိမ်အရောက် အခမဲ့ပို့ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရပါတယ်။ စာအုပ်ဖွင့်လိုက်တယ်ဆိုရင်ပဲ ဆရာမြသန်းတင့်၏ အမှာစာအရှည်ကြီးက ကျွန်မတို့လို နောက်လူတွေအတွက် မှတ်သားဖွယ်ရာလေးပါ။ ဆရာမကြီး ရွှေကူမေနှင်းက အတွေးရော အရေးပါ ရင့်ကျက်သူမို့ ဒီစာအုပ် အိမ်ရောက်လာကတည်းက ကျွန်မမှာ နေ့ရော၊ ညပါ စိမ်ပြေနပြေ ဖတ်ရှုနေပြီး ညအိပ်ရာဝင် ခုတင်ပေါ်က ခေါင်းအုံးနံဘေးမှာ သူက နေရာယူထားပါတယ်။ “၀က်ပေါင်ခြောက်နှင့် သရက်သီးသနပ်” ၀တ္ထုမှာ လခစားဝန်ထမ်း အိမ်ထောင်ရှင်မလေးတစ်ဦး၏ လကုန်ဖို့ ၅ ရက်အလို စားဝတ်နေရေးဖြေရှင်းရပုံကို “ဆီပုလင်းက အဖြူရောင်ပြကာ ငံပြာရည် ပုလင်းကလည်း ပေါ့ပေါ့ပါးပါး ဖြစ်နေတတ်ကြပြီး ဆန်အိုးထဲသို့ ဆန်ခပ်သောအခါလည်း နို့ဆီခွက် နှင့် ဆန်အိုးအောက်ခံ စဉ့်အိုးအသားတို့ ပွတ်တိုက်မိသည့် ဂျရစ် ဂျရစ် အသံသည် မိုးခြိမ်းသံအလား မြည်လေ့ရှိသည်” ဟု ပီပီပြင်ပြင်ရေးသားထားပုံကို ဖတ်ရ၍ မခင်သွယ် အပေါ် ကျွန်မ လွန်စွာ သနားနေ မိပါတော့တယ်။ ကျွန်မလူ့ပြည်မရောက်ခင် အစောပိုင်း ၁၉၇၀ ပြည့်နှစ်ကာလများ ဆီ၊ ဆန်၊ မုန့်ဟင်းခါး စျေးနှုန်းသာမက၊ သတင်းစာ၊ စက္ကူ၊ ဗလာစာအုပ် အဟောင်းတို့၏ ပိဿာစျေးအကြောင်းကို ဒီ၀တ္ထုထဲကနေ လေ့လာခွင့်ရပါတယ်။ “ပန်းနှင့် သခင်” ၀တ္ထုမှာ တောဓလေ့ ဇာတ်ကောင်စရိုက် တစ်ဦးချင်းစီကိုရေးပြတာ မျက်လုံးထဲ ပေါ်နေတော့တာပါ။ ရုပ်ရှင်ကြည့်ရသလို ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေတာကြောင့် ဆရာမကြီးရဲ့ အရေးအသားကောင်းလွန်းပုံကို လေးစားနေ မိပါတယ်။ ရှေးခေတ်ရွာဓလေ့ ရည်းစားစကားပြောနည်း “တာတူး၊ နင်တို့အိမ်မှာ ငါလာနေချင်တယ်လို့ နင့်အစ်မကိုပြောပေး” ဆိုတာလေးက စာဖတ်နေရင်း ကျွန်မပြုံးမိသလို၊ အစ်မကြီး မင်္ဂလာဆောင် ပန်းခူး၊ ရေခပ်၊ မဏ္ဍပ်ဆောက်၊ မြို့ကလာတဲ့ တီးဝိုင်း အဖွဲ့ကို သင်္ဘောဆိပ်မှာ နွားလှည်းနဲ့ သွားကြိုရပုံ၊ “သပြေပန်း ခူးခဲ့ဆိုလို့ဟာ အစ်မ လင်နေတာ သိပ်အလုပ်ရှုပ်တာပဲ ” ဆိုတဲ့ ပြောပုံလေးက မသိမသာ ဟာသရသမြောက်တဲ့ ရေးဖွဲ့နည်းလေးဖြစ်ပါတယ်။ “လောဘမှောင်” ၀တ္ထုမှာ အိမ်ထောင်သည် သမီးတစ်ယောက်အမေ ဟုမ်းကျူရှင် ဆရာမတစ်ဦး၏ ဘဝအမောကို ဖတ်ရ၍ ကျွန်မမှာ ရင်မော၊ စိတ်မော အားကြီးမောနေမိပါတယ်။ ငွေလိုချင်ရင် ငွေနဲ့မျှော ဆိုစကားအတိုင်း ဆရာမလေး မြသဇင် ခမျာ အလိမ်ညာခံလိုက်ရပြီလားလို့ တွေးပူမိကာ ဇာတ်သိမ်းပိုင်းကို ကျွန်မ ကျော်ကြည့်မိပါတယ်။ ဆရာမကြီး အရေးအသားထဲမှာ စုံထောက်ဆန်ဆန် ဇာတ်ကွက်လေးကလည်း စာရေးသူရဲ့အတွေးထက်ထက်ကို လှမ်းမြင်ရပါတယ်။ “မတူသော ခြေလှမ်းများ” ၀တ္ထုမှာ ကျန်းမာလှပလိုတဲ့ အပျိုကြီးမရွှေသက် တစ်ကိုယ်လုံးမှာ နဂိုပစ္စည်း မကျန်လောက် အောင် ဖြတ်တောက် လှီးဖြတ်ထားပုံအကြောင်းပါ။ ခွဲခန်းထဲက ဆရာဝန်များ၏ စရိုက်လက္ခဏာများ၊ ထုံဆေးဖြင့် ခွဲစိတ်ခံရသူ၏ အတွေးများကို ရေးသားပြထားပုံက မိမိကိုယ်တိုင် ခွဲခန်းထဲရောက်နေရသလိုမျိုးပါ။ လှပချင်လို့ မျက်ရစ်ဖော် ခွဲစိတ်ခံသော ခေတ် ဆန်ဆန် ကောင်မလေးနှင့် မဖြစ်သာလို့ မျက်စိတစ်လုံးထုတ်လိုက်ရသော ကျေးတောသား သူဆင်းရဲအဖိုးအိုကြီးတို့ အကြောင်းကို ဇာတ်သိမ်းခန်းမှာ နှိုင်းယှဉ်ပြထားပုံက သံဝေဂ အတိဖြစ်ရပါတယ်။ “ခရစ္စမတ်ရဲ့ ညတစ်ည” ၀တ္ထုမှာ ၁၉၅၉ ခုနှစ် အတိတ်ကြောင်းကို အရိပ်ပမာပြန်တွေးနေသော သူမ။ ချစ်ကံဆိုးသော သူငယ်ချင်း မိပေါက်။ အမေရိကန်ပြည်သူများ နှင့် နိုင်ငံကိုချစ်သော မြန်မာပြည်ရောက် အင်္ဂလိပ်စာနည်းပြ ဆရာ ဒေးဒီ နှင့် အမေရိကန်ကိုချစ်သော မြန်မာပြည်သား ကိုကိုကြီး(မိပေါက်၏ ချစ်သူ) တို့အကြောင်းကို နှိုင်းပြထားသည်မှာ လွမ်းစရာ။ “ကြားခံပစ္စည်း” ၀တ္ထုက ဒီလိုပါ။ နေရောင်အောက်မှာ အားမကိုးရလောက်ဟု အကြောင်းပြကာ မိဘပေးစာသူကို လက်ထပ်သွားသောချစ်သူကြောင့် အသဲကွဲအရက်သောက် ကိုယ်ပိုင်အဝေးပြေး ကားမောင်းသူ ဖြိုးဝေ။ ပြည်-ရန်ကုန် အဝေးပြေး ကားလမ်းပေါ်က အဒေါ့်ထမင်းဆိုင်မှာ စျေးအရောင်းသမလေး နွေမာ။ ဖြိုးဝေ အသဲကွဲရောဂါအတွက် နွေမာ့အပြုံးကို ဆေးတစ်ပါးနှယ် မှီဝဲရင်းငြားကြလေပြီ။ သမီးလေး တစ်နှစ်နဲ့နှစ်လရှိသော်လည်း မိမိမှာဖခင်ရင်းမဟုတ်ဟု သံသယဖြစ်နေသောဖြိုးဝေ။ ထိုလင်မယားကြား၊ ထမင်းဆိုင်က နွေမာ၏ ငယ်သူငယ်ချင်းမလေးက ကြားခံပစ္စည်းအဖြစ် ကူညီပံ့ပိုးပုံလေးက ပီတိဖြစ်စရာပါ။ “ဘဝမော” ၀တ္ထုက သားသမီးလေးဦး၏မိခင် အိမ်ထောင်ရေးကံဆိုးသော အရာရှိကတော် ဒေါ်ဆင့်ဆင့်ရဲ့ ဘဝမော တကယ်မောပါတယ်။ စိန်ပန်းလိုသတ္တိမျိုးမွေးစမ်းပါ သူငယ်ချင်းရယ်.. စိန်ပန်းပင်ကိုမော့ကြည့်စမ်း.. ပူပေ့ဆိုတဲ့ နွေခေါင်ခေါင်မှာ ကောင်းကင်ကိုမော့ကြည့်ရင်း ရင်ကော့ပြနေတယ်.. ပူလို့ဆိုပြီး သူ့အရွက်တွေ တစ်ရွက်မှခြွေမပစ်ဘူး၊ နေရောင်အနှံ့ အရွက်တွေက ရင်ကော့ခါးစည်းပြီးကြံ့ကြံ့ခံတယ်.. ရဲရဲတောက်နီ တဲ့အပွင့်တွေက ပူတဲ့ဒဏ်ကို ဟားတိုက်ပြီးလှုပ်ရှားနေကြတယ်။ “မျှော်လေလေ ဗျာဝေလှိုင်းရန်ကော့” ၀တ္ထုမှာ ချစ်တတ်လွန်းတဲ့အနွယ်။ အသည်းနှစ်ကြိမ် ကွဲခဲ့ဖူးပြီးနောက် သူငယ်ချင်းသံယောဇဉ်မျှဖြင့်သာ အနွယ့်ကို လက်ထပ်ခဲ့သော မောင်မောင်။ ရည်မှန်းချက်မရှိ။ လင့်ဝတ္တရား ဖခင်ဝတ္တရား မသိ၊ ပြန်မပြော နားမထောင် ယစ်ထုပ်ကြီး မောင်ရဲ့ ဆိုးပေဒဏ်ကို ကျောင်းဆရာမလေးအနွယ် အနစ်နာခံလိုက်ပုံများ။ မိန်းမတစ်ယောက်ရဲ့မေတ္တာကို လွယ်လွယ်ရလို့ တန်ဖိုးမထားခဲ့လေသလား။ စာဖတ်ပရိသတ် ကျွန်မမှာ မျက်ရည်ဖြိုင်ဖြိုင်ကျနေမိပါတော့ တယ်။ “ညဉ့်ဦးယံလွမ်းခဲ့ပေါ့ကွယ်” ၀တ္ထုက ရန်ကုန်မှာ အသိအကျွမ်းမရှိပါဘဲ ဆရာအတတ်သင် လာတက်ရသော ၁၆ နှစ် ပြည့်ကာစ မြိုင်သာယာ နယ်သူလေး မိငယ်။ ငယ့်အစ်ကိုကြီးရဲ့ သူငယ်ချင်းတစ်ဝမ်းကွဲဖြစ်သူ အသက်အစိတ်ခန့် ပြည်မြို့သား လျှပ်စစ်အင်ဂျင်နီယာကျောင်းသားကြီး ကိုစောအောင်။ ဘဝတစ်ကွေ့မှာ ဆုံကြရပြီး စိတ်ဝင်စားမိပါသော်လည်း လွဲတဲ့ဖူးစာ ကြောင့် ဘဝတစ်ပါးပြောင်းသွားသူ ကိုစောအောင်အတွက် ကျောင်းအုပ်ဆရာမကြီး၊ အပျိုကြီး မိငယ်ရဲ့ ညဉ့်ဦးယံအလွမ်း ညတိုင်း လွမ်းနေရင်းဖြင့်သာ။ “တွေးမိတိုင်း လွမ်းပြန်သလို ” ၀တ္ထုမှာ ဂျပန်ခေတ်က သရက်ကုန်း ဆိုသော ရွာကလေးတစ်ရွာတွင် စစ်ဘေးရှောင် မိသားစုလေးဘဝ နိစ္စဓူဝ ဖြတ်သန်းရပုံပါ။ စစ်ဘေးဒဏ်ကြားမှပင် မိသားစုစားဝတ်နေ ရေးအတွက် ခင်ပွန်းသည် နှင့် သားကြီး၊ သမီးကြီးတို့က မြို့ပေါ်တက် အရောင်းအဝယ်လုပ်နေရချိန်၊ လူမမယ် ကလေးငယ် သုံးဦးနှင့် မိခင်က ရွာမှာကျန်ခဲ့စဉ် နို့ညှာ သမီးလေး စံမေ ဌက်ဖျားတက်၍ သမီးဇောဖြင့် ဂျပန်စစ်သားထံ မကြောက်မရွံ့ ဆေးတောင်းခဲ့ဖူးပါတယ်။ ထိုဆေးကြောင့် အဖျား ပျောက်ပြီး ကာလအရွေ့ အိမ်ထောင်ရှင်မလေး ဒေါ်စံမေတစ်ယောက် နိုင်ငံတော်ပွဲတစ်ခုအတွက် တေးဂီတဝိုင်းတစ်ခုမှာ သီချင်း ဖျော်ဖြေစဉ် ယင်းနှင့်သက်တူရွယ်တူ ဂျပန်အမျိုးသမီးလေးကို ဆုံတွေ့မိတ်ဖွဲ့ကြပြီးနောက်၊ ထိုဂျပန်မလေး၏ ဖခင် ဂျပန်ကြီးက စံမေလေးအတွက် ငှက်ဖျားပျောက်ဆေးပေးခဲ့ဖူးတာကို သိရလေသောအခါ....။ “အရွယ်မတိုင်မီ” ၀တ္ထုမှာ လူပျိုပေါက်ရွယ် တစ်ဦးတည်းသော ရင်နှစ်သည်းချာ ဖတဆိုးသားလေးအပေါ် အဖေလို တစ်မျိုး၊ အမေလိုတစ်မျိုး အချစ်ပိုရတဲ့ ရုံးစာရေးမလေး မရွှေမေ။ ကုန်စျေးနှုန်းဆိုတဲ့ လှိုင်းဒဏ်ပြင်းပြင်းကို အလူးအလဲခံရင်း တစ်နေ့ သားလေးက ကျောင်းပြေးတဲ့အတွက် ဝါးခြမ်းပြားဖြင့် အချက်ပေါင်းများစွာ ရိုက်လိုက်မိသောအခါ၊ အိမ်ပြေး သားလေးအတွက် လူးလှိမ့်ငိုယို ရတက်မအေးရရှာပေ။ နောက်ဆုံးမှာတော့ မိခင်နှင့်သား ပြေလည်သွားကြပုံလေးကို မိုက်နောင်တဟူသော ခေါင်းစဉ်ဖြင့် ၀တ္ထုလို၊ ဆောင်းပါးလို စာများရေးနေသည့် သားကို အမေဖြစ်သူက ကျေနပ်နေပုံလေးဖြင့် ဇာတ်သိမ်းထားပါတယ်။ အချုပ်အားဖြင့်ဆိုသော် ၀တ္တုတော်တော်များများက ဆရာမကြီး ရွှေကူမေနှင်း၏ ဖြစ်ရပ်မှန် ဘဝတစ်စိပ်တစ်ဒေသကို ထင်ဟပ်နေပါတယ်။ ၀တ္ထုတွေဖတ်ရင်း ဆရာမကြီး၏မျက်နှာကို ကျွန်မ အရိပ်ပမာ အမြဲမြင်ယောင်လို့နေပါတော့တယ်။ သူမကို ချစ်ခင်စိတ်ကြောင့် သူမ၏ ဘဝအမောကို ကျွန်မကိုင်တိုင်ခံစားနေရသလိုမို့ တချို့၀တ္ထုများကို ဆက်ဖတ်နိုင်စွမ်းမရှိတာကြောင့် ကျွန်မ နားနားပြီးမှ ဖတ်ရပါတယ်။ ၀တ္ထုရှည် ၃၂ ဖြစ်သော်လည်း သတင်းစာ စာမျက်နှာအနေအထားကြောင့် ကျွန်မအနေဖြင့် အနည်းအကျဉ်းမျှသာ ဖော်ပြပေးနိုင်ပါတယ်။ ရသစာပေချစ်ကို ချစ်မြတ်နိုးသူတိုင်း ဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်လို့ ညွှန်းဆိုပါရစေလားရှင်။ ဒီစာအုပ်ကို Wun-Zinn Myanmar E Book Store က ၀ယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။ (ပေါက်ပေါက်)






အခြားဆက်စပ်သတင်းများ